■ ငပြီကျွန်းပေါ် စစ်တပ်ခြေကုတ်ယူခဲ့တဲ့နေရာတစ်ခုကို AA ပြန်သိမ်း၊ စစ်သားအချို့ ထွက်ပြေးသွားပြီး တိုက်ပွဲဆက်ဖြစ်
■ စစ်တွေမြို့နဲ့ တိုက်ပွဲတွေ ပိုနီးလာ
အောက်တိုဘာ-၁၅၊ ၂၀၂၆။ ခိုင်မြတ်/People’s Spring
စစ်တွေမြို့နယ်မှာ တိုက်ပွဲပြင်းထန်နေပြီး မြို့အနောက်ဘက် ရေသေ့တောင်မြို့နယ်နဲ့အစပ် ရေချမ်းပြင်အနီးက အာဏာသိမ်းစစ်တပ်ရဲ့ ကာကင်းစခန်းတခုကို အာရက္ခတပ်တော် (AA) က ဒီနေ့ နေ့လယ်ပိုင်းမှာ သိမ်းပိုက်လိုက်တယ်လို့ မြေပြင်စစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။

Public Service Announcement
ဒေသကွပ်ကဲမှုစစ်ဌာနချုပ် (ဒကစ-စစ်တွေ) အခြေစိုက်ရာ စစ်တွေမြို့ပတ်လည်ရှိ အမြင့်ကျွန်း၊ ရွှေမင်းဂံ၊ တောကန်၊ ရေချမ်းပြင်တို့အနီးဝန်းကျင်ရှိ စစ်တပ်စခန်းတွေကို AA က ထိုးစစ်ဆင်တိုက်ခိုက်နေပြီး ရေချမ်းပြင်အနီးက ကာကင်းစခန်းကို သိမ်းပိုက်လိုက်တာဖြစ်ပါတယ်။
“ကျက်တောပြင်နားက စခန်းကို သိမ်းလိုက်တာပါ။ ရေချမ်းပြင်နားက တခြားစခန်းတွေကိုလည်း တိုက်နေတယ်။ ထောက်ပို့တပ်ကိုလည်း လက်နက်ကြီးနဲ့ ခြိမ်းခြောက်နေတာ။ အဲဒီမှာလည်း ေး တွေ ထိကြတယ်ကြားတယ်” လို့ မြေပြင်မှာ ရှိနေတဲ့ AA နဲ့ နီးစပ်တဲ့ သတင်းရင်းမြစ်တဦးက လူထုနွေဦးကို ပြောပါတယ်။
ရေချမ်းပြင်ဝန်းကျင်မှာ ပြီးခဲ့တဲ့ အောက်တိုဘာ ၅ ရက်နေ့ကစပြီး နှစ်ဖက်တိုက်ပွဲပြင်းထန်နေခဲ့တာဖြစ်ပြီး တိုက်ပွဲ ၁၀ ရက်အတွင်း တပ်စခန်းတခု သိမ်းပိုက်လိုက်တာဖြစ်ပါတယ်။ ဒါ့အပြင် စစ်တွေမြို့မြောက်ဘက် အမြင့်ကျွန်းရွာဝန်းကျင်က ကာကင်းစခန်းနှစ်ခုကိုလည်း AA က အောက်တိုဘာ ၁၀ ရက်နဲ့ ၁၁ ရက်နေ့တို့မှာ ရက်ဆက်သိမ်းပိုက်ခဲ့ပြီး လက်ရှိမှာလည်း တိုက်ပွဲပြင်းထန်နေတယ်လို့ သိရပါတယ်။
အလားတူပဲ ရွှေမင်းဂံရေတပ်စခန်းရဲ့ ကာကင်းတွေဖြစ်တဲ့ ကံ့ကော်ကျွန်း၊ ဇော်မတက်၊ ရွှေမင်းဂံရွာဝန်းကျင်၊ ဒကစ စစ်တွေအနီးဝန်းကျင် တောကန်၊ နာရီကန်ဝန်းကျင်တို့မှာလည်း နှစ်ဖက်တိုက်ပွဲတွေ ပြင်းထန်နေပြီး စစ်တွေမြို့ထဲကနေ ပစ်ခတ်သံတွေ ကျယ်ကျယ်လောင်လောင် ကြားနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
