Connect with us

Hi, what are you looking for?

ဆောင်းပါး

ဗဟိုမှ စစ်ကိုင်းယူနစ်ထံ အာဏာအလွှဲအပြောင်း ဘယ်အဆင့်ရောက်ပြီလဲ

ပြည်နယ်/ယူနစ် အားကောင်းရေးမှ ပြည်ထောင်စု အားကောင်းရေး (Bottom-Up Federalism) အခြေခံမူဖြင့် ပြည်နယ်/ယူနစ် ဥပဒေအစီအမံများ စစ်ကိုင်း၊ မကွေး၊ မန္တလေးနှင့် ရန်ကုန်ဒေသတို့တွင် ၂၀၂၅ ခုနှစ် နှစ်လယ်ပိုင်းမှစ၍ အသီးသီးပေါ်ပေါက်လာကြသည်။

-ထက်ဖြိုး​ရေးသားသည်။

ပြည်နယ်/ယူနစ် အားကောင်းရေးမှ ပြည်ထောင်စု အားကောင်းရေး (Bottom-Up Federalism) အခြေခံမူဖြင့် ပြည်နယ်/ယူနစ် ဥပဒေအစီအမံများ စစ်ကိုင်း၊ မကွေး၊ မန္တလေးနှင့် ရန်ကုန်ဒေသတို့တွင် ၂၀၂၅ ခုနှစ် နှစ်လယ်ပိုင်းမှစ၍ အသီးသီးပေါ်ပေါက်လာကြသည်။

သက်ဆိုင်ရင်ဒေသအသီးသီးအလိုက် ပေါ်ပေါက်လာသော ပြည်နယ်/ယူနစ်များအနက် စစ်ကိုင်းဖက်ဒရယ်ယူနစ် ကြားကာလဖွဲ့စည်းပုံအခြေခံဥပဒေတစ်ရပ်ကို၂၀၂၅ ခုနှစ် ဇွန်လအတွင်းစစ်ကိုင်းယူနစ်လွှတ်တော်က အတည်ပြုပြဌာန်းနိုင်ခဲ့သည်။

ယင်းနောက် ဥပဒေပြဌာန်းပြီး ငါးလခန့်အကြာ စစ်ကိုင်းဖက်ဒရယ်ယူနစ် ကြားကာလဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ (၆၈) နှင့် (၆၉) အရ အုပ်ချုပ်ရေးအာဏာအတွက် ဝန်ကြီးချုပ်၊ ဒုဝန်ကြီးချုပ်၊ ဝန်ကြီးများနှင့် ရှေ့နေချုပ်တို့ကို နိုဝင်ဘာနှင့် ဒီဇင်ဘာလတို့တွင် ခန့်အပ်ခဲ့သည်။ စစ်ကိုင်းယူနစ်အုပ်ချုပ်ရေး ကဏ္ဍအတွက် ဝန်ကြီးဌာန ၁၀ ခုကို ဖွဲ့စည်းခန့်အပ်ခဲ့ကြသည်။

Public Service Announcement

Public Service Announcement

အမျိုးသားညီညွတ်​ရေးအစိုးရ နဲ့ စစ်ကိုင်းဖက်ဒရယ်ယူနစ် အစိုးရကြား အုပ်ချုပ်​ရေူလုပ်ငန်းများလွှဲ​ပြောင်းတဲ့အခမ်းအနားပြုလုပ်စဥ်

ဥပဒေပြုရေးအပိုင်းတွင်စစ်ကိုင်းယူနစ်ဥပဒေ ပုဒ်မ(၅၂)အရစစ်ကိုင်းဖက်ဒရယ်ယူနစ်လွှတ်တော်သည် လွှတ်တော်ဥက္ကဌ နှင့် ဒုဥက္ကဌတို့ကို ရွေးကောက်တင်မြှောက်ခဲ့ကြပြီးဖြစ်သည်။

တရားစီရင်ရေးအာဏာအတွက် ယူနစ်ဥပဒေ ပုဒ်မ (၁၂၅) နှင့် (၁၂၆) အရ တရားသူကြီးဦးရေ အနည်းဆုံး ငါးဦးမှ အများဆုံး ခုနှစ်ဦးအထိ ခန့်အပ်ရမည်ဖြစ်ပြီး ယခုလ ဇူလိုင် ၃ ရက်က တရားလွှတ်တော် တရားသူကြီးချုပ်နှင့် တရားလွှတ်တော် တရားသူကြီး လေးဦးတို့ကို ဖွဲ့စည်းတာဝန်ပေးခန့်အပ်လိုက်သည်။

