အောက်တိုဘာ ၂၅၊ ၂၀၂၆။ ထားမြတ်/People’s Spring
ကချင်လွတ်လပ်ရေးအဖွဲ့(KIO) ဖွဲ့စည်းတည်ထောင်ခြင်း နှစ်ပတ်လည်နေ့ကို ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ(CRPH)နဲ့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) တို့က ဂုဏ်ပြုသဝဏ်လွှာ ပေးပို့ခဲ့ပါတယ်။
KIO ကို ၁၉၆၀ အောက်တိုဘာလ ၂၅ ရက်မှာ ဖွဲ့စည်းတည်ထောင်ခဲ့ရာ ဒီကနေ့မှာ (၆၆)နှစ် ပြည့်မြောက်ပြီဖြစ်ပါတယ်။
KIO အနေနဲ့ ကချင်လူမျိုးတို့ရဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်၊ တန်းတူ ညီမျှမှုနဲ့ ရပိုင်ခွင့်တို့အတွက် နှစ်ပေါင်း (၆၆) နှစ်တိုင်တိုင် ကြံ့ကြံ့ခံတိုက်ပွဲဝင်လာခဲ့ကြရာ အသက်ခန္ဓာများ ပေးဆပ် တော်လှန်တိုက်ပွဲဝင်ခဲ့ကြတဲ့ ကချင် အမျိုးသားခေါင်းဆောင်ကြီးများ၊ ရဲဘော်ရဲဘက်များနဲ့ ကချင်ပြည်သူလူထုအား ဂုဏ်ယူလေးစားစွာ အလေးအမြတ်ပြု ဦးညွှတ်ကြောင်း CRPH ရဲ့ သဝဏ်လွှာမှာ ပါရှိပါတယ်။

Public Service Announcement
CRPH အနေနဲ့လည်း ပြည်သူလူထုအပေါ် မတရား ဖိနှိပ်အုပ်ချုပ်နေသော စစ်အာဏာရှင်စနစ် အပြီးတိုင်ဖျက်သိမ်းရေးနဲ့ စစ်မှန်သော ဖက်ဒရယ် ဒီမိုကရေစီပြည်ထောင်စုတည်ဆောက်ရေးတို့အတွက် KIO အပါအဝင် မိတ်ဖက် တော်လှန်ရေးအင်အားစုအားလုံးနဲ့ အတူ ဆက်လက် လက်တွဲကြိုးပမ်းဆောင်ရွက်သွားမယ်လို့ ဖော်ပြထားပါတယ်။ KIO အနေနဲ့လည်း မဟာမိတ် တော်လှန်ရေး အင်အားစုများအားလုံးနဲ့ ပူးပေါင်းပြီး စစ်အာဏာရှင်စနစ် အပြီးတိုင်ချုပ်ငြိမ်းရေးအတွက် ဆက်လက် တိုက်ပွဲဝင်သွားနိုင်မယ်လို့ ခိုင်မာစွာ ယုံကြည်ကြောင်း CRPHက သဝဏ်လွှာ ပေးပို့ပါတယ်။
NUG ရဲ့ သဝဏ်လွှာမှာလည်း (၆၆) နှစ်တာ အာဏာရှင်တော်လှန်ရေးခရီးကြမ်း တစ်လျှောက်တွင် KIO/KIA ရဲ့ နိုင်ငံရေး အမြော်အမြင်ရှိမှု၊ ကချင်ပြည်သူလူထုရဲ့ ယုံကြည်မှုနဲ့ စည်းလုံးညီညွတ်မှု၊ ကြံ့ကြံ့ခံနိုင်စွမ်းနဲ့ ကြီးမားလှသော စွန့်လွှတ်စွန့်စားမှုများဟာ ယနေ့နွေဦးတော်လှန်ရေးရဲ့ ပြည်သူလူထုတရပ်လုံးက အားထားရတဲ့ တော်လှန်ရေးအဖွဲ့အစည်းကြီးအဖြစ် ဂုဏ်ယူစွာ ရပ်တည်နေကြောင်း ဖော်ပြထားပါတယ်။
ယခု ဆင်နွှဲလျက်ရှိသော နွေဦးတော်လှန်ရေး ကာလမှာလည်း KIO/KIA ဟာ မဟာမိတ် တော်လှန်ရေး အင်အားစုများ၊ အမျိုးသားညီညွတ်ရေးအစိုးရရဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) တွေနဲ့အတူ လက်တွဲပြီး စစ်အာဏာရှင်စနစ် အမြစ်ပြတ်ချေမှုန်းနိုင်ရေးအတွက် ရှေ့တန်းမှ မားမားမတ်မတ် ရပ်တည်ကာ စစ်ရေး၊ နိုင်ငံရေးအရ ထူးချွန်စွာ ဦးဆောင် တိုက်ပွဲဝင်လျက် ရှိရာ စစ်တပ်ရဲ့ တပ်စခန်းများစွာ သိမ်းပိုက်ထားနိုင်ခဲ့တယ်လို့ ဆိုပါတယ်။