“တောကန်ဘက်မှာ တိုက်ပွဲနေ့တိုင်းဖြစ်တယ်ပြောတယ်။ မနေ့က သက္ကေပြင်ဘက် ခဏရောက်တာ အသံတွေ အကျယ်ကြီးကြားခဲ့ရတယ်။ မူဆလင်တွေဆိုရင် အရမ်းကြောက်နေကြတယ်။ တိုက်ပွဲကလည်း မြို့နဲ့ တော်တော်နီးလာပြီ” လို့ စစ်တွေမြို့ခံတဦးက ပြောပါတယ်။
အဲဒီလို စစ်တွေမြို့ပတ်လည်က စစ်တပ်စခန်းတွေ တိုက်ခိုက်ခံရပြီး ဆက်တိုက်လက်လွှတ်နေရတဲ့ စစ်တပ်ဟာ စစ်တွေမြို့အရှေ့ဘက်ရှိ ပေါက်တောမြို့နယ် ငပြီကျွန်းပေါ်ကို ကြည်း၊ ရေ၊ လေပစ်ကူသုံးပြီး ကမ်းတက်ခဲ့တဲ့ စစ်သားတွေနဲ့ အာရက္ခတပ်တော်ကြား ကျွန်းပေါ်မှာလည်း တိုက်ပွဲပြင်းထန်နေတယ်လို့ စုံစမ်းသိရပါတယ်။
“ကိုယ့်ဘက်က အခြေအနေကောင်းတယ်။ အလယ်ရွာနားကကောင်တွေကိုတော့ တိုက်ထုတ်ထားပြီ။ အဲဒီနားက စခန်းကို ကိုယ့်ဘက်က သိမ်းထားတယ်။ မနေ့က တသုတ်တော့ ဆင်းပြေးသွားကြတယ်။ ကျန်တာတွေကို တိုက်နေရတုန်း” လို့ မြေပြင်မှာ ရှိနေတဲ့ နောက်ထပ် AA သတင်းရင်းမြစ်တဦးက ပြောပါတယ်။
စစ်တပ်ဟာ အောက်တိုဘာ ၇ ရက်ကစပြီး ထောက်ပို့လေယာဉ် Y12 နဲ့ တိုက်လေယာဉ် ၁၀ စီးကျော်၊ စစ်သင်္ဘော ၅ စီးကျော်နဲ့ ပစ်ကူပေး ကမ်းတက်ဖို့ ကြိုးစားခဲ့တာဖြစ်ပြီး စစ်သားဆယ်နဲ့ချီ ကမ်းပေါ်တက်နိုင်ခဲ့ပါတယ်။
အဲဒီတုန်း စစ်တပ်ရဲ့ စစ်သင်္ဘောတစီးကို AA က ပစ်ခတ်ခဲ့တာမှာ ထိမှန်ခဲ့ရာ စစ်သားနှစ်ဆယ်ဝန်းကျင် သေဆုံးခဲ့ပါတယ်။ ဒါ့အပြင် ငပြီကျွန်းပေါ်တိုက်ပွဲမှာလည်း နှစ်ဖက်အထိအခိုက်ရှိနေပြီး စစ်တပ်ဘက်က အလောင်း ၄၀ နဲ့ အရှင်ဖမ်းမိတာ ၂၀ ဝန်းကျင် ရှိထားတယ်လို့ AA သတင်းရင်းမြစ်တွေက ပြောပါတယ်။
နောက်ပိုင်းမှာ စစ်တပ်ရဲ့ ရေတပ်သင်္ဘောတွေကတော့ ငပြီကျွန်းပေါ်ကို ကမ်းတက်လို့ ထပ်မရတော့ဘဲ အဝေးကနေ လက်နက်ကြီးနဲ့ ငပြီကျွန်းပေါ် လှမ်းပစ်နေတယ်လို့ ဒေသခံတွေက ဆိုပါတယ်။