ထို့ကြောင့် စစ်ကိုင်းယူနစ်အတွက် အုပ်ချုပ်ရေး၊ ဥပဒေပြုရေးနှင့် တရားစီရင်ရေးအာဏာသုံးရပ်လုံး ခန့်အပ်နိုင်ပြီဟု ဆိုနိုင်သည်။

သို့သော်စစ်ကိုင်းယူနစ်ဥပဒေအရ စာရင်းစစ်ချုပ်တစ်ဦးသာ ခန့်ရန်ကျန်ရှိတော့ပြီး စာရင်းစစ်ချုပ်ကိုတော့ ခန့်အပ်တာဝန်ပေးနိုင်ခြင်းမရှိသေးကြောင်း စစ်ကိုင်းယူနစ်လွှတ်တော်ဥက္ကဌ ဦးမြင့်ထွေးက ပြောပါသည်။

“အင်္ဂါရပ်(ဖွဲ့စည်းပုံ)အရဆိုရင် စာရင်းစစ်ချုပ်တစ်ဦးပဲခန့်ဖို့ကျန်တော့တယ်။ဒါပေမယ့် လေလောဆယ် မခန့်သေးပါဘူးဗျ။ယူနစ်အစိုးရရဲ့ ငွေစာရင်းကိုက ဘာမှမလုပ်နိုင်သေးတာနဲ့မို့၊ လူသားအရင်းအမြစ်သဘောအရ ရှာဖွေနေဆဲပဲဖြစ်လို့ပါဗျ”ဟုသူကဆိုပါသည်။

ထိုကဲ့သို့ စစ်ကိုင်းယူနစ်အနေဖြင့် အုပ်ချုပ်ရေး၊ ဥပဒေပြုရေးနှင့် တရားစီရင်ရေး ကဏ္ဍကြီးသုံးရပ် ဖွဲ့စည်းပြီးသလောက် ဖြစ်လာပြီးနောက် ဗဟိုအစိုးရကိုင်တွယ်ထားသည့် အာဏာကြီးသုံးရပ်ကို တစ်ပြည်ထောင်ပုံစံ ဆုပ်ကိုင်ဆောင်ထား၍ မရတော့ဘဲ အာဏာခွဲဝေ လွှဲပြောင်းရတော့မည်ဖြစ်သည်။

ပြည်ထောင်စုအဆင့်မှအချို့အာဏာများကိုတာ့ စတင်ခွဲဝေလွှဲပြောင်းနေပြီဖြစ်သည်။

အလားတူ စစ်ကိုင်းယူနစ်အနေဖြင့်လည်း ဗဟိုအဆင့်မှလွှဲပြောင်းလာသော အာဏာသုံးရပ်ယန္တားကြီးကိုလည်ပတ်နိုင်အောင် ကြိုးစားလုပ်ဆောင်ရတော့မည်ဖြစ်သည်။

ယခုကဲ့သို့ အာဏာခွဲဝေလွှဲပြောင်းရခြင်းသည် ဖက်ဒရယ်ဒီမိုကရေစီစနစ်အရ ပြည်ထောင်စုအဖွဲ့ဝင်ပြည်နယ်/ယူနစ်များသည် ယင်းပြည်နယ်/ယူနစ်အတွင်းရှိ ပြည်သူများသည် အချုပ်အခြာအာဏာ၏ မူရင်းပိုင်းရှင်များဖြစ်သောကြောင့်ဖြစ်သည်။

●အုပ်ချုပ်ရေးအာဏာ

စစ်ကိုင်းယူနစ်အတွင်း တော်လှန်ရေးစိုးမိုးဒေသတို့၌ မြေပြင်အုပ်ချုပ်ယန္တရားအဖြစ် ပသုံးလုံးဖြစ်သည့် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့(ပအဖ)၊ ပြည်သူ့လုံခြုံရေးအဖွဲ့(ပလဖ)နှင့် ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)တို့ဖြင့် အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ဗဟိုက ကိုင်တွယ်စီမံလုပ်ဆောင်ခဲ့ခြင်းသည်။

