ရုရှားနိုင်ငံ၊ မော်စကို မြို့တော်မှာ လက်လုပ်ဗုံးတစ်လုံး ပေါက်ကွဲမှုကြောင့် လူ ၃ ဦး သေဆုံးပြီး ၂၁ ဦး ဒဏ်ရာရခဲ့ကြောင်း သိရပါတယ်။
ဩဂုတ် ၁ ရက်နေ့ ညပိုင်းတုန်းက မော်စကိုမှာရှိတဲ့ အီတလီ စားသောက်ဆိုင် တစ်ခုမှာ ဗုံးကွဲမှု ဖြစ်ခဲ့တာပါ။ ဗုံးပေါက်ခဲ့တဲ့ ကူဒရင်စကာယာ ရင်ပြင်ဟာ မော်စကို မြို့တော်ခန်းမနားမှာ တည်ရှိပါတယ်။
အမျိုးသမီး တစ်ဦးဟာ ဖောက်ခွဲရေး ပစ္စည်းပါတဲ့ အိတ်ကို ကိုင်ရင်း စားသောက်ဆိုင်ထဲ ဝင်ဖို့ ကြိုးစားခဲ့ပေမယ့် လုံခြုံရေး ဝန်ထမ်းတစ်ဦးက တားဆီးခဲ့ကြောင်း၊ အဲဒီ အချိန်မှာပဲ ဗုံးက ထပေါက်ခဲ့ပြီး အမျိုးသမီးရော၊ လုံခြုံရေး ဝန်ထမ်းရော၊ တခြား ဧည့်သည်တစ်ဦးပါ သေဆုံးခဲ့ကြောင်း ရုရှား အမျိုးသား အကြမ်းဖက်မှု တိုက်ဖျက်ရေး ကော်မတီ (NAK)က ထုတ်ပြန်ခဲ့ပါတယ်။
အခင်းဖြစ်ပွားတဲ့ စားသောက်ဆိုင်ဟာ မော်စကိုရဲ့ အထူးထင်ရှားတဲ့ စတာလင်ခေတ် မိုးမျှော်တိုက်တွေနားမှာ တည်ရှိပြီး ပုဂ္ဂလိကပိုင် ဖြစ်ပါတယ်။ ဗုံးခွဲမှုဟာ ဘယ်သူ့ကို အဓိက ပစ်မှတ်ထားသလဲ ဆိုတာကိုတော့ NAKက မှတ်ချက် မပေးသေးပါဘူး။

Public Service Announcement
ပေါက်ကွဲမှုအပြီး အဆောက်အအုံထဲကနေ သွေးအလူးလူး ပေကျံနေသူတွေကို ခေါ်ထုတ်လာတာကိုလည်း တွေ့ခဲ့ရကြောင်း မျက်မြင်တွေက ပြောပါတယ်။ အစောပိုင်း သတင်းတွေမှာတော့ စားသောက်ဆိုင်ရဲ့ မီးဖိုချောင်မှာ ပေါက်ကွဲမှု ဖြစ်ခဲ့တာလို့ ဖော်ပြထားပေမယ့် တရားဝင် ထုတ်ပြန်ချက်မှာတော့ ပေါက်ကွဲမှုဟာ အဆောက်အအုံ အပြင်ဖက်မှာ ဖြစ်ခဲ့တာလို့ ပါရှိခဲ့ပါတယ်။
ပေါက်ကွဲမှုအပြီး အနီးတဝိုက် လမ်းတွေကို ယာယီ ပိတ်ခဲ့ရပြီး မော်တော်ဆိုင်ကယ်တွေ ဒါဇင်နဲ့ချီ စုဝေးပြီး မြို့ထဲ လှည့်လည်မယ့် အစီအစဉ် တစ်ခုကိုလည်း ဖျက်သိမ်းခဲ့ရပါတယ်။
ဗုံးပေါက်ကွဲမှုနဲ့ ပတ်သက်ပြီး ဘယ်အဖွဲ့အစည်းကမှလည်း တာဝန်ရှိကြောင်း ထုတ်ပြန်ကြေညာလာတာမျိုး မတွေ့ရသေးပါဘူး။ ပြီးခဲ့တဲ့ နှစ်ပိုင်းတွေအတွင်း ရုရှားရဲ့ စစ်ရေးဆိုင်ရာ ထိပ်ပိုင်း အရာရှိကြီး တချို့ဟာ ပြည်တွင်းမှာရော၊ ပြည်ပမှာပါ လုပ်ကြံ သတ်ဖြတ်မှုတွေ ခံခဲ့ရပါတယ်။ ရုရှားကတော့ အဲဒီလုပ်ရပ်တွေကို ယူကရိန်းက ကျူးလွန်တာလို့ စွပ်စွဲထားပါတယ်။
ကိုးကား: BBC

















