ငပြီကျွန်းဟာ စစ်တွေမြို့ရဲ့ အဓိကရေတပ်ထောက်ပို့ကာကင်းစခန်းကြီးဖြစ်တဲ့ ရွှေမင်းဂံရေတပ်ရဲ့ အရှေ့ဘက် တမိုင်ကျော်အကွာ၊ ပေါက်တောမြို့ရဲ့ အနောက်ဘက် ခြောက်မိုင်ကျော်အကွာ ကုလာတန်မြစ်ပေါ်မှာ တည်ရှိပါတယ်။ စတုရန်းဧက လေးထောင်ကျော် အကျယ်အဝန်းရှိတဲ့ ရေလယ်ကျွန်းတခုဖြစ်ပါတယ်။ အဲဒီကျွန်းပေါ်မှာ လူနေကျေးရွာသုံးရွာ တည်ရှိပါတယ်။
AA က ငပြီကျွန်းမှာ စစ်တပ်ကို ခုခံတိုက်ခိုက်နေသလို ကျန်နေရာတွေကလည်း စစ်တပ်ကို အရှိန်မြှင့်ထိုးစစ်ဆင်ရင်း စစ်စခန်းအချို့ကို ထပ်မံသိမ်းယူနိုင်ခဲ့တာဖြစ်ပါတယ်။ ဒါကြောင့် တိုက်ပွဲတွေဟာ စစ်တွေမြို့နဲ့ ပိုနီးလာပြီဖြစ်ပါတယ်။
စစ်တပ်ဟာ ရခိုင်ပြည်နယ် စစ်တွေအပြင် ကျောက်ဖြူ၊ ရခိုင်ရိုးမအရှေ့ဘက်ခြမ်း မကွေးတိုင်း ပဒါန်း၊ မင်းတုန်း၊ ပဲခူးတိုင်း ပန်းတောင်၊ ဧရာဝတီတိုင်း ရေကြည်၊ သာပေါင်းမြို့နယ်တို့ကနေ AA ထိန်းချုပ်ရာဒေသတွေကို ပြီးခဲ့တဲ့ စက်တင်ဘာ ၄ ရက်နေ့ကစကာ ၄၉၂၆ စစ်ဆင်ရေးလို့ ကြွေးကြော်ပြီး တန်ပြန်ထိုးစစ်ဆင်နေခဲ့တာ ရက်ပေါင်း ၄၀ ကျော်လာပြီ ဖြစ်ပါတယ်။
ပြည်သူ ၅၁ ဦး သေဆုံးပြီး ၆၀ ကျော် ဒဏ်ရာရခဲ့တဲ့ ကျောက်တော်ဗုံးကြဲမှုနောက်ပိုင်း အောက်တိုဘာလဆန်းမှစပြီး AA က ရခိုင်ပြည်တွင် ထိုးစစ်အရှိန်မြှင့်လိုက်တာဖြစ်ပါတယ်။
စစ်တပ်ဝါဒဖြန့်လူမှုကွန်ယက်တွေမှာတော့ ရခိုင်တိုက်ပွဲတွေမှာ စစ်တပ်က အသာရနေပြီး AA အထိနာနေတယ်လို့ ဝါဒဖြန့်နေတာ တွေ့ရပါတယ်။ စစ်တပ်ဟာ စစ်ဆင်ရေးတလကျော်ကာလအတွင်း စစ်တွေမြို့နယ်အတွင်းက စစ်တပ်စခန်း ၁၂ ခု၊ စစ်တွေအစပ် ပေါက်တောမြို့နယ်က ၁ ခု၊ ကျောက်ဖြူမြို့နယ်အတွင်းက ၂ ခု၊ မင်းတုန်းမြို့နယ်အတွင်းက ၁ ခု၊ စုစုပေါင်း စစ်တပ်စခန်း ၁၆ ခုထက်မနည်းကို လက်လွှတ်ခဲ့ရပြီး ဖြစ်ပါတယ်။ တိုက်ပွဲတွေအတွင်းမှာ စစ်တပ်က သေဆုံးသူ ရာနဲ့ချီပြီး ရှိနေပြီဖြစ်တယ်လို့ မြေပြင်သတင်းရင်းမြစ်တွေက ပြောပါတယ်။

















































