နိုဝင်ဘာ-၁၊၂၀၂၆။ခိုင်မြတ်/People’s Spring
မြောက်ဦးမြို့၊ လေးမြို့စားရပ်ကွက်နဲ့ ကျောက်တော်မြို့နယ် ဝါးတောင်ကျေးရွာအနီး ယိုးချောင်းတံတားတို့ကို အာဏာသိမ်းစစ်တပ်က ဒီကနေ့ ညနေပိုင်းမှာ ဗုံးကြဲခဲ့တာကြောင့် ဒေသခံပြည်သူ ၁၀ ဦးထက်မနည်းသေဆုံးပြီး ဒဏ်ရာရသူတွေလည်းရှိတယ်လို့ဒေသခံတွေကပြောပါတယ်။
နိုဝင်ဘာ ၁ ရက်နေ့ ၊ညနေ ၅ နာရီကျော်အချိန်မှာ ဂျက်ဖိုက်တာနှစ်စီးနဲ့ ဗုံးကြဲခဲ့တာလို့ ဆိုပါတယ်။ “မြောက်ဦးကို ကြဲပြီးတော့ ကျောက်တော်ကိုဆက်တိုက်သွားကြဲတာ။ကျောက်တော်ယိုးချောင်းတံတားမှာကျတယ်။လူအသေအပျောက်လည်းရှိတယ်လို့သိရပါတယ်” လို့ ကျောက်တော်ဒေသခံတဦးကပြောပါတယ်။
အဲဒီဗုံးကြဲမှုကြောင့် ယိုးချောင်းတံတား ကျိုးပျက်သွားခဲ့ပြီး တံတားပေါ်သွားနေသူ ၇ ဦးသေသုံးကာ ၃ ဦးထက်မနည်း ဒဏ်ရာရခဲ့တယ်လို့ဒေသခံတွေကပြောပါတယ်။

Public Service Announcement
ဒါ့အပြင် မြောက်ဦးမြို့ပေါ်မှာလည်း သေဆုံးသူ ၂ ဦးထက်မနည်းရှိတယ်လို့ မြို့ခံတဦးက ပြောပါတယ်။
“သေဆုံးဒဏ်ရာတာတွေတိုးအုံးမယ်၊ လောလောဆယ် နှစ်ယောက်အတည်ပြုလို့ရတယ်။ လေးယောက်ရှိပြီလို့လည်း သိရတယ်” လို့ သူကဆိုပါတယ်။
လက်ရှိမှာလည်း မြောက်ဦး မြို့အနီးဝန်းကျင်မှာစစ်တပ်ဗုံးကြဲလေယာဉ်တွေနဲ့ကင်းထောက်လေယာဉ်တွေ ဝဲနေသေးတယ်လို့ မြို့ခံတွေကပြောပါတယ်။
“အခုထိဝဲနေသေးတယ်။သတိထားကြဖို့လိုတယ်။ ဗုံးကြဲလို့ အပျက်အစီးတွေတော့ သွားမကြည့်ရသေးဘူး။ အထိ အခိုက်ရှိမယ်”လို့ မြောက်ဦးမြို့ခံအမျိုးသမီးတဦးက ဒီနေ့ ညနေ ၇ နာရီဝန်းကျင်မှာ ပြောပါတယ်။
စစ်တပ်ဟာ နိုဝင်ဘာ ၁ ရက် နေ့လယ်ပိုင်းကလည်း ကျောက်ဖြူမြို့နယ် စနဲမြို့နဲ့ ချင်းမင်းပြင်ရွာတို့ကိုလည်း ဗုံးကြဲခဲ့ပါသေးတယ်။
ဒါ့အပြင် ဒီနေ့ မနက်အစောပိုင်း ၄ နာရီဝန်းကျင်မှာလည်း ပေါက်တောမြို့ပေါ်နဲ့ ပေါက်တောမြို့နယ်ရွာချောင်းကြီးရွာတို့ကို ထောက်ပို့လေယာဉ် Y12 နဲ့ ဗုံးအလုံး ၃၀ ကျော် ကြဲချတိုက်ခိုက်ခဲ့တာကြောင့် သက်ကြီးအမျိုးသား ၁ ဦး သေဆုံးပြီး စစ်ဘေးရှောင်ကလေးငယ် ၂ ဦး အပါအဝင် ၄ ဦးဒဏ်ရာရခဲ့ပါတယ်။
ဒါကြောင့်စစ်တပ်က နိုဝင်ဘာ ၁ ရက်နေ့မှာတင် မြောက်ဦး၊ ကျောက်တော်၊ ကျောက်ဖြူမြို့နယ် တွေကိုဗုံးကြဲခဲ့တာကြောင့် ၁၀ ဦးထက်မနည်းသေဆုံးပြီး အများအပြားသေဆုံးခဲ့ပါတယ် ။
အာဏာသိမ်းစစ်တပ်ဟာ ပေါက်တောမြို့နယ်ငပြီကျွန်းကမ်းတက်တိုက်ပွဲ၊ စစ်တွေ၊ ကျောက်ဖြူမြို့နယ်တို့အတွင်း က တိုက်ပွဲတွေမှာ အထိနာအကျအဆုံးများပြီး တပ်စခန်းတွေ လက်လွှတ်နေရချိန် အခုလို အရပ်သားလူနေကျေးရွာ တွေကိုပါ မချန်ဗုံးကြဲတိုက်ခိုက်နေတာဖြစ်ပါတယ်။
စစ်တပ်ဟာ ငပြီကျွန်းပေါ် ကမ်းတက်နိုင်ခဲ့ပေမယ့် ကမ်းပေါ်က စစ်တပ်ခြေကုတ်နေရာအားလုံးကို အာရက္ခတပ် တော် (AA)က အပြီးပြတ်သိမ်းပိုက်လိုက်ပြီဖြစ်ပြီး စစ်တွေမြို့နယ်အတွင်းက တပ်စခန်း ၁၃ ခု၊ ကျောက်ဖြူမြို့နယ် အတွင်းက တပ်စခန်း ၂ ခုထက်မနည်းတို့ကို သိမ်းပိုက်ထားပါတယ်။ဒါ့အပြင် စစ်တွေတိုက်ပွဲမှာ စစ်တပ်ရဲ့ စစ်သင်္ဘော ၅ စီးထက်မနည်းဟာလည်း AA ရဲ့ တိုက်ခိုက်မှုကြောင့် ထိခိုက်၊ ပျက်စီးခဲ့ရပါတယ်။
လူထုနွေဦးက ကောက်ယူပြုစုထားတဲ့အချက်အလက်တွေအရ စစ်တပ်ရဲ့ စစ်ဆင်ရေးစတဲ့ စက်တင်ဘာ ၄ ရက်နေ့ ကနေ နိုဝင်ဘာ ၁ ရက်နေ့ထိ နှစ်လနီးပါးအတွင်း စစ်တပ်လက်ချက်ကြောင့် သေဆုံးရတဲ့ ရခိုင်ဒေသခံအရပ်သား ပြည်သူ ၁၀၇ ဦးနဲ့ ထိခိုက်ဒဏ်ရာရသူ ၁၈၆ ဦးထက်မနည်း ရှိသွားခဲ့ပြီဖြစ်ပါတယ်။




















































