Connect with us

Hi, what are you looking for?

သတင်း

ငပြီကျွန်းပေါ် ကမ်းတက်ဖို့ကြိုးစားတဲ့ စစ်သင်္ဘော AAပစ်ခတ်မှုထိမှန်ပြီးစစ်သား၂၀ ခန့် သေဆုံး

စစ်တွေမြို့ကို ပိတ်ဆို့ဝန်းရံတိုက်ခိုက်ခံနေရချိန်မှာ ပေါက်တောမြို့နယ် ငပြီကျွန်းကို ကမ်းတက်ဖို့ကြိုးစားတဲ့ အာဏာသိမ်းစစ်တပ်ရဲ့ စစ်သေင်္ဘာ​တွေကို အာရက္ခတပ်တော်(AA)က ပစ်ခတ်တိုက်ခိုက်တာကြောင့် သင်္ဘော တစီးထိမှန်ကာ စစ်သား ၂၀ ခန့်သေဆုံးခဲ့တယ်လို့မြေပြင်စစ်ရေးသတင်းရင်းမြစ်တွေကပြောပါတယ်။

( ၂၀၂၄ ခုနှစ်မှာ ကျောက်တော်မြို့နယ် အပေါက်၀ရွာအနီး AA က သိမ်းယူခဲ့တဲ့ စစ်တပ်သင်္ဘောတစ်စီး။ဓါတ်ပုံ-AA Info Desk)

■ကျွန်းပေါ်တိုက်ပွဲပြင်းထန် ၊စစ်တပ်သေဆုံးထိခိုက်မှုများ၊ ကမ်းခြေတလျှောက်ကျေးရွာတွေကိုစစ်တပ်ဗုံးပတ်ကြဲ

■စစ်တွေဒကစ အနီးရှိတောကန်၊ နာရီကန်ကစစ်စခန်း​တွေကို AA ထိုးစစ်ဆင်

အောက်တိုဘာ-၉၊၂၀၂၆။ခိုင်မြတ်/ People’s Spring

စစ်တွေမြို့ကို ပိတ်ဆို့ဝန်းရံတိုက်ခိုက်ခံနေရချိန်မှာ ပေါက်တောမြို့နယ် ငပြီကျွန်းကို ကမ်းတက်ဖို့ကြိုးစားတဲ့ အာဏာသိမ်းစစ်တပ်ရဲ့ စစ်သေင်္ဘာ​တွေကို အာရက္ခတပ်တော်(AA)က ပစ်ခတ်တိုက်ခိုက်တာကြောင့် သင်္ဘော တစီးထိမှန်ကာ စစ်သား ၂၀ ခန့်သေဆုံးခဲ့တယ်လို့မြေပြင်စစ်ရေးသတင်းရင်းမြစ်တွေကပြောပါတယ်။

Public Service Announcement

Public Service Announcement

အောက်တိုဘာ၈ ရက်ညနေပိုင်းမှာ ငပြီကျွန်းအနီးကိုကမ်းတက်ဖို့ကြိုးစားတဲ့ စစ်သင်္ဘောတွေကို AA က လက်နက်ကြီး၊ ဒရုန်းတွေနဲ့ပစ်ခတ်တိုက်ခိုက်ခဲ့တာမှာတစီးကို ထိမှန်၊ ပေါက်ကွဲခဲ့တာလို့ သိပါတယ်။

“ဇက်တစီးကိုတည့်တည့်ထိသွားတယ်။ရှေ့ပိုင်းမှာတလုံး၊ဖင်ပိုင်းမှာတလုံးနှစ်လုံးထိသွားတယ်။ပျက်စီးသွားမ လားဆိုတာကတော့ အတည်ပြုလို့မရဘူး။ အတည်ပြုလို့ရတာက မျက်မြင် နှစ်ဆယ်လောက်သေတယ်။ရွှေမင်းဂံ ဖက် ထွက်ပြေးသွားတယ်”လို့ AA သတင်းရင်းမြစ်တဦးက ပြောပါတယ်။

အဲဒီလို စစ်သေင်္ဘာတိုက်ခိုက်ခံရတာကြောင့် ဒီနေ့ (​အောက်တိုဘာ ၉ ရက်)မှာတော့ စစ်တပ်ရဲ့စစ်သင်္ဘောတွေဟာကမ်းအနီးကိုမကပ်ဘဲ အဝေးကနေပဲ လက်နက်ကြီးတွေနဲ့ လှမ်းပစ်နေတယ်လို့ သိရပါတယ်။

