Connect with us

Hi, what are you looking for?

သတင်း

အဆင့်မြင့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရရှိရေးဟာ နိုင်ငံရေးရည်မှန်းချက်ဖြစ်တယ်လို့ မိုင်းလားဒေသလာတဲ့စစ်အုပ်စုကိုNDAAတပ်အသိပေး

၀တပ်ဌာနချုပ်ကို စစ်အုပ်စုသွားရောက်ပြီး အလွတ်သဘောဆွေးနွေး

(ရှမ်းပြည်နယ်အရှေ့ပိုင်း အထူးဒေသ(၄) ရောက်လာတဲ့ စစ်အုပ်စုနဲ့ မိုင်းလားတပ် NDAA တို့ အတူတွေ့ရစဉ်။ ဓာတ်ပုံ - Mongla SR4 News)

ဇွန်-၁၉၊ ၂၀၂၆။ ထားမြတ်/People’s Spring

တိုင်းရင်းသားအဆင့်မြင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့် ရရှိရေးဟာနိုင်ငံရေးရည်မှန်းချက်ကို စွဲမြဲစွာဆုပ်ကိုင်ထားကြောင်းရှမ်းပြည်နယ်အရှေ့ပိုင်း အထူးဒေသ(၄)လို့ ခေါ်ဆိုတဲ့ မိုင်းလားတပ်ဖွဲ့(NDAA)က မိုင်းလားဒေသကို လာတဲ့ စစ်အုပ်စု ကိုယ်စားလှယ်အဖွဲ့ကို ထပ်မံ အသိပေးလိုက်ပါတယ်။

ဒုဗိုလ်ချုပ်ကြီး ရာပြည့်ဦးဆောင်တဲ့ စစ်အုပ်စုကိုယ်စားလှယ်တွေဟာ ဇွန် ၁၇ရက်မှာ မိုင်းလားတပ် NDAA၊ ဇွန်လ ၁၈ရက်မှာ ၀တပ်ဖွဲ့(UWSA)တို့နဲ့တွေ့ဆုံဆွေးနွေးခဲ့တာပါ။

မိုင်းလားတပ်နဲ့ တွေ့ဆုံမှုကို မိုင်းလား ဒေသမှာ ဇွန် ၁၇ရက်က ပြုလုပ်ခဲ့ရာ မိုင်းလားတပ်ဖွဲ့ ဥက္ကဋ္ဌ ဦးထိန်လင်း ဦးဆောင်တဲ့ အဖွဲ့နဲ့ စစ်ကောင်စီ တပ်ကိုယ်စားလှယ်တွေ ဆွေးနွေးခဲ့ရာ နယ်စပ် ဒေသ တည်ငြိမ်အေးချမ်းရေး၊ အမျိုးသားပြန်လည်သင့်မြတ်ရေး၊ ပြည်သူ့ဘဝ ဖွံ့ဖြိုးတိုးတက်ရေး စတာတွေကို အလွတ်သဘော ဆွေးနွေးခဲ့တယ်လို့ NDAAက ထုတ်ပြန်ခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

ဥက္ကဌ ဦးထိန်လင်းရဲ့ဆွေးနွေးချက်မှာ ယခင်ဥက္ကဋ္ဌ ဦးစိုင်းလင်းချမှတ်ခဲ့တဲ့ “ငြိမ်းချမ်း၊ စည်းလုံး၊ ဖွံ့ဖြိုး” ဟူသည့် ပင်မလမ်းစဥ်အတိုင်းဆက်လက်ခိုင်မာစွာလျှောက်လှမ်း၍ တိုင်းရင်းသား အဆင့်မြင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရရှိရေး နိုင်ငံရေးရည်မှန်းချက်ကို စွဲမြဲစွာ ဆုပ်ကိုင်ကာနိုင်ငံတော်ရဲ့အချုပ်အခြာ အာဏာ တည်တံ့ခိုင်မြဲရေး၊တိုင်းရင်းသားစည်းလုံးညီညွတ်ရေးနဲ့ နယ်မြေတည်တံ့ခိုင်မြဲရေးတို့ကို စဥ်ဆက်မပြတ် ကာကွယ်စောင့်ရှောက်သွားမယ်လို့ အသိပေးခဲ့ကြောင်း ထုတ်ပြန်ချက်မှာ တွေ့ရပါတယ်။

စစ်အုပ်စုကိုယ်စားလှယ်အဖွဲ့ဟာ ဇွန် ၁၈ရက်မှာ ၀တပ်ဌာနချုပ် ပန်ဆန်းကို သွားရောက်ပြီး၀တပ်ကိုယ်စားလှယ်တွေနဲ့ ဆွေးနွေးခဲ့ပါတယ်။

