အကြမ်းဖက် ကွန်ရက်တွေနဲ့ ဆက်နွှယ်တယ်လို့ သံသယရှိသူ ၁၁ ဦးကို ဖမ်းဆီးထားကြောင်း အင်ဒိုနီးရှား အာဏာပိုင်တွေက ပြောပါတယ်။
အောက်တိုဘာ ၂ ရက်နေ့ကစပြီး အင်ဒိုနီးရှားရဲ့ ဒေသကြီး ၆ ခုမှာ စစ်ဆင်ရေးတွေ ဆက်တိုက် လုပ်ဆောင်ခဲ့တဲ့နောက် အခုလို ဖမ်းဆီးမှုတွေ ရှိလာခဲ့တာပါ။ အောက်တိုဘာ ၄ ရက်နေ့မှာတော့ ရဲတပ်ဖွဲ့ရဲ့ အကြမ်းဖက်မှု တိုက်ဖျက်ရေး အထူးယူနစ် ပြောရေးဆိုခွင့်ရ အရာရှိ မန်ဒရာ အက်ကာ ဝက်ဒ်ဟာနာက အနောက်ဂျာဗား၊ အလယ်ဂျာဗား၊ အလယ်ပိုင်း ဆူာဝေဆီ၊ တောင်ပိုင်း ဆူလာဝေဆီ၊ ရိုင်ယူနဲ့ မြောက်ပိုင်း မာလာကူ ဒေသတွေမှာ အသက် ၂၂ နှစ်နဲ့ ၅၂ နှစ်ကြား အင်ဒိုနီးရှား ၁၁ ဦးကို ဖမ်းဆီးခဲ့ကြောင်း အတည်ပြုခဲ့ပါတယ်။
ဖမ်းမိသူတွေဟာ ဒါဟူလာ အစ္စလာမ်မီယာနဲ့ တခြား အကြမ်းဖက် ကွန်ရက်တွေနဲ့ အဆက်အစပ် ရှိတယ်လို့ ယုံကြည်ရကြောင်း ဝက်ဒ်ဟာနာ ပြောပါတယ်။ ဒါဟူလာ အစ္စလာမ်မီယာ ဆိုတာက ကမ္ဘာကျော် အိုင်အက်စ် အကြမ်းဖက် အဖွဲ့ကို သစ္စာခံတဲ့ ဒေသခံ အစွန်းရောက် အကြမ်းဖက်ဝါဒီ အင်အားစုတွေကို ဆိုလိုတာပါ။
စုံစမ်းစစ်ဆေးမှုတွေ၊ စီးနင်းရှာဖွေမှုတွေ၊ သက်သေခံပစ္စည်း သိမ်းဆည်းမှုတွေရဲ့ နောက်ဆက်တွဲအဖြစ် အခုလိုမျိုး လူတစ်ဒါဇင် နီးပါးလောက်ကို ဖမ်းဆီးခဲ့တာလို့လည်း ဝက်ဒ်ဟာနာက ပြောပါတယ်။

Public Service Announcement
အဖမ်းခံရသူတွေထဲမှာ သက်ဆိုင်ရာ လှုပ်ရှားနေတဲ့ ကွန်ရက် အသီးသီးရဲ့ မတူညီတဲ့ တာဝန်ကို ယူထားသူတွေ ရောနှောနေတယ်လို့ ဆိုပါတယ်။ အဲဒီထဲမှာ လူသစ် စုဆောင်းသူတွေ၊ လေ့ကျင့်ပေးသူတွေ၊ အစွန်းရောက် ဝါဒတွေ ဖြန့်ဝေနေသူတွေ၊ အကြမ်းဖက် တိုက်ခိုက်မှုတွေအတွက် စီမံကိန်း ရေးဆွဲပေးသူတွေလည်း ပါဝင်နေတယ်လို့ သိရပါတယ်။
စုံစမ်း သိရှိထားတဲ့ အကြောင်းအရာတွေထဲမှာတော့ ဒေသပေါင်းစုံက ဒါဟူလာ အစ္စလာမ်မီယာ ဆဲလ်တွေ အွန်လိုင်းမှာ စုဝေးပြီး အစည်းအဝေး လုပ်ခဲ့တာမျိုးလည်း ပါဝင်တယ်လို့ ဝက်ဒ်ဟာနာက ဆိုပါတယ်။
လေ့ကျင့် သင်တန်းပေးမှုတွေထဲမှာ လက်နက်ကိုင် ပစ်ခတ်တာတွေ၊ ကာယကြံ့ခိုင်မှုအတွက် စီစဉ်ပေးတာတွေနဲ့ အကြမ်းဖက် စစ်သွေးကြွ ဝါဒနဲ့ ဆက်စပ်တဲ့ တခြားကိစ္စတွေ ပါဝင်တယ်လို့လည်း သိရပါတယ်။ အဲဒီ အကြမ်းဖက် ကွန်ရက်တွေက ဘယ်နေရာတွေမှာ တိုက်ခိုက်မှုတွေ ကျူးလွန်ဖို့ စီစဉ်ထားသလဲ ဆိုတာကိုတော့ ရဲတပ်ဖွဲ့က အသေးစိတ် မှတ်ချက် မပေးပါဘူး။
မေလတုန်းလည်း အင်ဒိုနီးရှား ရဲတပ်ဖွဲ့ရဲ့ အကြမ်းဖက် နှိမ်နင်းရေး ယူနစ်ဟာ အိုင်အက်စ်နဲ့ ဆက်နွှယ် ပတ်သက်တဲ့ အကြမ်းဖက် ကွန်ရက် တစ်ခုထဲက လူ ၈ ဦးကို ဖော်ထုတ် ဖမ်းဆီးရမိခဲ့ပါတယ်။ သူတို့တွေဟာ အစွန်းရောက် ဝါဒနဲ့ အကြမ်းဖက် အားပေး ဟောပြောမှု၊ စည်းရုံးလှုံ့ဆော်မှုတွေကို လူမှုကွန်ရက်ကနေ ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်ခဲ့ကြကြောင်း အစိုးရ ရှေ့နေတွေက ပြောကြားခဲ့ပါတယ်။
ကိုးကား: CNA



















