ယခုအခါစစ်ကိုင်းယူနစ်အုပ်ချုပ်ရေးအစိုးရအဖွဲ့ ဖွဲ့စည်းပြီးဖြစ်သောကြောင့် NUG ကိုင်တွယ်ထားသောအုပ်ချုပ်ရေးအာဏာကို ယူနစ်အစိုးရထံ စတင်ခွဲဝေလွှဲပြောင်းနေပြီဖြစ်သည်။

NUG ၏ ပြည်ထဲရေးဝန်ကြီးဌာနအောက်တွင်ရှိသော ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့(ပအဖ)နှင့် ပြည်သူ့လုံခြုံရေးအဖွဲ့ (ပလဖ)တို့ကို ယူနစ်စိုးရအောက် လွှဲပြောင်းပြီးဖြစ်ပြီး ကာကွယ်ရေးဝန်ကြီးဌာနအောက်တွင်ရှိသော ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ (ပကဖ) ကို လာမည့်နှစ်လခန့်အတွင်း ယူနစ်အစိုးရထံ လွှဲပြောင်းတော့မည်ဖြစ်သည်။

“MOD အောက်ကနေပြီးတော့ (ယူနစ်)အစိုးရဘက်အောက် (ယူနစ်)ကာကွယ်ရေးဝန်ကြီးအောက် လွှဲပြောင်းပေးရတဲ့အခါ နည်းနည်းလေး သိမ်မွှေ့တာပေါ့ဗျာ။ လွှဲပြောင်းနိုင်ဖို့ကတော့ နောက်ထပ် နှစ်လသုံးလလောက် ညှိနှိုင်းကြရဦးမယ်လို့မျှော်မှန်းထားပါတယ်”ဟု လွှတ်တော်ဥက္ကဌ ဦးမြင့်ထွေးကပြောသည်။

အုပ်ချုပ်ရေးလုပ်ငန်းစဉ်များ လွဲပြောင်းထားပြီးဖြစ်သည့်အတွက် ဝန်ကြီးဌာနအချို့ဖြစ်သည့်လူသားစာနာဝန်ကြီးဌာနနှင့်စည်ပင်သာဝန်ကြီးဌာနတို့ စတင်လည်ပတ်နေပြီဖြစ်သည်ဟုဆိုသည်။ယူနစ်အစိုးရ၏ စီမံဘဏ္ဍာဝန်ကြီးဌာနထံ အခွန်နှင့် သယံဇာတလုပ်ငန်းစဉ်များ လွှဲပြောင်းရန်ရအတွက်လည်း NUG နှင့် ယူနစ်အစိုးရတို့ ဆက်လက်ဆွေးနွေးညှိုနှိုင်းနေဆဲဖြစ်သည်။

“အဆင်ပြေလားလို့မေးရင်တော့လွှဲပြောင်းမှုပိုင်းဆိုင်ရာမှတော့အထစ်အငေါ့လေးတွေ ညှိုနှိုင်းမှုလေးတွေတော့ ဆက်လက်ပြီးတော့ ဝန်ကြီးချုပ်အနေနဲ့ ဆက်လုပ်နေပါတယ်”ဟု ဦးမြင့်ထွေးက ပြောသည်။

●တရားစီရင်ရေးအာဏာ

ဇူလိုင်လ ၃ ရက်ကတရားလွှတ်တော် တရားသူကြီးချုပ်နှင့်တရားသူကြီးများအား စစ်ကိုင်းယူနစ်ဥပဒေအရ ခန့်အပ်လိုက်ပြီးနောက် ပြည်ထောင်စု တရားရေးဝန်ကြီးဌာမှ ယူနစ်တရားလွှတ်တော်ရုံးချုပ်ဘက်သို့ တရားစီရင်ရေးမဏ္ဍိုင်အား ဇူလိုင် ၁၇ ရက်က လွှဲပြောင်းပေးအပ်ခဲ့သည်။