လွတ်မြောက်နယ်မြေတွေမှာ တရားဥပဒေစိုးမိုးရေးနဲ့ ပြည်သူ့အုပ်ချုပ်ရေးယန္တရားများ ထူထောင်တာ၊ CDM ဝန်ထမ်းများနဲ့ စစ်ဘေးရှောင်ပြည်သူများကို လူသားချင်းစာနာမှု အကူအညီများ စနစ်တကျ ပံ့ပိုးပေးနိုင်တာတို့အပြင် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု ပေါ်ထွန်းရေးဦးဆောင်ကောင်စီ (SCEF) စုဖွဲ့မှုတွင် လည်း ကချင်လူထုကြီးကိုကိုယ်စားပြု၍ KIO/KIA ခေါင်းဆောင်များ ဦးဆောင်နေရာတွင် ပါဝင်လာမှုဟာ KIO/KIAရဲ့ မဟာဗျူဟာမြောက် စွမ်းဆောင်ရည်နဲ့ နိုင်ငံရေး ရင့်ကျက်မှုကို လက်တွေ့ကျကျ သက်သေပြနေတဲံ သမိုင်းမှတ်တိုင်တွေဖြစ်ကြောင်းလည်း NUG ရဲ့ သဝဏ်လွှာမှာ ဖော်ပြထားပါတယ်။
” စစ်အာဏာရှင်စနစ် ရှိနေသမျှ ကာလပတ်လုံး ပြည်သူလူထုမှာ ဆင်းရဲဒုက္ခ ခံစားနေရမည် ဖြစ်ရာ ဤစနစ်ဆိုးကြီးကို အပြီးသတ် ချေမှုန်းနိုင်ရေးအတွက် တော်လှန်ရေး အင်အားစုများအကြား နိုင်ငံရေးအရ ခိုင်မာသော စည်းလုံးညီညွတ်မှု၊ စစ်ရေးအရ ဟန်ချက်ညီမှုနှင့် မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှုများကို ယခင်ကထက် ပိုမိုတိုးမြှင့် တည်ဆောက်ကြပါရန် အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့် အထူး တိုက်တွန်းအပ်ပါသည်” လို့လည်း သဝဏ်လွှာမှာ ပါရှိပါတယ်။
NUGအနေနဲ့ လည်း အမျိုးသားတန်းတူရေး၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်တို့ကို အပြည့်အဝ အာမခံနိုင်သော စစ်မှန်တဲ့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုသစ် တည်ဆောက်ရေး စတဲ့ ဘုံရည်မှန်းချက်ပန်းတိုင်သို့ ရောက်ရှိတဲ့အထိ KIO အပါအဝင် မဟာမိတ်တိုင်းရင်းသားတော်လှန်ရေးအဖွဲ့အစည်းများ (EROs)၊ ဒီမိုကရေစီအင်အားစုများ၊ မြန်မာပြည်သူလူထု တရပ်လုံးနဲ့ မမှိတ်မသုန် လက်တွဲပြီး ပန်းတိုင်ရောက်အောင် တိုက်ပွဲဝင်သွားမယ်လို့ ဖော်ပြထားပါတယ်။
KIO အနေနဲ့ စစ်တပ်အာဏာသိမ်းတဲ့နေ့မှာပဲ ဒီမိုကရေစီ အင်အားစုတွေနဲ့ ပူးပေါင်းတိုက်ပွဲဆင်နွှဲဖို့ဆုံးဖြတ်ခဲ့ကြောင်း KIO ခေါင်းဆောင်တဦးဖြစ်တဲ့ ဒုတိယ ဗိုလ်ချုပ်ကြီးဂွန်မော်က ၂၀၂၆ ဖေဖော်ဝါရီလက ကျင်းပတဲ့ ကချင်တော်လှန်ရေးနေ့ အခမ်းအနားတခုမှာ ပြောကြားခဲ့ပါတယ်။
စစ်တပ်အာဏာသိမ်းတဲ့၂၀၂၁ ခုနှစ်၊ဖေဖော်ဝါရီ ၁ရက်နေ့ မနက် ၉ နာရီမှာ KIO ဟာဗဟိုကော်မတီ အစည်းအဝေးလုပ်ပြီး ဒီမိုကရေစီ အင်အားစုတွေနဲ့ တိုက်ပွဲ ဆင်နွှဲဖို့ ဆုံးဖြတ်ချက်ချမှတ်ခဲ့သလို ၂၀၂၁ မတ်လမှာ KIO ပါဝင်တဲ့ ကြားကာလ ကချင်နိုင်ငံရေးဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးအဖွဲ့(KPICT) နဲ့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ(CRPH)တို့ ကြားကာလ သဘောတူညီချက်ဆိုတဲ့ စာချုပ်လက်မှတ်ရေးထိုးခဲ့ကြောင်း ရှင်းပြပါတယ်။
ဒါ့အပြင် KPICTက စေလွှတ်တဲ့ ကိုယ်စားလှယ်များဟာ NUGမှာ ပါဝင် လျက်ရှိတယ်လို့ အသိပေးထားပါတယ်။



















































