Connect with us

Hi, what are you looking for?

သတင်း

ရခိုင်ကနေ ပြည်မနဲ့ ပြည်ပကို ပို့ပေးနေတဲ့ပွဲစားတွေကို AA ရဲတပ်ဖွဲ့က လူကုန်ကူးမှုနဲ့ အရေးယူ

ဖမ်းဆီးခံထားရသူတွေထဲကတဦးသေဆုံး

ဩဂုတ်-၃၁၊၂၀၂၆။ခိုင်မြတ်/People’s Spring

ရခိုင်ပြည်နယ်မှာ၂၀၂၆ ခုနှစ်ဇန်နဝါရီလကနေ ဇူလိုင်လအထိ ခုနစ်လအတွင်း လူကုန်ကူးမှုအပါအဝင် ပြည်ပအလုပ်အကိုင် ဆိုင်ရာ ဥပဒေချိုးဖောက်မှုပုဒ်မတွေနဲ့ အမှုပေါင်း ၃၅ မှုကို ဖမ်းဆီးအရေးယူခဲ့တယ်လို့ အာရက္ခတပ်တော်(AA)ရဲ့ ရဲတပ်ဖွဲ့ (DLEPS)က ထုတ်ပြန်ပါတယ်။

ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/အာရက္ခတပ်တော်(ULA/AA)ရဲ့ အမျိုးသားကာကွယ်ရေးဆိုင်ရာအရေးပေါ်ပြဌာန်းချက် (NDEP)ကြောင့်စစ်မှုထမ်းရမှာစိုးရိမ်တာ၊ ဒေသတွင်း အလုပ်အကိုင်ရှားပါးတာတို့ကြောင့် ပွဲစားတွေရဲ့အကူအညီ နဲ့ တောတောင်၊ ချောင်းမြောင်းတွေ ဖြတ်ကျော်ကာ ရခိုင်ပြည်အပြင်ဘက် ထွက်ခွာဖို့ ကြိုးစားရင်း လူကုန်ကူးခံရ တာတွေအပြင် စစ်တပ်ထံဖမ်းဆီးခံရမှုတွေနဲ့ပါ ကြုံနေကြရတာဖြစ်ပါတယ်။

“NDEPကြောက်လို့ရခိုင်ကနေထွက်ကြတယ်ဆိုတာထက် အဓိက အလုပ်မရှိလို့ ထွက်ကြတာ။လူငယ်တော်တော်များများထွက်ကြတယ်။အဲဒီမှာပွဲစားတွေလုပ်စားကြတာ။သိန်းဆယ်ချီတောင်းတယ်။ တချို့က စစ်တပ်ကို သတင်းပေးတာတွေ၊လူရောင်းစားတာတွေပါ လုပ်တယ်”လို့ဖြစ်စဥ်​တွေကိုသိတဲ့ရခိုင်ဒေသခံကုန်သည်တဦးကပြောပါတယ်။

Public Service Announcement

Public Service Announcement

ရခိုင်ပြည်နယ်အတွင်းကရန်ကုန်အပါအဝင် ရခိုင်ပြည်ပြင်ပနေရာတွေကိုသွားလိုသူတွေနဲ့ ရခိုင်ပြည်ပြင်ပက ရခိုင်ပြည်တွင်းသို့ပြန်လာလိုသူတွေဟာပွဲစားတွေနဲ့တဆင့်ချိတ်ဆက်ပြီး သွားလာနေကြပြီး လူတဦးအတွက် ရခိုင် က ရန်ကုန်တရောက် ပွဲစားခ ကျပ်သိန်းလေးဆယ်ဝန်းကျင်စျေးရှိနေတယ်လို့သိရပါတယ်။

“ရန်ကုန်တရောက် သိန်းလေးဆယ်တောင်းတယ်ပွဲစားတွေက၊အဲဒါလမ်းစရိတ်တခုတည်း ။ လမ်းမှာစားဖို့၊တည်းဖို့စရိတ်တွေမပါဘူး။ အကုန်ငါးဆယ်လောက်ပေါက်တယ်။ ကံကောင်းရင်တော့ ဖြောင့်ဖြောင့်တန်းတန်း ရောက်သွားတယ်။မရောက်တဲ့သူတွေလည်း မရောက်ကြဘူး” လို့ ပြီးခဲ့တဲ့ ဇူလိုင်လအတွင်းရခိုင်ကနေ ရန်ကုန်ကို သွားခဲ့ တဲ့ လူငယ်တဦးက ပြောပါတယ်။

စစ်တပ်ရဲ့ဖြတ်လေးဖြတ်ပိတ်ဆို့မှု၊ လက်နက်ကြီးလေကြောင်းပစ်ခတ်မှု၊ အလုပ်အကိုင်ရှားပါးမှု၊ စီးပွားရေးကြပ် တည်းမှုတွေနဲ့ ကြုံနေကြရတဲ့ ရခိုင်ဒေသခံတွေဟာပြည်ပမှာ အလုပ်အကိုင်ရမယ်ဆိုပြီး လိမ်လည်သွေးဆောင် ကာ ငွေကြေးအဆမတန်တောင်း၊ ခေါင်းပုံဖြတ်အမြတ်ထုတ်တဲ့ ပွဲစားတွေရဲ့ လူကုန်ကူးမှုကိုပါ ခံနေကြရတာလို့ AA ရဲတပ်ဖွဲ့က ဆိုပါတယ်။