စစ်ကိုင်းယူနစ်အတွင်းပြည်ထောင်စုတရားရေးဝန်ကြီးဌာနက တော်လှန်ရေးကာလတွင် မြို့နယ်တရားရုံးများဖွဲ့စည်းပြီး တိုက်ရိုက်ကိုင်တွယ်စီမံလုပ်ဆောင်နေခြင်းဖြစ်သည်။ ပြည်ထောင်စု တရားရေးဝန်ကြီးဌာနမှ ကိုင်တွယ်စဉ်ကတည်းက ခရိုင်တရားရုံးများအား ဖွဲ့စည်းဆောင်ရွက်နိုင်ခြင်းမရှိသေးဘဲ မြို့နယ်တရားရုံးများသာ ဖွဲ့စည်းလုပ်ကိုင်ဆောင်ရွက်နေခြင်းလည်းဖြစ်သည်။ ထို့ကြောင့် မြို့နယ်တရားရုံးများကို ယူနစ်တရားလွှတ်တော်ချုပ်ထံ လွှဲပြောင်းပေးအပ်လိုက်ခြင်းဖြစ်သည်။

စစ်ကိုင်းယူနစ်ဥပဒေမှတစ်ဆင့် ယူနစ်တရားရေးဌာန ဖွဲ့စည်းပြီးသည့်အခါ တရားရေးကိစ္စရပ်များအား အနီးကပ်ကိုင်တွယ် စီမံလုပ်ဆောင်ရတော့မည်လည်းဖြစ်သည်။စစ်ကိုင်းယူထံ တရားစီရင်ရေးအာဏာ လွှဲပြောင်းလိုက်ခြင်းကြောင့် ယူနစ်အတွင်း ဖြစ်ပေါ်လာသည့် တရားစီရင်ရေး၊ ဥပဒေစိုးမိုးရေး အစရှိသည့် ကိစ္စရပ်များကို အနီးကပ်ကိုင်တွယ်လာနိုင်မည်ဖြစ်ခြင်းကြောင့် မြန်မြန်ဆန်ဆန် ဆောင်ရွက်လာနိုင်မလားဟုလည်း မျှော်လင့်နေကြသည်။

ထို့သို့ စစ်ကိုင်းယူနစ်အတွင်းတရားဥပဒေစိုးမိုးရေးနှင့်တရားစီရင်ရေးကိစ္စရပ်များဆောင်ရွက်နိုင်ရန်အတွက်ယူနစ်တရားစီရင်ရေးဥပဒေတစ်ရပ်လိုအပ်ပြီး တရားစီရင်ရေးဥပဒေ (မူကြမ်း) ရေးဆွဲနိုင်ရန်အတွက်လည်းယူနစ်လွှတ်တော်ကလုပ်ဆောင်နေပြီဖြစ်ကြောင်း စစ်ကိုင်းယူနစ်လွှတ်တော်က ဇူလိုင် ၁၉ ရက်က ထုတ်ပြန်ထားသည်။

●ဥပဒေပြုရေးအာဏာ

ဥပဒေပြုရေးအာဏာသည် စစ်ကိုင်းယူနစ်အတွက်လိုအပ်သည့်ဥပဒေများကိုလွှတ်တတော်မှတစ်ဆင့်ပြဌာန်းပေးရသသည်။အာဏာသုံးရပ်ရှိသည့်အနက် အုပ်ချုပ်ရေးနှင့် တရားစီရင်ရေးအာဏာများမှာ ပြည်ထောင်စုနှင့်လည်း သက်ဆိုင်သည့် အာဏာများဖြစ်ခြင်းကြောင့် အလွှဲအပြောင်းလုပ်ဆောင်ရပြီး ဥပဒေပြုရေးအာဏာသည် ပြည်ထောင်စုအဆင့် (CRPH) မှ ခွဲဝေချထားပေးရန်မလိုဘဲ ယူနစ်ဖွဲ့စည်းပုံအခြေခံဥပဒေအရ သီးခြားလွတ်လပ်စွာ ကျင့်သုံးခွင့်ရှိသည့် မဏ္ဍိုင်တစ်ခုဖြစ်သည်။

ထို့ကြောင့်ဥပဒေပြုရေးအာဏာကိုကိုင်တွယ်ထားသည့် စစ်ကိုင်းယူနစ်လွှတ်တော်အနေဖြင့် ၂၀၂၀ ရွေးကောက်ပွဲအနိုင်ရ လွှတ်တော်ကိုယ်စားလှယ်များဖြင့် ဖွဲ့စည်းထားပြီး စစ်ကိုင်းယူနစ် ဥပဒေအရ ခန့်အပ်ရမည့် ယူနစ်လွှတ်တော်ဥက္ကဌနှင့် ဒုဥက္ကဌတို့အား ခန့်အပ်ပြီး ပုံမှန်လည်ပတ်နေပြီဖြစ်သည်။

