Connect with us

Hi, what are you looking for?

သတင်း

ရခိုင်မှာ အေးဂျင့် ဘဏ်အကောင့်တွေ အပိတ်ခံရပြီးနောက် ငွေထုတ်ခ စျေးတက်

ငွေအလွှဲ၊ အထုတ်တွေအတွက် အားကိုးစရာ ဘဏ်မရှိတော့တဲ့ ရခိုင်ပြည်နယ်မှာ ပုဂ္ဂလိက ငွေလွှဲ၊ ငွေထုတ်လုပ်နေသူတွေရဲ့ ဘဏ်အကောင့်တွေ ပိတ်သိမ်းခံရပြီးနောက် ငွေလွှဲ၊ငွေထုတ်ခ နှုန်းထားဈေးတက်လာတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဇွန် ၁၈၊ ၂၀၂၆ ။ ခိုင်မြတ်/People’s Spring

ငွေအလွှဲ၊ အထုတ်တွေအတွက် အားကိုးစရာ ဘဏ်မရှိတော့တဲ့ ရခိုင်ပြည်နယ်မှာ ပုဂ္ဂလိက ငွေလွှဲ၊ ငွေထုတ်လုပ်နေသူတွေရဲ့ ဘဏ်အကောင့်တွေ ပိတ်သိမ်းခံရပြီးနောက် ငွေလွှဲ၊ငွေထုတ်ခ နှုန်းထားဈေးတက်လာတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ရခိုင်ပြည်နယ်အတွင်း ငွေသားထုတ်ခတွေ ကျပ် ၁သိန်းကို ကျပ် ၅၀၀၀ ကနေ ကျပ် ၆၀၀၀ ကျော်ထိ စျေးတက်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

အာဏာသိမ်းစစ်တပ်လက်အောက်ခံ ဘဏ်တွေဟာ ရခိုင်အပါအဝင် နိုင်ငံအဝှမ်းမှ ငွေအသွင်းအထုတ်များတဲ့ ငွေလွှဲ ၊ ငွေထုတ်အေးဂျင့်တွေရဲ့ ဘဏ်အကောင့်တွေကို ပိတ်လိုက်တာဖြစ်ပြီး ရခိုင်ပြည်နယ်အတွင်းက ငွေလွှဲ၊ ငွေထုတ် အေးဂျင့်အများအပြားရဲ့ အကောင့်တွေ ပါသွားခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

“ရခိုင်က အကောင့်တွေ တော်တော်များများ ပိတ်သွားတယ်။ KBZ အကောင့်တွေ အပိတ်ခံရတာပါ။ ကျွန်မမှာ သိန်းငါးရာကျော် ပါသွားတယ်။ တချို့ သုံးထောင်ပါသူပါ၊ လေးထောင်ပါသူပါ ပါသွားကြတယ်။ မြို့နယ်တိုင်းက အကောင့်တွေပါတယ်။ အကောင့်တွေက လုံး၀ ပိတ်လိုက်တဲ့သဘော၊ ပါသွားတဲ့ငွေတွေ ဆုံးသွားပြီ။ နစ်နာကြတယ်” လို့ ကျောက်တော်မြို့နယ်မှ ငွေလွှဲငွေထုတ်သူအမျိုးသမီးတစ်ဦးက ပြောပါတယ်။

အဲဒီလို ဘဏ်အကောင့်တွေ အပိတ်ခံရတဲ့အထဲ ရခိုင်နဲ့ ချင်းပြည်နယ်တို့မှ ဘဏ်အကောင့်တွေပိုများတယ်လို့ ဆို ကြပါတယ်။

KBZ Pay နဲ့ KBZ Mobile Banking အကောင့်တွေဟာ ပြီးခဲ့တဲ့ ဇွန်လ ၁၁ ရက်မှာ KBZ ဘဏ်က နည်းပညာစနစ်မြှင့်တင်မှုပြုလုပ်နေတယ်လို့ ထုတ်ပြန်အပြီးမှာ အကောင့်ပြန်ဝင်မရ၊ ပိတ်သွားခဲ့တာဖြစ်ပါတယ်။

အဲဒီလို ငွေလွှဲ၊ ငွေထုတ်သမားတွေရဲ့ အကောင့်တွေပိတ်ခံရပြီး၊ ငွေတွေဆုံးရှုံးရပြီးနောက် ရခိုင်မှာ အရင်က ကျပ် ၁သိန်း ထုတ်ခ ကျပ် ၃၀၀၀ ဝန်းကျင်သာ ပေးခဲ့ရရာကနေ အခုအခါ ကျပ် ၅၀၀၀၊ ၅၅၀၀၊ ၆၀၀၀ ဝန်းကျင်ထိ စျေးထိုး တက်သွားခဲ့တယ်လို့ ပြောပါတယ်။

မြို့ပေါ်တွေမှာ ကျပ် ၁သိန်းကို ကျပ် ၅၀၀၀ ဝန်းကျင်နဲ့ ထုတ်လို့ရပေမယ့် နယ်ကျေးရွာတွေမှာတော့ ၁ သိန်းကို ကျပ် ၆၀၀၀ ဝန်းကျင်ထိ ပေးထုတ်နေကြရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

“အရင်ကတော့ ငွေသားရှားမှပဲ ငွေထုတ်ခတွေ စျေးတက်တယ်။ အခု ငွေထုတ်သမားတွေမှာ အကောင့်တွေ ပါသွား လို့ စျေးတက်တာ။ တကယ်ဆိုရင် မတက်သင့်ဘူး။ ပုံမှန်စျေးနဲ့ပဲ ထုတ်ပေးရမယ်။ ငွေနည်းနည်းထုတ်တဲ့သူတွေမှာ ဆိုရင် ထုတ်ခနဲ့တင် မလွယ်ဘူး” လို့ မြေပုံမြို့နယ်မှ စျေးသည်တဦးက ပြောပါတယ်။