အဲဒီလို ရခိုင်ပြည်ပြင်ပကို ထွက်ခွာဖို့ကြိုးစားရင်း ရှမ်းပြည်နယ်မြောက်ပိုင်းနဲ့ ထိုင်းနိုင်ငံနယ်စပ်တို့ရှိ ကျားဖြန့်လုပ် ငန်းတွေ၊ တရုတ်နဲ့ ထိုင်းနိုင်ငံတို့ရှိ ဆောက်လုပ်ရေး၊ စိုက်ပျိုးရေးနဲ့ ငါးဖမ်းလုပ်ငန်းတွေမှာ ရောင်းစားခံရတာတွေနဲ့ ကြုံနေကြရတာလို့ ဆိုပါတယ်။

တရားမဝင်နယ်စပ်ဖြတ်ကျော်ရာမှာလည်း သက်ဆိုင်ရာအာဏာပိုင်တွေရဲ့ ဖမ်းဆီးခြင်းခံရတာ၊ အလုပ်ရှင်တွေရဲ့ ရိုက်နှက်နှိပ်စက်မှုနဲ့ လုပ်ငန်းခွင်အတွင်း အလုပ်သမားအခွင့်အရေး မရရှိတာတွေအပြင် အသက်အန္တရာယ် ထိခိုက် မှုတွေကိုပါကြုံနေကြရတယ်လို့ ဆိုပါတယ်။

ရခိုင်ပြည်ပြင်ပကိုထွက်ခွာကြသူတွေထဲမှာ လူကုန်ကူးခံရတာအပြင်အာဏာသိမ်းစစ်တပ်ထံ ဖမ်းဆီးခံရပြီး ပြည်သူ့စစ်သင်တန်းတွေကို ပို့ဆောင်ခံရတာ၊တောတောင်တွေထဲမှာ ငတ်ပြတ်တာ၊ ငှက်ဖျားရောဂါနဲ့အသက် ဆုံးရှုံးရတာ၊ တောဆင်ရိုင်းတွေနဲ့ တွေ့ကြုံရတာ၊ အဆိပ်ရှိမြွေတွေကိုက်ခံရတာ၊ချောင်းမြောင်းတွေထဲ မျောပါပြီး ထိခိုက် ဒဏ်ရာရသေဆုံးတာတွေနဲ့လည်း ရှိနေတယ်လို့စုံစမ်းသိရပါတယ်။

ဒါ့အပြင်ရခိုင်ကနေပြည်မဒေသတွေဆီ ပွဲစားတွေနဲ့တဆင့်သွားရင် စစ်တပ်ထံ ရောင်းစားခံရလို့ စစ်မှုထမ်း၊ ရှေ့ တန်းရောက်သွားကာ AA ထံ ပြန်လည်အလင်းဝင်လာကြသူတွေလည်း ရှိနေပါတယ်။

အဲဒီလို ပွဲစားတွေနဲ့ချိတ်ဆက်ပြီး ရခိုင်ပြည်ပြင်ပထွက်ခွာဖို့ ကြိုးပမ်းသူတွေကို နယ်စပ်ဒေသတွေမှာ လိုက်လံဖမ်း ဆီးနေပြီး NDEP ပြဌာန်းချက်နဲ့ အကျုံးဝင်တဲ့သူတွေကို စစ်မှုတာဝန်ထမ်းဆောင်စေကာ အကျုံးမဝင်တဲ့သူတွေကို တော့ ပြစ်ဒဏ်ပေးပြီး ပြန်လွှတ်ပေးနေတယ်လို့ AA ရဲတပ်ဖွဲ့က ဆိုပါတယ်။

“စစ်မှုထမ်းအရွယ်တွေဆိုရင်တခါတည်း သင်တန်းပို့ခံရတယ်။ကင်းလွတ်ခွင့်ရတဲ့အရွယ်တွေကတော့ ပြန်လွှတ် ပေးပါတယ်” လို့ AA နဲ့ နီးစပ်သူတဦးက ပြောပါတယ်။ AA ဟာ အရွယ်ရောက်သူတိုင်း စစ်မှုထမ်းရမယ့်အရေးပေါ်ပြ ဌာန်းချက်တရပ်ကို ပြီးခဲ့တဲ့၂၀၂၅ မတ်လ ၁၈ ရက်နေ့မှာပြဌာန်းခဲ့တာပါ။

