ရုရှား သမ္မတ ဗလာဒီမာ ပူတင်ကို လူသားချင်းစာနာထောက်ထားသူ (humanitarian) တစ်ဦးလို့ ချီးကျူး ပြောဆိုခဲ့တဲ့ အမေရိကန် အစိုးရ ကိုယ်စားလှယ်ဟာ ဝေဖန်မှုတွေနဲ့ ရင်ဆိုင်နေရပါတယ်။
အိမ်နီးချင်း ယူကရိန်း နိုင်ငံကို မတရား ကျူးကျော်စစ် ဆင်နွှဲပြီး လူ့အသက်ပေါင်း များစွာကို သေဆုံးစေခဲ့တဲ့ ရုရှားသမ္မတနဲ့ အောက်တိုဘာ ၂၁ ရက်နေ့တုန်းက ရုရှားနိုင်ငံ၊ စိန့်ပီတာစဘာ့ဂ်မြို့မှာ တွေ့ဆုံချိန် အမေရိကန် အစိုးရ အထူးကိုယ်စားလှယ် စတိဗ်ဝစ်ကော့ဖ်က အဲဒီလို ချီးကျူး ပြောဆိုခဲ့တာ ဖြစ်ပါတယ်။ ဝစ်ကော့ဖ်ဟာ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ခန့်အပ်ထားတဲ့ အထူးကိုယ်စားလှယ်ဖြစ်ပြီး ရုရှားနဲ့ ယူကရိန်း စစ်ပြေငြိမ်းရေးကိစ္စ ကြားဝင်စေ့စပ်ပေးမှုတွေကိုလည်း အဓိက ဦးဆောင်နေပါတယ်။
ပူတင်နဲ့ တွေ့ဆုံမှုမှာတော့ ဝစ်ကော့ဖ်ဟာ ရုရှားက ဖမ်းဆီးထားတဲ့ အမေရိကန် နိုင်ငံသား စတီဖန် ဟူးဘတ်ဒ် လွတ်မြောက်ရေး၊ ရုရှားရဲ့ ဒီဇယ်ဆီတွေ အမေရိကန် ဝယ်ယူရေးနဲ့ ယူကရိန်းစစ်ပွဲ ကိစ္စတွေကို ဆွေးနွေးခဲ့ပါတယ်။ အခုအခါ ရုရှားက ဟူးဘတ်ဒ်ကို ပြန်လွှတ်ပေးလိုက်ပြီ ဖြစ်ပါတယ်။
ဝစ်ကော့ဖ်က ပူတင်ဟာ သမ္မတ ထရမ့်ကို လူသားအကျိုးဆောင်ရွက်သူ တစ်ဦးအဖြစ် ရည်ညွှန်းလေ့ ရှိပေမယ့် ပူတင် ကိုယ်တိုင်ကလည်း လူသားတွေရဲ့ အကျိုးစီးပွားကို လိုလားဆောင်ရွက်သူ တစ်ဦးဖြစ်ကြောင်း၊ အဲဒီအတွက်လည်း သူက လေးစားမိကြောင်း ပူတင်ကို ပြောကြားခဲ့တာပါ။

Public Service Announcement
နောက်ပိုင်းမှာ ကရင်မလင် နန်းတော်ရဲ့ ထုတ်ပြန်ချက်မှာတော့ ဝစ်ကော့ဖ်နဲ့ပူတင် တွေ့ဆုံအပြီး ရုရှားဟာ အမေရိကန်၊ ယူကရိန်းတို့နဲ့ ဆွေးနွေးမှုတွေ ပြန်စဖို့ အသင့်ရှိနေကြောင်း ဖော်ပြထားပါတယ်။
တစ်ဖက်မှာတော့ ပူတင်ကို လူသားချင်းစာနာထောက်ထားသူလို့ ချီးကျူးခဲ့တဲ့ ဝစ်ကော့ဖ်ရဲ့ စကားအပေါ် လူမှုကွန်ရက်ပေါ်မှာ အမေရိကန်ရဲ့ ထိပ်တန်း နိုင်ငံရေးသမားတွေကအစ ဝိုင်းဝန်း ဝေဖန်နေပါတယ်။ ရီပတ်ဘလစ်ကန် အထက်လွှတ်တော် အမတ် တစ်ဦးဖြစ်တဲ့ သွမ်တစ်လစ္စက ဝစ်ကော့ဖ်အနေနဲ့ လူသားချင်းစာနာထောက်ထားသူဆိုတဲ့ ဝေါဟာရရဲ့ အဓိပ္ပါယ်ကို အရင်ဆုံး သေချာပြန်ပြီး ဆန်းစစ်သင့်တယ်လို့ Xမှာ ရေးသားထားပါတယ်။
ထရမ့်ကတော့ တစ်သက်လုံး ထောင်ထဲမှာ နေရတော့မယ်လို့ ထင်မှတ်ထားသူ တစ်ဦးကို ပူတင်က ပြန်လွှတ်ပေးလိုက်လို့ ဝစ်ကော့ဖ်က အခုလို ပြောခဲ့တာ ဖြစ်ပါလိမ့်မယ်လို့ မှတ်ချက်ပေးထားပါတယ်။ ဒါပေမဲ့ ဒီအကြောင်းကို ရေးကြီးခွင်ကျယ် ဆွေးနွေးမနေချင်ဘူးလို့လည်း ထရမ့်က ဆိုပါတယ်။
အမေရိကန် ဒုတိယ သမ္မတ ဂျိမ်းစ်ဒေးဗစ် ဗန့်စ်ကလည်း ဝစ်ကော့ဖ်ဖက်ကနေ ရပ်တည်ခဲ့ပြီး အမေရိကန် အကျဉ်းသားကို လောလောလတ်လတ် လွှတ်ပေးလိုက်တဲ့သူကို ကောင်းကောင်းမွန်မွန် ချီးကျူးတဲ့ လုပ်ရပ်က ဘာမှ မမှားကြောင်း၊ ဝစ်ကော့ဖ်ဟာ သံတမန်ရေး တာဝန်ယူထားသူ တစ်ဦးဖြစ်ပြီး သူ့တာဝန်သူ ကျေပြွန်ဖို့ပဲ အရေးကြီးကြောင်း ပြောကြားသွားပါတယ်။
ကိုးကား: AFP




















































