ဇူလိုင်-၂၅၊၂၀၂၆၊နှင်း/People’s Spring
၂၀၂၀ ရွေးကောက်ပွဲအနိုင်ရ မန္တလေးတိုင်းလွှတ်တော်ကိုယ်စားလှယ်မန္တလေးတိုင်း(ပကဖ)တာဝန်ခံ ကိုဝဏ္ဏအောင် ကို မိုင်းလားလက်နက်ကိုင်အဖွဲ့( NDAA)က ဖမ်းဆီးပြီး စစ်တပ်ထံ အပ်လိုက်တယ်လို့ နီးစပ်သူအချို့ကပြောပါတယ်။
ကိုဝဏ္ဏအောင်ရဲ့ဇနီးဖြစ်သူကို ဇွန်လ၂၃ရက်နေ့က ကျိုင်းတုံမြို့အနီးက စစ် ဆေးဂိတ်မှာ စစ်တပ်က ဖမ်းမိခဲ့တာလို့ သိရပါတယ်။
အဲဒီနောက် စစ်တပ်ကဆက်လိုက်ရာမှာ မိုင်းလားမြို့ကို ရောက်နေတဲ့ ကိုဝဏ္ဏအောင်ကို ဒီမိုကရေစီမဟာမိတ်တပ်မတော်(NDAA-မိုင်းလား)အဖွဲ့က ဖမ်းဆီးပြီး စစ်တပ်ထံ ပို့ခဲ့တာလို့ သိကရပါတယ်။

Public Service Announcement
“အခုက ၂ ယောက်လုံးအဆက်အသွယ်ပြတ် နေတယ်။NDAA-မိုင်းလားအဖွဲ့နယ်မြေထဲမှာမို့ စစ်တပ်ကအဲဒီအဖွဲ့ကို ဖမ်းခိုင်းတာ။ဒီအဖွဲ့ကဖမ်းပြီး စစ်တပ်ဆီပို့လိုက်တယ်လို့ မနေ့က(ဇူလိုင် ၂၄) တည်း သတင်းရပါတယ်”လို့ နီးစပ်သူတဦးက ပြောပါတယ်။
NDAAဖမ်းဆီးချိန်ကစပြီး ဇူလိုင် ၂၅ ရက်အထိ ကို၀ဏ္ဏအောင် (ခေါ်)ကို ဏကြီးရဲ့ သတင်းကို ဘာမှမသိရသေးဘူးလို့ သိရပါတယ်။
ကိုဝဏ္ဏအောင်ဟာအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ပါတီရဲ့တံတားဦးမြို့နယ်၊ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်တဦးဖြစ်ပါတယ်။
မိုင်းလားအဖွဲ့ဟာ စစ်တပ်အာဏာမသိမ်းခင်ကရော ၊အာဏာသိမ်းပြီးနောက်ပိုင်းမှာပါ စစ်တပ်ကို တိုက်ခိုက်တာမရှိတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ဖြစ်ပါတယ် ။လာမယ့်သြဂုတ်လမှာ ဝတပ်ဖွဲ့ -UWSA ၊ ကိုးကန့်တပ်ဖွဲ့ -MNDAA တို့နဲ့အတူ မိုင်းလားတပ်ဖွဲ့-NDAA ကလည်း စစ်တပ်နဲ့ နေပြည်တော်ကိုသွားရောက်ဆွေးနွေးမယ်လို့ သတင်းထွက်နေတယ်လို့ ရှမ်းပြည်နယ်ကစစ်ရေးအကဲခတ်အချို့ကပြောပါတယ် ။
အခုဖြစ်စဥ်နဲ့ပတ်သက်ပြီး အမျိုးသားညီညွတ်ရေးအစိုးရ-NUG တာဝန်ရှိသူတွေကိုဆက်သွယ်မေးမြန်းဖို့ လူထုနွေဦးကကြိုးစားနေဆဲဖြစ်ပါတယ် ။

















