ငွေထုတ်ခတွေ စျေးတက်သွားတာကြောင့် နိုင်ငံခြားနဲ့ ပြည်မရောက်သားသမီးတွေရဲ့ လစာမှီခိုစားသောက်နေ ကြရတဲ့သူတွေမှာ ပိုအခက်အခဲဖြစ်သွားခဲ့ရပါတယ်။

“ရန်ကုန်မှာ အလုပ်လုပ်နေတဲ့သမီးဆီက ပို့တဲ့ငွေနည်းနည်းနဲ့ မိသားစုစားနေကြတာ။ အခု ငွေနှစ်သိန်းထုတ်ရင် ထုတ်ခ တသောင်းကျော်ကုန်တော့မယ်။ စစ်ရှောင်နေရတော့ ငွေတသောင်းကျော်ကလည်း တန်ဖိုးရှိတယ်လေ။ ဒီမှာ အလုပ်လည်း မရှိဘူး။ သမီးဆီက ငွေလေးနဲ့ မိသားစု သုံး၊ လေးယောက် စားနေကြရတာ” လို့ ပေါက်တောမြို့ နယ်မှ စစ်ဘေးရှောင်အမျိုးသမီးတစ်ဦးက ပြောပါတယ်။

ရခိုင်ပြည်နယ်အတွင်းက မြို့နယ်တွေကို အာရက္ခတပ်တော်(AA)က သိမ်းပိုက်ပြိးနောက်ပိုင်း ဘဏ်တွေ ပိတ်သွားတာကြောင့် ဒေသခံတွေဟာ ငွေလွှဲ၊ ငွေထုတ်အတွက် KBZ Pay အပါအဝင် Mobile Banking တွေအသုံးပြု ငွေသား ထုတ်ပေးတဲ့ ငွေလွှဲ၊ ငွေထုတ်အေးဂျင့်တွေကိုသာ အားကိုးနေခဲ့ကြရတာဖြစ်ပါတယ်။

အဲဒီငွေလွှဲ၊ ငွေထုတ်အေးဂျင့်တွေဟာ ငွေသားတွေကို ပြည်မကနေ မှောင်ခိုလမ်းကြောင်းတွေကနေတဆင့် စရိတ်ကုန်ကျခံ၊ ခက်ခက်ခဲခဲသယ်ယူရပြီး ရခိုင်ပြည်တွင်း အမြတ်နဲ့ တဆင့်ပြန်လည်ရောင်းချ၊ ငွေသားထုတ်ပေးနေကြ တာဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ကချင်နဲ့ရခိုင်ပြည်နယ်ကို ကြည်းရေလေစစ်ဆင်ရေးနဲ့ ထိုးစစ်ဆင်​ပေမယ့် ဧရာဝတီမြစ်​ကြောင်းတိုက်ပွဲမှာစစ်ရှုံးခဲ့ပြီး​နောက်အာဏာသိမ်းခေါင်းဆောင်မင်းအောင်လှိုင်က ကြည်း၊ ရေ၊ လေ ညှိနှိုင်းကွပ်ကဲရေးမှူးဗိုလ်ချုပ်ကြီးကိုကိုဦး ကိုပြည်ထဲရေးဝန်ကြီးအဖြစ် အရပ်ဖက်ရာထူးပူးတွဲခန့်အပ်လိုက်ပါတယ်။

အတွေးအမြင်

ဇာတ်လမ်းရဲ့ အစမှာ ကိန်းဂဏန်းတွေ မြင်နေရပါတယ်။စစ်အုပ်စုကအခြေခံလူတန်းစားကို ဆင်းရဲတွင်းထဲ တွန်းပို့ထားတဲ့ နှစ်လုံးထီလောင်းကစားအတွက် ဒီဂဏန်းတွေကို အသုံးမချဖို့မေတ္တာရပ်ခံပါတယ်။ ခေတ်သစ်ကမ္ဘာမှာ သူရဲဘောအကြောင်ဆုံး စစ်ဆင်ရေးတစ်ခု မြန်မာနိုင်ငံမှာ ရှိနေတဲ့အကြောင်း သိစေလိုခြင်းဖြစ်ပါတယ်။

ရသစာတမ်းငယ်

ဂျိတ္တောဆိုတာ သံတွဲလေဆိပ်ကနေ ငပလီကမ်းခြေတလျှောက် လာလိုက်ရင် ငပလီကမ်းခြေရဲ့ အစွန်ဆုံး။ ဟိုးတုန်းကတော့ ဂျိတ္တောတံငါရွာလေးပေါ့။ နောက်ကျတော့ငပလီကိုမြို့သတ်မှတ်တဲ့အခါ ဂျိတ္တောရပ်ကွက်ဆိုပြီး ဖြစ်လာတယ်။တချို့က ရပ်ကွက်ဆိုတာကို သဘောကျကြတယ်။ တချို့က ရွာလို့ပဲ ဆက်ပြီး ခေါ်ချင်ကြတယ်။ "ဂျိတ္တောတံငါရွာလေး" လို့ ဆိုလိုက်ရင် နှလုံးသားကို ပိုပြီး နွေးထွေးစေတယ်လေ။

သတင်း

စစ်ကြာင်း​တွေတပ်ဆုတ်ပြေးနေရပြီး ​ဒေသအချို့မှာတိုက်စစ်က​နေ ခံစစ်ဖြစ်​နေ