စစ်ကိုင်းယူနစ်လွှတ်တော်အနေဖြင့် ယခုကာလတွင် ယူနစ်ကာကွယ်ရေးနှင့် လုံခြုံရေးကိစ္စရပ်များ ဆောင်ရွက်နိုင်ရန်အတွက် စစ်ကိုင်းဖက်ဒရယ်ယူနစ် ကြားကာလကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီဥပဒေ ကို ဇူလိုင် ၃ ရက်က အတည်ပြုပြဌာန်းနိုင်ခဲ့သည်။ ထို့အပြင် တရားစီရင်ရေးဥပဒေ ရေးဆွဲနိုင်ရေးအတွက်လည်း လုပ်ဆောင်လုပ်နေပြီဖြစ်သည်။

ကိုယ့်ကြမ္မာကိုယ် ဖန်တီးရေးအတွက် စစ်ကိုင်းဖက်ဒရယ်ယူနစ်တစ်ရပ် ပေါ်ပေါက်လာရေး ၂၀၂၃ ခုနှစ်ကတည်းက ဒေသတွင်းတော်လှန်ရေးအင်အားစုများ လုပ်ဆောင်လာကြသည်မှာ သုံးနှစ်ကျော်ရောက်ရှိလာချိန်တွင် ရုပ်လုံးပေါ်လာပြီဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

အာရက္ခပြည်မှာ ကြုံတွေ့နေရတဲ့ ရေဘေးဖြစ်စဉ်အတွင်း ရေဘေးသင့်ပြည်သူများ ရဲ့ အရေးပေါ်လိုအပ်ချက်များကို ကူညီဖြေရှင်းပေးနိုင်ဖို့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) က အာရက္ခပြည်သူ့ တော်လှန်ရေးအစိုးရဖြစ်တဲ့ ရက္ခိုင့်အမျိုးသားအဖွဲ့ချုပ် (ULA/AA)ကို တရုတ်ယွမ်ငွေ ၁၅၀,၀၀၀ (တစ်သိန်းငါးသောင်း) ကနဦးအဖြစ် ကူညီပံ့ပိုးခဲ့တယ်လို့ NUGက သတင်းထုတ်ပြန်ပါတယ်။

သတင်း

ဗိုလ်ချုပ်အောင်ဆန်းရဲ့ ဦးဆောင်မှု ၊အနစ်နာခံမှုကို ကျေးဇူးဆပ်ဖို့ သူ့ရဲ့ လမ်းညွှန်ချက်တွေလိုက်နာဖို့လိုအပ်သလို သမီးဖြစ်သူကိုကာကွယ်ဖို့ တာဝန်ရှိဟုဆို

သတင်း

မကွေးတိုင်း၊ချောက်မြို့နယ်၊တိုက်ပွဲမှာ ကျဆုံးခဲ့တဲ့ မကွေးခရိုင် မှ ကျဆုံးရဲဘော် အာဇာနည်များအား ဦးညွှတ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာနက ဒီကနေ့ မနက်မှာ ထုတ်ပြန်ပါတယ်။

သတင်း

အမျိုးသားညီညွတ်ရေးအစိုးရက ဒီကနေ့ ကျရောက်တဲ့ (၆၄) နှစ်မြောက် ဆဲဗင်းဂျူလိုင် ကျောင်းသားအရေးတော်ပုံနေ့ အထိမ်းအမှတ်အခမ်းအနားကို သဝဏ်လွှာပေးပို့ခဲ့ရာ ခေတ်အဆက်ဆက် အာဏာရှင်စနစ် တိုက်ဖျက်ရေးနဲ့ မြန်မာ့ဒီမိုကရေစီရေးအတွက် အသက်၊ သွေး၊ ချွေး စတေးပေးဆပ်ခဲ့ကြတဲ့ ကျောင်းသားလူငယ်အာဇာနည်သူရဲကောင်းတွေကို အလေးအမြတ် ဦးညွှတ်ဂါရ၀ပြုကြောင်း ဖော်ပြပါတယ်။

Facebook