လေထု အရည်အသွေး ဆိုးရွားနေမှု ပြဿနာကြောင့် မလေးရှားနိုင်ငံ၊ ဂျိုဟိုးပြည်နယ်ထဲမှာ ကျောင်းတွေ ဆက်ပြီး ပိတ်ထားလိုက်ရပါတယ်။
မလေးရှား တောင်ပိုင်းက ဂျိုဟိုးပြည်နယ်မှာ မီးခိုးမြူတွေ ထူထပ်ပြီး လေထုညစ်ညမ်းနေတဲ့ အခြေအနေကြောင့် အောက်တိုဘာ ၉ ရက်နေ့မှာ ကျောင်းတွေ စပြီး ပိတ်ထားခဲ့ရပါတယ်။ ဒါပေမဲ့ လေထု အရည်အသွေးက တိုးတက်မလာသေးတဲ့အတွက် အခု သီတင်းပတ်မှာပါ ကျောင်းတွေ ဆက်ပြီး ပိတ်ထားမယ့်အကြောင်း ပြည်နယ် ပညာရေးနဲ့ သတင်းအချက်အလက် ကော်မတီ ဥက္ကဋ္ဌ မူဟာမက် နာကစ်ဘ် မက် ဂါဇာလီက ကြေညာခဲ့ပါတယ်။
ဒါကြောင့် အောက်တိုဘာ ၁၂ ရက်ကနေ ၁၆ ရက်နေ့ထိ ဂျိုဟိုးမှာ ရှိတဲ့ ကျောင်းတွေနဲ့ ပညာရေးဆိုင်ရာ ဌာနအားလုံးကို ၅ ရက်ကြာ ဆက်ပြီး ပိတ်ထားမှာပါ။ အောက်တိုဘာ ၉ ရက်နေ့က ဂျိုဟော်မှာ ကျောင်းတွေ ပိတ်ခဲ့တဲ့နောက် မီးခိုးမြူ ပြဿနာ ကြုံနေတဲ့ အနီးတဝိုက် ပြည်နယ်တချို့ကလည်း အလားတူ ကျောင်းတွေ ပိတ်ခဲ့ပါတယ်။
The Star သတင်းဌာနက ဂျိုဟိုးမှာ ကျောင်းစုစုပေါင်း ၁၁၉၈ ကျောင်း ပိတ်ရမှာဖြစ်ပြီး ကျောင်းသူကျောင်းသား ၆၁၇၂၅၈ ဦးအပေါ် သက်ရောက်မှု ရှိစေခဲ့ကြောင်း ဖော်ပြခဲ့ပါတယ်။ အဲဒီ ကျောင်းတွေဟာ ပညာရေး ဝန်ကြီးဌာန လက်အောက်ခံ ကျောင်းတွေရော၊ ပြည်နယ်အစိုးရရဲ့ ဘာသာရေး ကျောင်းတွေပါ အကျုံးဝင်ပါတယ်။

Public Service Announcement
အစောပိုင်းက ကျောင်းတွေမှာ လပတ်စာမေးပွဲတွေ ရှိပေမယ့် လက်ရှိ အခြေအနေ အရတော့ ရွှေ့ဆိုင်းထားလိုက်ရပါတယ်။ နောက်ပြီး အွန်လိုင်းကနေ သင်ယူတာမျိုး နည်းလမ်းတွေကိုတော့ ဖြစ်နိုင်ခြေ ရှိသမျှ အားပေး ထောက်ခံထားပြီး ကလေးတွေရဲ့ ပညာရေး သင်ယူခွင့်တွေ ပြတ်တောက်မသွားစေဖို့ ရည်ရွယ်ထားကြောင်း နာကစ်ဘ်က ဆိုပါတယ်။
အောက်တိုဘာ ၁၁ ရက် မနက်ပိုင်းထိ အခြေအနေအရ မလေးရှားရဲ့ နေရာဒေသ ၁၅ ခုရဲ့ လေထုဟာ ကျန်းမာရေးအတွက် မသင့်တော်တဲ့အဆင့် ရောက်နေတယ်လို့ ကြေညာထားပြီး အဲဒီထဲက ၈ ခုဟာ ဂျိုဟိုးပြည်နယ်ထဲမှာ ဖြစ်ပါတယ်။
နာကစ်ဘ်ကတော့ ဂျိုဟိုးပြည်နယ် အစိုးရဟာ သက်ဆိုင်ရာ အေဂျင်စီတွေနဲ့ ပူးပေါင်းဆောင်ရွက်ရင်း ပြည်နယ်ရဲ့ လေထုအခြေအနေကို မျက်ခြေမပြတ် ဆက်လက် စောင့်ကြည့်သွားမယ်လို့ ပြောကြားထားပါတယ်။
ကိုးကား: CNA



















