အလားတူ လူကုန်ကူးမှု တားဆီးနှိမ်နင်းရေးဥပဒေကို ချိုုးဖောက်ကျူးလွန်သူလူ ကုန်ကူးပွဲစားတွေကိုလည်း ဥပဒေ လုပ်ထုံးလုပ်နည်းတွေနဲ့ အညီ အရေးယူပြစ်ဒဏ်ချမှတ်နေတယ်လို့ ဆိုပါတယ်။လူကုန်ကူးမှုနဲ့ ဖမ်းဆီးထိန်းသိမ်းခံ ထားရတဲ့သူတွေထဲက ဦးဇော်ဇော်မိုးဆိုသူဟာ အသက်ရှူမဝခြင်း၊ အလွန်မောပန်းခြင်းနဲ့ချွေးထွက်လွန်ခြင်းစတဲ့ရောဂါလက္ခဏာတွေကြောင့် အချုပ်ကျနေစဉ် ဆေးကုသမှုခံယူရင်း ဩဂုတ်လ ၂၅ရက် မှာ သေဆုံးခဲ့ပါတယ်။ဦးဇော်ဇော်မိုးဟာ ဦးဝင်းမြင့်ဇော်၊ ဦးစိန်မြသိန်းတို့နဲ့အတူ ဇန်နဝါရီလနဲ့ ဖေဖော်ဝါရီလတွေက ဖမ်းဆီးအရေးယူခံ ထားရသူဖြစ်ပြီး လူကုန်ကူးမှုနဲ့ ပြစ်မှုကျူးလွန်ကြောင်းဝန်ခံထားသူတဦးဖြစ်တယ်လို့ ဆိုပါတယ်။

လူကုန်ကူးမှုကိုကုလသမဂ္ဂနဲ့ နိုင်ငံတကာအဖွဲ့အစည်းတွေက ခေတ်သစ်ကျေးကျွန်ပြုခြင်းဟု သတ်မှတ်ထားပြီး လူ ကုန်ကူးမှုဆိုတာ လူတဦးရဲ့ ကိုယ်ကျိုးစီးပွား သို့မဟုတ် အမြတ်အစွန်းရရှိရန်အတွက် အခြားသူတဦးအား လှည့်စား ခြင်း၊ ခြိမ်းခြောက်ခြင်း၊အတင်းအကျပ်ခိုင်းစေခြင်းသို့မဟုတ်လုပ်အားခေါင်းပုံဖြတ်ခြင်းတို့ပြုလုပ်ကာလူကိုရောင်းဝယ်ဖောက်ကားတာဖြစ်တယ်လို့လည်းဖော်ပြထားပါတယ်။

ULA/AA အနေနဲ့ လူကုန်ကူးမှု ပပျောက်ရေးအတွက် မဟာမိတ်နယ်မြေများရှိ မိတ်ဖက်အဖွဲ့အစည်းတွေနဲ့ ပူးပေါင်း ကာ လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးကို အရှိန်မြှင့်ဆောင်ရွက်နေတယ်လို့လည်း ထုတ်ပြန်ထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ဘန်ကောက်မှာ တရုတ် ကျောင်းသူ တစ်ဦးကို ပြန်ပေးဆွဲပြီး မြန်မာဖက်ခြမ်း နယ်စပ်ကို လူကုန်ကူး ပို့ဆောင်ဖို့ ကြံစည်မှုနဲ့ ထိုင်းနိုင်ငံသား ၄ ဦး အဖမ်းခံခဲ့ရပါတယ်။

သတင်း

ရေကြီးမှုကြောင့် စပါးခင်းဧကထောင်ချီပျက်စီးမှုရှိခဲ့တဲ့ ရခိုင်ပြည်နယ်မြောက်ပိုင်းမြို့နယ်တွေမှာ ဆန် ၁အိတ်ကို ကျပ် ၂သိန်းခန့်အထိ စံချိန်တင် စျေးထိုးတက်လာခဲ့ပြီး အခြေခံလက်လုပ်လက်စားနဲ့ စစ်ဘေးရှောင်တွေ ဝမ်းရေးအခက်အခဲကြုံနေကြရတယ်လို့ ဆိုပါတယ်။

သတင်း

တရုတ်နိုင်ငံသားတွေကို ပြည်ပ အလုပ်အကိုင်ကောင်းတွေနဲ့ သွေးဆောင်ပြီး အွန်လိုင်းငွေလိမ်ဂိုဏ်း (ကျားဖြန့်)တွေဆီ ရောင်းစားခဲ့တယ်လို့ စွပ်စွဲခံရတဲ့ လူကုန်ကူးဂိုဏ်းသား ၁၇ ဦးကို တရုတ်က တရားစွဲဆိုလိုက်ပါတယ်။

ဆောင်းပါး

“ကျွန်မတို့ အားလုံးကို ဆုံးရှုံးခဲ့ရပါတယ်။ စစ်တွေကို AA က သိမ်းပိုက်နိုင်တဲ့နေ့မှပဲ ကျွန်မတို့ ရွာကို ပြန်နိုင်မယ်လို့ မျှော်လင့်ပါတယ်”