” သူအသက်ရှင်တာပဲ ဖြစ်ဖြစ် မရှင်တာပဲ ဖြစ်ဖြစ် ကျနော်တို့ လုပ်သင့်လုပ်ထိုက်တဲ့ နိုင်ငံရေးလုပ်ရမယ့် အစီအစဉ်တွေ နိုင်ငံရေးနဲ့ ပတ်သက်လို့ကတော့ ဆက်လုပ်ရမှာ ဖြစ်ပါတယ်။ ဆက်လုပ်ဖို့ လိုအပ်ပါတယ်”
— ဗိုလ်မှူးကြီးနော်ဘူ
ဇွန် ၂၁၊ ၂၀၂၆။ ထားမြတ်/People’s Spring
လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို အာဏာသိမ်းစစ်တပ်က စတင်ဖမ်းဆီးထားစဉ်ကတည်းက သတင်းအစအနတွေ ဘာမှမကြားရကြောင်း ကချင်လွတ်လပ်ရေးအဖွဲ့(KIO/KIA) သတင်းပြန်ကြားရေးဌာန တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောကြားပြီး ဒီလို သတင်းအစအန မကြားရလို့ ပြည်သူတွေက ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက်အန္တရာယ်ကို စိုးရိမ်နေကြရတာလို့ ပြောကြားပါတယ်။
ဇွန်လ ၁၉ရက်မှာ ကျရောက်တဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ (၈၁)နှစ်မြောက် မွေးနေ့မှာ ပြည်တွင်း၊ ပြည်ပ ပြည်သူတွေ အဖွဲ့အစည်းတွေက ဒေါ်အောင်ဆန်းစုကြည် မွေးနေ့ ဆုတောင်းတာ၊ အမြန်ဆုံးလွတ်မြောက်ဖို့ တောင်းဆိုဆန္ဒပြုတာ တွေ ပြုလုပ်ခဲ့တဲ့ အခြေအနေ၊ စစ်အုပ်စုက ဒေါ်အောင်ဆန်းစုကြည်ကို ဖျောက်ဖျက်ထားတဲ့ အခြေအနေတွေနဲ့ ပတ်သက်ပြီး ဗိုလ်မှူးကြီးနော်ဘူကို မေးမြန်းရာ အခုလို ပြောကြားခဲ့တာပါ။
” ဒေါ်အောင်ဆန်းစုကြည်နဲ့ ပတ်သက်လို့တော့ကျနော် ဘာမှ သတင်းအချက်အလက်တွေ မကြားသိရပါဘူး။ သူ့ကို ဖမ်းဆီးထားတဲ့ ၂၀၂၁ကနေ ဒီနေ့အထိကတော့ ဘာသတင်းအစအနမှ မကြားရတဲ့အတွက် သူ့ရဲ့ အသက်အန္တရာယ်ကိုတော့ ပြည်သူလူထု တော်တော်များများကတော့ စိုးရိမ်ကြတာကို ကြားသိရပါတယ်။ ဒါပေမဲ့ နိုင်ငံရေးဘက်က ကြည့်မယ်ဆိုလို့ရှိရင်တော့ သူအသက်ရှင်တာပဲ ဖြစ်ဖြစ် မရှင်တာပဲ ဖြစ်ဖြစ် ကျနော်တို့ လုပ်သင့်လုပ်ထိုက်တဲ့ နိုင်ငံရေးလုပ်ရမယ့် အစီအစဉ်တွေ နိုင်ငံရေးနဲ့ ပတ်သက်လို့ကတော့ ဆက်လုပ်ရမှာ ဖြစ်ပါတယ်။ ဆက်လုပ်ဖို့ လိုအပ်ပါတယ်”လို့ ဗိုလ်မှူးကြီးနော်ဘူက ပြောပါတယ်။

Public Service Announcement
ဒေါ်အောင်ဆန်းစုကြည်ရဲ့မွေးနေ့ကို KIO/KIA နယ်မြေမှာ ရောက်နေတဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ချစ်ခင်လေးစားသူတွေ့ လုပ်ဆောင်ခဲ့တာ အရင်ကလည်း ရှိသလို ဒီနှစ်မွေးနေ့မှာလည်း ရှိပါတယ်။ လိုင်ဇာဒေသရှိ ကချင်ပြည်နယ်ပညာရပ်စုံတက္ကသိုလ်(KSCU) ရဲ့ ဆေးပညာသိပ္ပံတက္ကသိုလ်မှာ လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၈၁နှစ်မြောက် မွေးနေ့ပွဲ ကျင်းပခဲ့ကြောင်း KSCU ဆေးပညာသိပ္ပံ တက္ကသိုလ် ရဲ့ ကျောင်းအုပ်ကြီး ဒေါက်တာခင်မောင်လွင်က မှတ်တမ်းဓာတ်ပုံတွေ ဖော်ပြအသိပေးပါတယ်။