“နေဗီအကုန်လုံး ရွှေမင်းဂံပတ်လည်မှာ ရံနေ တယ်။လေယာဉ်နဲ့လည်းပတ်ချနေတယ်” လို့ မြေပြင်မှာရှိတဲ့သတင်းရင်းမြစ်တဦးကပြောပါတယ်။

စစ်တပ်ဟာ ရွှေမင်းဂံရေတပ်စခန်းရဲ့အရှေ့ဘက်ကုလားတန်မြစ်လယ်ကျွန်း ဖြစ်တဲ့ ငပြီကျွန်းကိုအောက်တို ဘာ ၇ ရက်နေ့ကတည်းက ထောက်ပို့လေယာဉ် Y12 ၊ တိုက်လေယာဉ် ၁၀ စီးကျော်၊ စစ်သေင်္ဘာ ၅ စီးခန့်နဲ့ ပစ်ကူပေးကမ်းတက်ဖို့ကြိုးစားခဲ့တာဖြစ်ပြီး စစ်သားအချို့ ကမ်းပေါ်တက်နိုင်ခဲ့ပါတယ်။

အခုအခါ ငပြီကျွန်းပေါ် ရောက်နေတဲ့ စစ်တပ်နဲ့ AA တို့ တိုက်ပြင်းထန်နေပြီး ကျွန်းပေါ်မှာ သေဆုံးတဲ့စစ်သား ဆယ်ချီရှိနေတယ်လို့ မြေပြင်သတင်းရင်းမြစ်တွေကပြောပါတယ်။

“ကမ်းပေါ်က ေးတွေကို လိုက်ထုတ်နေကြတယ်။ ေး တွေ သေတာများတယ်။ ကမ်းပေါ်မှာသေတာ နှစ်ဆယ်၊ သုံးဆယ်လောက် ရှိတော့မယ်။ ကျန်တော့ ကျန်နေသေး တယ်” လို့ မြေပြင်သတင်းရင်းမြစ်ကလူထု​နွေဦးကို ပြောပါတယ်။

စစ်တပ်က လေယာဉ်၊ လက်နက်ကြီးတွေနဲ့ အဆက်မပြတ်ပစ်ခတ်နေတာကြောင့် အလောင်းတွေကို မရှင်းလင်းနိုင်သေးဘဲ အပုတ်နံ့တွေ ရနေတယ်လို့လည်း သူကဆက်​​ပြောပါတယ်။စစ်တပ်ကကမ်းတက်ဖို့စကြိုးစားတဲ့အောက်တိုဘာ၇ ရက်နဲ့ အောက်တိုဘာ၈ရက်နေ့ကမ်းစပ်တိုက်ပွဲ​တွေအတွင်းမှလည်းစစ်သား၄၀ကျော်သေဆုံးခဲ့တယ်လို့ သတင်းရင်းမြစ်က ပြောပါတယ်။စစ်တပ်​သေဆုံးထိခိုက်မှုအ​ခြေအ​နေ​တွေကို People’s Spring ကသီးခြားအတည်မပြုနိုင်​သေးပါဘူး။

လက်ရှိမှာစစ်တပ်ဟာ ငပြီကျွန်းဘက်ကိုကမ်းထိုး၊ စစ်ကူပို့နိုင်တာမရှိဘဲ ငပြီကျွန်းအပါအဝင် ပေါက်တောမြို့နယ် ဘက်ကမ်းရှိ ကျေးရွာတွေကို လက်နက်ကြီး၊ လေယာဉ်တွေနဲ့ ပစ်ခတ်၊ ဗုံးကြဲနေတယ်လို့ ဒေသခံတွေက ပြောပါ တယ်။

“ကြိမ်ခွေမော်ပိုက်ဆိပ်ကို လက်နက်ကြီးကျလို့ မီးလောင်နေတယ်။ လူတွေ ပြေးရတယ်။ စစ်တပ်က ဒီဘက်ကမ်း က ရွာတွေကို လိုက်ပြီးတော့ ပစ်နေတာပါ တောက်လျှောက်” လို့ ပေါက်တောမြို့နယ်မှ ဒေသခံတဦးက ပြောပါ တယ်။

စစ်တပ်ဟာ စစ်တွေမြို့ရဲ့ အနောက်ဘက် ရေချမ်းပြင်ဝန်းကျင်၊ မြောက်ဘက်ပါဒလိတ်တပ်ရင်းအနီး အမြင့်ကျွန်း ဝန်းကျင်၊ ရွှေမင်းဂံရေတပ်စခန်းဝန်းကျင်တို့ရှိ တပ်စခန်းတွေ ကို AA ကထိုးစစ်ဆင်တိုက်ခိုက်လာပြီး အထိနာနေချိန်မှာ ပေါက်တောမြို့နယ် ငပြီကျွန်းကို ကမ်းတက်ဖို့ကြိုးစားလာခဲ့တာဖြစ်ပါတယ်။

