နိုင်ငံရဲ့ လေထုညစ်ညမ်းမှု ပြဿနာ အရမ်းဆိုးလာတဲ့နောက် တောမီးရှို့တဲ့ ကုမ္ပဏီတွေ၊ စီးပွားရေး လုပ်ငန်းတွေကို လုပ်ငန်းလိုင်စင် ရုပ်သိမ်းဖို့ အင်ဒိုနီးရှား သမ္မတ ပရာဘိုဝို ဆူဘီယန်တိုက အမိန့်ပေးလိုက်ပါတယ်။
အင်ဒိုနီးရှားရဲ့ မြို့ကြီးတွေသာ မကဘဲ အိမ်နီးချင်း မလေးရှားနဲ့ စင်ကာပူတို့မှာပါ တောမီးပြဿနာကြောင့် မီးခိုးမြူတွေ ထူထပ်ပြီး လေထုညစ်ညမ်းတဲ့ ပြဿနာကို ရင်ဆိုင်လာရချိန်မှာ အခုအမိန့် ထွက်ပေါ်လာတာပါ။
အင်ဒိုနီးရှားမှာ လောင်ကျွမ်းတဲ့ တောမီး အများစုဟာ သဘာဝအတိုင်း ဖြစ်ပေါ်တာမျိုး မဟုတ်ကြပါဘူး။ ဆီအုန်းနဲ့ သစ်ပျော့ဖတ် စိုက်ခင်းတွေ တိုးချဲ့ဖို့အတွက် လူတွေက တမင်မီးရှို့ကြတာပါ။ ဒီလုပ်ရပ်ကို ဥပဒေတွေနဲ့ တားမြစ်ထားပေမယ့်လည်း စက်ယန္တရားတွေ အသုံးပြုပြီး မြေရှင်းတာထက် အများကြီး စရိတ်သက်သာတာကြောင့် တရားမဝင်ဘဲ ကျယ်ကျယ်ပြန့်ပြန့် သုံးစွဲနေတဲ့ နည်းလမ်းလည်း ဖြစ်ပါတယ်။
အဲဒီလို တောမီးရှို့တာကို တပိုင်တနိုင် စိုက်ပျိုးသူတွေသာ မကဘဲ ဆီအုန်းနဲ့ စက္ကူထုတ်လုပ်တဲ့ ကုမ္ပဏီကြီးတွေကပါ အသုံးပြုနေကြပါတယ်။ ဒါကြောင့်လည်း ပရာဘိုဝိုက ဒီလုပ်ရပ် ကျူးလွန်နေတဲ့ လုပ်ငန်းကြီးတွေကို စိစစ်ဖော်ထုတ်ပြီး အထောက်အထား ခိုင်မာရင် လုပ်ငန်းပိတ်သိမ်းပစ်ဖို့ထိ အရေးယူဖို့ စီစဉ်လာခဲ့တာပါ။

Public Service Announcement
ဘယ်ကုမ္ပဏီဖြစ်ဖြစ်၊ ဘယ်သူက ပိုင်တာပဲဖြစ်ဖြစ်၊ တောမီး သေးသေးလေးရှို့ဖို့ အမိန့်ပေးခဲ့တယ် ဆိုရင်တောင်မှ လိုင်စင်ပြန်သိမ်းပစ်မယ်လို့ ပရာဘိုဝိုက ဆိုပါတယ်။ ဒီလို ကုမ္ပဏီတွေ အားလုံး လုပ်ငန်းလည်ပတ်ခွင့် ရပ်နားရမှာဖြစ်ကြောင်း၊ ဒီစကားကို သူက အလေးအနက် ပြောနေတာဖြစ်ကြောင်းလည်း ပရာဘိုဝိုက သစ်တောဌာန တာဝန်ရှိသူတွေနဲ့ အစည်းအဝေး တစ်ခုမှာ ပြောဆိုသွားပါတယ်။
စီးပွားရေး လုပ်ငန်းတွေသာ မကဘဲ တစ်ဦးချင်း အဆင့်မှာလည်း ဘယ်လို အကြောင်းနဲ့ဖြစ်ဖြစ် မီးရှို့တာတွေ မလုပ်အောင် တားဆီးကြဖို့လည်း အာဏာပိုင်တွေကို ပရာဘိုဝိုက တောင်းဆိုခဲ့ပါတယ်။
စိုက်ပျိုးရေး လုပ်ငန်းအတွက် တောရှင်းဖို့ လိုတဲ့သူတွေဟာ မီးတင်ရှို့လိုက်မယ့်အစား အစိုးရဆီက အကူအညီကို တောင်းခံသင့်ကြောင်းလည်း သူက ဆိုပါတယ်။
ပရာဘိုဝိုဟာ ဩဂုတ် ၂၄ ရက်နေ့တုန်းကလည်း တောမီးကြောင့် လေထုညစ်ညမ်းမှု ပြဿနာ ဆိုးရွားနေတဲ့ ပါလမ်ဘန်းကို သွားရောက်ပြီး အာဏာပိုင်တွေ အနေနဲ့ ထိထိရောက်ရောက် တုံ့ပြန်ကိုင်တွယ်မှုတွေ လုပ်ဆောင်ကြဖို့ တိုက်တွန်းခဲ့ပါတယ်။
အင်ဒိုနီးရှား အစိုးရဟာ ဂြိုဟ်တု ဓာတ်ပုံတွေကို အသုံးပြုပြီး တောမီးလောင်ကျွမ်းတဲ့ နေရာတွေကို စိစစ် အတည်ပြုနေသလို တောမီးငြှိမ်းသတ်ရေးအတွက် ရဟတ်ယာဉ်တွေ၊ အဆင့်မြင့် နည်းပညာတွေကိုပါ အသုံးပြုနေတယ်လို့ ထုတ်ပြန်ထားပါတယ်။
ဆူမားတြားနဲ့ ကာလီမန်တန်တို့မှာတော့ တောမီးတွေကြောင့် မြေဧက ၈၅၀၀၀ လောက် ပြာကျပျက်စီးခဲ့ပြီး ဖြစ်ပါတယ်။ အင်ဒိုနီးရှား သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာနရဲ့ နောက်ဆုံး ထုတ်ပြန်တဲ့ အချက်အလက်တွေအရ ဆူမားတြား တောင်ပိုင်းမှာ နေရာပေါင်း ၁၄၂၉ ခုမှာ တောမီးတွေ ပျံ့နှံ့ လောင်ကျွမ်းနေပြီး ကာလီမန်တန် အနောက်ပိုင်းမှာ ၁၂၂၆ နေရာနဲ့ ကာလီမန်တန် အလယ်ပိုင်းမှာ ၈၁၁ နေရာ တောမီးလောင်နေတယ်လို့ သိရပါတယ်။
ဒါ့အပြင် ရိုင်ယူ၊ အနောက်ပါပူအာနဲ့ ဂျမ်ဘင်တဝိုက်မှာလည်း ပျမ်းမျှ တောမီးပမာဏ ၅၀၀ ကျော်လောက် ပျံ့နှံ့ လောင်ကျွမ်းနေကြပါတယ်။
ကိုးကား: CNA


















