” အမေစုမွေးနေ့မှာ KSCU ရဲ့ ဆေးပညာသိပ္ပံတက္ကသိုလ်(SMS) ကလည်း တတပ်တအား သတိတရ ပါဝင်ဆင်နွှခဲ့ကြပါတယ်။ ဘယ်တော့မှ မမေ့ဘူး။ အမေစု ကျန်းမာပါစေ။ မတရား အနှောင်အဖွဲ မှ အမြန်ဆုံး လွတ်မြောက်ပါစေ”လို ဒေါက်တာခင်မောင်လွင်က ရေးသားကာ ဒေါ်အောင်ဆန်းစုကြည် ကျန်းမာစွာ အသက်ရှည်ပါစေလို ဆုတောင်းပေးထားပါတယ်။
KSCU ဟာ စစ်တပ်အာဏာသိမ်းပြီးနောက် အမျိုးသားညီညွတ်ရေးအစိုးရ(NUG)နဲ့ ကချင်လွတ်လပ်ရေးအဖွဲ(KIO) တို ပူးပေါင်းဖွင့်လှစ်ခဲ့တဲ့ မြေပြင် တက္ကသိုလ်တစ်ခုဖြစ်ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ရဲ့ မွေးနေ့ပွဲ ကျင်းပတာ ဆုတောင်းပေးတာ ဒေါ်အောင်ဆန်းစုကြည်နဲ့အတူ ရပ်တည်တာအပေါ် ကျေးဇူးတင်ကြောင်း သားဖြစ်သူကိုထိန်လင်းကလည်း ပြောကြားခဲ့ပါတယ်။
ဒါ့အပြင် ဒေါ်အောင်ဆန်းစုကြည်လို ကမ္ဘာသိပုဂ္ဂိုလ်ကို စစ်အုပ်စုဖျောက်ဖျက်ထားဝံ့လို့ သောင်းချီတဲ့ စစ်အုပ်စုလက်ထဲက သောင်းနဲ့ချီတဲ့ နိုင်ငံရေးအကျဉ်းသားတွေအတွက် အလွန်အန္တရာယ် ကြီးနေကြောင်းလည်း ကိုထိန်လင်းက ပြောပါတယ်။
” အသက် ၈၁ နှစ်ရှိပြီဖြစ်တဲ့ အကျဉ်းကျခံ နိုဘယ်ငြိမ်းချမ်းရေးဆုရှင်အတွက် အသက်ထင်ရှားရှိမှု သက်သေကိုတောင် ထုတ်ပြဖို့ ငြင်းဆန်နေတဲ့ အတုအယောင်အစိုးရ ဖြစ်ပါတယ်။အာဏာသိမ်း အစိုးရကိုတရားဝင် အစိုးရအဖြစ် အသိအမှတ်ပြုစရာ မလိုပါဘူး။ဒီ စစ်ကောင်စီဟာ ဘာပြစ်ဒဏ်မှ မခံရဘဲ ကျနော့်အမေလို ကမ္ဘာသိပုဂ္ဂိုလ် တယောက်ကိုတောင် လူမသိ သူမသိ ဖျောက်ဖျက်ထားဝံ့တယ်ဆိုရင် မြန်မာပြည်က သောင်းနဲ့ချီတဲ့ နိုင်ငံရေးအကျဉ်းသားတွေအတွက်ဆိုရင် အလွန်အန္တရာယ် ကြီးပါတယ်” လို ကိုထိန်လင်းက ပြောကြားပါတယ်။
နိုင်ငံရေးအကျဉ်းသားတွေဟာ ဒီမိုကရေစီအတွက် ရဲရဲဝံ့ဝံ့ ရပ်တည်ခဲ့ကြသူတွေ ဖြစ်ပေမဲ့ နိုင်ငံရေးအကျဉ်းသားတွေအတွက် နိုင်ငံတကာရဲ့ စောင့်ကြည့်မှုဆိုတဲ့ အကာအကွယ်တံတိုင်းလည်း ပြိုလဲ ပျက်စီးသွားပြီဖြစ်တယ်လို ကိုထိန်လင်းက ပြောပါတယ်။
ဒါဟာ နိုင်ငံရေး ကိစ္စမဟုတ်ဘဲ အခြေခံလူသားချင်း စာနာမှုဆိုင်ရာ ကိစ္စဖြစ်တယ်လို့ ဆိုပါတယ်။
” မိမိတို ချစ်ရတဲ့သူ ဘယ်မှာ ရှိနေလဲ အသက်ရှင်သန်နေသေးရဲ့လားဆိုတာကို သိပိုင်ခွင့်ဟာ ဒီကမ္ဘာပေါ်က ဘယ်မိသားစုမှာမဆို ရှိရပါမယ်။ ဒါကို ဘယ်သူမှ ငြင်းပယ်လို မရပါဘူး။ သားတယောက်အနေနဲ့ ဒီမတရားမှုဟာ ကျနော့်ရဲ့ နှလုံးသားကို ကြေမွှစေပါတယ်။ ဒါပေမဲ့ ဘယ်လို မတရားမှုမျိုးကမှ ကျနော်တိုရဲ့ ချစ်ခြင်းမေတ္တာကို ပိတ်ပင်တားဆီးလို မရနိုင်ပါဘူး။” လိုလည်း ကိုထိန်လင်းက ပြောပါတယ်။
မိခင်ဖြစ်သူ အမြဲတမ်း အခိုင်အမာရပ်တည်ခဲ့တဲ့ အမှန်တရားကိုလည်း ဘယ်တော့မှ ဖျောက်ဖျက်လို မရဘူးလိုလည်း ပြောကြားခဲ့ပါတယ်။


















































