ဇူလိုင် ၂၉၊ ၂၀၂၆။သတိုး/People’s Spring
စစ်တပ်က စစ်ဖက်ဆိုင်ရာအဖြစ် အသုံးပြုနေတဲ့ ရှေးဟောင်းမြို့တော်ပုဂံ၊ညောင်ဦးမြို့က လေဆိပ်ကို ရှော့တိုက်ဒုန်းတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ Brave Warriors for Myanmar (BWM) အဖွဲ့က ထုတ်ထားပြန်ပါတယ်။
ပုဂံ၊ညောင်ဦးလေဆိပ်ဟာ ပြည်သူတွေကို လေကြောင်းတိုက်ခိုက်မှုတွေပြုလုပ်နေတဲ့ စစ်တပ်ရဲ့ ရဟတ်ယာဉ်တွေ နဲ့ Gyrocopter တွေထားရှိပြီး ပြီးခဲ့တဲ့ ၂လလောက်ကစပြီး အညာဒေသက ပြည်သူတွေကို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ရာမှာ အဓိက အသုံးပြုနေတဲ့ လေဆိပ်ဖြစ်တယ်လို့ ညောင်ဦးဒေသမှာ အခြေစိုက်တဲ့ တော်လှန်ရေးတပ်ဖွဲ့ ခေါင်းဆောင်တစ်ဦးက မှတ်ချက်ပြုပါတယ်။
” ဖြစ်စဉ်က မှန်ပါတယ်။ ညောင်ဦးလေဆိပ်ကို ပစ်တာ။ ညောင်ဦးလေဆိပ်က ခရီးသည်တွေအတွက်ပဲ သုံးတဲ့လေဆိပ်မဟုတ်တော့တာ ကြာပြီလေ။ တစ်လလောက်ရှိပြီ။ အညာဒေသက မကွေးတိုင်း ဆောတို့ မြိုင်တို ကျောက်ထုဒေသတွေကို ဂျက်ဖိုက်တာနဲ့ ပစ်နေတာက ညောင်ဦးလေဆိပ်က တက်သွားတဲ့ ဟာတွေပဲ။ လေဆိပ်က စစ်ဖက်သုံးလေဆိပ်ဖြစ်နေပြီ”လို့ ညောင်ဦးဒေသက တော်လှန်ရေးတပ်ဖွဲ့ရဲ့ ခေါင်းဆောင်တစ်ဦးက လူထုနွေဦးကို ပြောပါတယ်။

Public Service Announcement
အဲဒီစစ်ဆင်ရေးကို BWM ရဲ့ဦးဆောင်မှုနဲ့ No More Dictatorship (NMD-PDF) ၊ Infinity (အညာ) ၊ Justice Brothers Force၊ ဆားတောင်မိုးကြိုးအဖွဲ့၊ တောင်သာပလဖအဖွဲ့ နဲ့ ညောင်ဦးခရိုင် ရင်း (၅)တို့ပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ်ပြီး ဇူလိုင် ၂၈ ရက် ညက ၁၀၇ မမ ရှော့တိုက်ဒုန်း ၈ လုံးပစ်ခတ်ခဲ့ရာမှာ ၅ လုံးအောင်မြင်ခဲ့တယ်လို့ BWM ထုတ်ပြန်ပါတယ်။
“နေ့စဉ် ရဟတ်ယာဉ်ဖြင့် ဗုံးကြဲခြင်း၊ gyrocopter ဖြင့် ပစ်ခတ်ခြင်းတို့ကြောင့် အပြစ်မဲ့ ကလေးငယ်များနှင့် ပြည်သူများ နေ့စဉ် အသက်ဆုံး ရှုံးနေရသဖြင့် BWMနှင့် မဟာမိတ်အဖွဲ့ တို့ က ညောင်ဦးလေဆိပ် ရှိ Mi35 ၊ ဆီလှောင်ကန် နှင့် gyrocopterများ ထားရာသို့ရည်ရွယ် တိုက်ခိုက်ခြင်းဖြစ်ပါသည်။”လို့ ထုတ်ပြန်ထားပါတယ်။
စစ်တပ်အနေနဲ့ မကွေးလေတပ်စခန်းက Mi 35 ရဟတ်ယာဉ်နဲ့ Gyrocopter တွေကို မေလကတည်းက ညောင်ဦးလေဆိပ်ကို ရွှေ့ပြောင်းခဲ့တာဖြစ်ပြီး ညောင်ဦးလေဆိပ်ကနေ ပခုက္ကူ၊ မြိုင်၊ ပေါက် အပါအဝင် ချင်းတောင် ကျောက်ထုဘက် နဲ့မြစ်ချေ မြို့ဝန်းကျင်ကို နေ့စဉ်ဗုံးကြဲတိုက်ခိုက်နေတာလို့ BWM ရဲ့ ထုတ်ပြန်ချက်မှာလည်း ဖော်ပြထားပါတယ်။
ညောင်ဦးလေဆိပ်ကို စစ်တပ်ရဲ့ လေကြောင်း တိုက်ခိုက်ရေးမှာ အဓိကအသုံးပြုတဲ့ Y8 နဲ့ Y12 ယာဉ်တွေ မကြာခဏဆင်းသက်ရပ်နားတာတွေ ပြုလုပ်တယ်လို့လည်း သိရပါတယ်။
အခုစစ်ဆင်ရေးက BWM ရဲ့ Mission 57 အနေနဲ့ တိုက်ခိုက်ခဲ့တာဖြစ်ပြီး ပါဝင်ကူညီပေးကြတဲ့ မဟာမိတ်အဖွဲ့တွေကို ကျေးဇူးတင်ကြောင်းနဲ့ ဆက်လက်လက်တွဲတိုက်ပွဲဝင်ကြဖို့ တိုက်တွန်းထားပါတယ်။
















