၀တပ် သတင်းပြန်ကြားရေး WSTVရဲ့ ထုတ်ပြန်ချက်ကို ကိုးကားပြီး Wa News Land က သတင်းဖော်ပြခဲ့ရာ တွေ့ဆုံဆွေးနွေးပွဲမှာ ငြိမ်းချမ်းရေး၊ စည်းလုံးညီညွတ်ရေးနဲ့ ဒေသဖွံ့ဖြိုးရေးတို့ကို အဓိကထားဆွေးနွေးခဲ့တယ်လို့ ဆိုပါတယ်။

တွေ့ဆုံပွဲမှာ၀တပ်ဘက်ကဒုဥက္ကဋ္ဌဦးကျောက်ကော်အမ်းနဲ့ အဖွဲ့ တက်ရောက်ခဲ့တာကို မှတ်တမ်းဓာတ်ပုံတွေမှာ တွေ့ရပါတယ်။

အခု စစ်အုပ်စုတွေ့ဆုံနေတဲ့ အဖွဲ့တွေဟာ အာဏာသိမ်းစစ်တပ်နဲ့ တိုက်ပွဲဖြစ်ပွားမှုမရှိတဲ့အဖွဲ့အစည်းတွေ ဖြစ်ပါတယ်။

ဇွန် ဒုတိယပတ်ကလည်း ရှမ်းတပ် SSPP နဲ့ စစ်ကောင်စီဟာ နေပြည်တော်မှာ တွေ့ဆုံခဲ့ရာ တိုက်ပွဲမဖြစ်တာကိုဆက်ထိန်းဖို့အခြားလက်နက်ကိုင်တပ်တွေနဲ့ မပူးပေါင်းဖို့ စစ်ကောင်စီဘက်ကဆွေးနွေးခဲ့ကြောင်းSSPPက သတင်းထုတ်ပြန်ထားပါတယ်။

အာဏာသိမ်းစစ်တပ်ဟာ အခုလို တိုက်ပွဲမရှိတဲ့အဖွဲ့တွေနဲ့ ဆွေးနွေးမှုတွေရှိသလို နိုင်ငံတဝန်း ဒေသ အသီးသီးမှာလည်း အရပ်သားပြည်သူတွေကိုပစ်မှတ်ထားတဲ့လေကြောင်း တိုက်ခိုက်မှုတွေဆက်တိုက်ပြုလုပ်နေလို့ ပြည်သူသေဆုံးထိခိုက်မှုတွေ မကြာခဏ ဖြစ်ပေါ်လျက်ရှိပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ဒေါ်အောင်ဆန်းစုကြည်ရဲ့ နိုင်ငံရေးဦးဆောင်မှု ကဏ္ဍဟာ အစားထိုးမရနိုင်အောင်အရေးပါနေဆဲလို့ စစ်ကိုင်းဖက်ဒရယ်ယူနစ်အစိုးရ ထုတ်ပြန်

အတွေးအမြင်

အမေရိကန်နိုင်ငံရေးအခင်းအကျင်းမှာ ၂၀၂၆ ခုနှစ်အလယ်သက်တမ်းရွေးကောက်ပွဲကို မျက်စိကျလာနေချိန်မှာ သမ္မတဒေါ်နယ်ထရမ့်အတွက် စိုးရိမ်စရာအချက်တစ်ခု ထင်ထင်ရှားရှားပေါ်လာနေပါတယ်။ အဲဒါကတော့ နှစ်ပေါင်းများစွာ သူ့ရဲ့ နိုင်ငံရေးအင်အား အခြေခံအဖြစ် ရပ်တည်ခဲ့တဲ့ အလုပ်သမားတန်းစား လူဖြူ မဲဆန္ဒရှင်တွေကြားမှာ စီးပွားရေးအပေါ် ယုံကြည်မှု လျော့နည်းလာခြင်းပါ။

သတင်း

စစ်ကိုင်းတိုင်း၊ မုံရွာမြို့ပေါ်မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ဆိုင်ကယ်စီးနင်းသူတွေကို လိုက်လံစစ်ဆေးဖမ်းဆီးပြီး ကျပ်သိန်းချီတောင်းနေကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

​မကွေးတိုင်း၊ ရေစကြိုမြို့မှာ စစ်အုပ်စုက ကျေးရွာတွေကနေ စျေးဝယ်တက်လာတဲ့ စျေးကားတွေပေါ်က ပြည်သူတွေကို ငွေကြေး အဓမ္မတောင်းခံနေကြောင်း ဒေသခံတွေက ပြောပါတယ်။