ပထမဆုံး ပိုင်ဆိုင်ခွင့် ရလာမယ့် လေယာဉ်တင် သင်္ဘောကြီး ဆိုက်ရောက်လာမှုကို အင်ဒိုနီးရှားက ကြိုဆိုခဲ့ပါတယ်။
သက်တမ်း ၄၁ နှစ်ကြာ အသုံးပြုခဲ့တဲ့နောက် ITS Giuseppe Garibaldi လေယာဉ်တင် သင်္ဘောကို အီတလီ ရေတပ်က အင်ဒိုနီးရှားဆီ လွှဲပြောင်းပေးခဲ့တာပါ။ အဲဒီရေယာဉ်ကြီးကို ဝယ်ယူခဲ့တာ မဟုတ်ဘဲ နှစ်ဖက်အစိုးရတွေ ညှိနှိုင်းမှုနဲ့ လက်လွှဲယူခဲ့တာ ဖြစ်တယ်လို့ အင်ဒိုနီးရှားက ထုတ်ပြန်ထားပါတယ်။
စက်တင်ဘာ ၁၈ ရက်နေ့မှာတော့ အီတလီ ရေတပ် အစောင့်အရှောက်နဲ့ ခုတ်မောင်းလာတဲ့ ITS Giuseppe Garibaldiဟာ အင်ဒိုနီးရှားနိုင်ငံ၊ ဂျကာတာမြို့တော် မြောက်ပိုင်းက တန်ဂျွန်ပရီရော့ ဆိပ်ကမ်းမှာ ဆိုက်ကပ်ခဲ့ပါတယ်။
လေယာဉ်တင် သင်္ဘောကို အင်ဒိုနီးရှား စစ်တပ်က စစ်ဘက်အခမ်းအနား တစ်ခုနဲ့ ကြိုဆိုခဲ့ပါတယ်။ ပြေးလမ်းတိုသာ လိုအပ်တဲ့ တိုက်လေယာဉ်တွေ၊ ပြီးတော့ ရဟတ်ယာဉ်တွေကို တင်ဆောင်နိုင်တဲ့ အသေးစား လေယာဉ်တင် သင်္ဘောကို ၂၀၂၄ ခုနှစ်မှာ အီတလီ ရေတပ်က အနားပေးခဲ့ပါတယ်။ မတ်လမှာတော့ နှစ်နိုင်ငံ ညှိနှိုင်းမှုတွေအရ ITS Giuseppe Garibaldiကို အင်ဒိုနီးရှားဆီ လွှဲပေးဖို့ အီတလီက သဘောတူခဲ့ပါတယ်။ အဲဒီ ဆုံးဖြတ်ချက်ဟာ နှစ်နိုင်ငံကြား ပူးပေါင်းဆောင်ရွက်မှုတွေ မြှင့်တင်လာနေခြင်းရဲ့ အစိတ်အပိုင်း တစ်ခုလည်း ဖြစ်ပါတယ်။

Public Service Announcement
အင်ဒိုနီးရှားဟာ အခုရေယာဉ်ကြီးကို ရေတပ်အတွက် စတင် အသုံးပြုနိုင်မယ်ဆိုရင် အရှေ့တောင်အာရှ ဒေသမှာ လေယာဉ်တင်သင်္ဘော ပိုင်ဆိုင်တဲ့ ဒုတိယမြောက် နိုင်ငံ ဖြစ်လာမှာပါ။ ထိုင်းကတော့ ၁၉၉၇ ခုနှစ် ကတည်းက HTMS Chakri Naruebet လေယာဉ်တင် သင်္ဘောကို အသုံးပြုနေပါတယ်။
အင်ဒိုနီးရှား ရေတပ်ဟာ ITS Giuseppe Garibaldiကို လာမယ့် သီတင်းပတ်မှာပဲ KRI Gajah Madaဆိုတဲ့ နာမည်အသစ်နဲ့ တပ်တော်ဝင်စေဖို့ စီစဉ်ထားပါတယ်။ နိုင်ငံရဲ့ စစ်အင်အားနဲ့ စစ်ရေးနည်းပညာကို ချဲ့ထွင် တည်ဆောက်ဖို့ ဆိုတာဟာ အင်ဒိုနီးရှား သမ္မတ ပရာဘိုဝို ဆူဘီယန်တိုရဲ့ အရေးပါတဲ့ မဟာဗျူဟာ မူဝါဒ တစ်ခု ဖြစ်ပါတယ်။
သူက လေယာဉ်တင် သင်္ဘောကြီး ရရှိလာတာကို ဂုဏ်ယူနေပေမယ့် အဲဒီလုပ်ရပ်အပေါ် ကာကွယ်ရေးနဲ့ စီးပွားရေးဆိုင်ရာ ကျွမ်းကျင်သူ တချို့က ဝေဖန်မေးခွန်းထုတ်တာတွေလည်း ရှိနေပါတယ်။ အထူးသဖြင့် ထိန်းသိမ်းမှု စရိတ်စက ကြီးမားတဲ့ လေယာဉ်တင် သင်္ဘောတစ်စီးကို အင်ဒိုနီးရှားက တကယ်ပဲ လိုအပ်သလား ဆိုတာရယ်၊ ရေယာဉ်ကို အကြီးစား ပြန်လည် မွမ်းမံဖို့အတွက် ဒေါ်လာသန်းပေါင်းများစွာ ကုန်ကျမှာရယ်က အမှန်တကယ် ဖြစ်သင့်သလားလို့ ထောက်ပြနေကြပါတယ်။
အင်ဒိုနီးရှား ဘဏ္ဍာရေး ဝန်ကြီးဌာနကတော့ နိုင်ငံရဲ့ လေယာဉ်တင်သင်္ဘော ပိုင်ဆိုင်မှု စီမံကိန်းအတွက် ၂၀၂၅ ခုနှစ်မှာ ဒေါ်လာ သန်းပေါင်း ၄၅၀ ခွဲတမ်းသတ်မှတ် အတည်ပြုပေးခဲ့ပါတယ်။
တန်ချိန် ၁၃၈၅၀ အလေးချိန်ရှိတဲ့ Giuseppe Garibaldiမှာ လေယာဉ်နဲ့ ရဟတ်ယာဉ် ၁၈ စီးလောက်ထိ အခြေစိုက်နိုင်ပါတယ်။ အီတလီ ရေတပ်မှာ အမှုထမ်းချိန်တုန်းကတော့ Sea Sparrow/Aspide ဝေဟင်ပစ် ဒုံးကျည်ပစ်စင် ၈ ခု၊ Otomak Mk 2 သင်္ဘောဖျက် ဒုံးကျည်ပစ်စင် ၂ ခု၊ တော်ပီဒို သုံးခုတွဲ ပစ်လွှတ်နိုင်တဲ့ ပစ်စင် ၂ ခု၊ ၄၀ မမ Oto Melara စက်သေနတ်ကြီး ၂ လက်တို့ကို တပ်ဆင်ထားပါတယ်။ အီတလီ ရေတပ်ဟာ ပိုမိုကြီးမားတဲ့ Cavour လေယာဉ်တင် သင်္ဘောကြီးကို တပ်တော်ဝင်စေခဲ့ပြီးနောက်ပိုင်း ITS Giuseppe Garibaldiကို ကမ်းတက်စစ်ဆင်ရေး ကွပ်ကဲရေးယာဉ်အဖြစ် ပြောင်းလဲ အသုံးပြုခဲ့ပါတယ်။
ကိုးကား: AP


















