စစ်တပ်က ကမ်းတက်ဖို့ ကြိုးစားနေတဲ့ ငပြီကျွန်းဟာ စစ်တွေမြို့ရဲ့အဓိကရေတပ်ထောက်ပို့ကာကင်းစခန်းကြီးဖြစ်တဲ့ ရွှေမင်းဂံရေတပ်ရဲ့ အရှေ့ဘက်တမိုင်ကျော်အကွာ၊ ပေါက်တောမြို့ရဲ့ အနောက်ဘက် ခြောက်မိုင်ကျော်အကွာမှာ တည်ရှိပါတယ်။ စတုရန်းဧက လေးထောင်ကျော်အကျယ်အဝန်းရှိတဲ့ ရေလယ်ကျွန်းတခုဖြစ်ပါတယ်။အဲဒီကျွန်းပေါ်မှာ လူနေကျေးရွာသုံးရွာတည်ရှိပါတယ်။

AA ဟာငပြီကျွန်းပေါ် တက်လာတဲ့ စစ်တပ်ကို တိုက်ထုတ်နေသလို စစ်တွေမြို့နယ်အတွင်းရှိ စစ်တပ်ကာကင်းစခန်းတွေကိုလည်း ထိုးစစ်ဆင်နေပြီး ဒေသကွပ်ကဲမှုစစ်ဌာနချုပ် (ဒကစ စစ်တွေ)နဲ့ အနီးဆုံးရှိတောကန်၊ နာရီကန် ဝန်းကျင်မှာ ​အောက်တိုဘာ ၉ ရက်မနက်ကစကာ တိုက်ပွဲပြင်းနေတယ်လို့ စစ်ရေးနဲ့နီးစပ်တဲ့ စစ်တွေဒေသခံတဦးက ပြောပါတယ်။

“အသံတွေကတော့ ပတ်ပတ်လည်က ကြားရတယ်။ နာရီကန်ဘက်မှာလည်း AA က ဝင်တိုက်နေတယ်ပြောတယ်” လို့ စစ်တွေမြို့ခံက ပြောပါတယ်။

စစ်တွေမြို့ရဲ့ အနောက်ဘက် ရသေ့တောင်၊ မြောက်ဘက်ပုဏ္ဏားကျွန်း၊အရှေ့ဘက် ပေါက်တောမြို့နယ်တို့ကို သိမ်းပိုက်ထားတဲ့ AA ဟာ စစ်တပ်ရဲ့ ပြည်နယ်မြောက်ပိုင်းရှိ နောက်ဆုံးလက်ကျန် စစ်တွေမှ စစ်တပ်စခန်းတွေကို ဝန်းရံပိတ်ဆို့၊ တိုက်ခိုက်နေတာမှာ အခုရက်ပိုင်း ထိုးစစ်အရှိန်မြှင့်လိုက်တာဖြစ်ပါတယ်။

စစ်တပ်ဟာ ရခိုင်ပြည်နယ် စစ်တွေအပြင် ကျောက်ဖြူ၊ ရခိုင်ရိုးမအရှေ့ဘက်ခြမ်း မကွေးတိုင်း ပဒါန်း၊ မင်းတုန်း၊ ပဲခူးတိုင်း ပန်းတောင်၊ ဧရာ၀တီတိုင်း ရေကြည်၊ သာပေါင်းမြို့နယ်တို့ကနေ AA ထိန်းချုပ်ရာဒေသတွေကို ပြီးခဲ့တဲ့ စက် တင်ဘာ ၄ ရက်နေ့ကစကာ ၄၉၂၆ စစ်ဆင်ရေးလို့ကြွေးကြော်ပြီး တန်ပြန်ထိုးစစ်ဆင်နေခဲ့တာ တလကျော်ရှိပြီဖြစ်ပါ တယ်။

တလကျော်ပေမယ့် AA စခန်းတခုမှ မသိမ်းနိုင်ဘဲ AA ကသာ စစ်တပ်စခန်းတွေကို ပြန်သိမ်းနေပြီး AA ကခုခံစစ်ကနေ ထိုးစစ်အသွင်နဲ့ ပြန်လည်တိုက်ခိုက်နေတာဖြစ်ပါတယ်။

စစ်တပ်ဝါဒဖြန့်လူမှုကွန်ယက်တွေမှာတော့ ရခိုင်တိုက်ပွဲတွေမှာ စစ်တပ်က အသာရနေပြီး AA အထိနာနေတယ်လို့ ဝါဒဖြန့်နေတာတွေ့ရပါတယ်။ စစ်တပ်ဟာ စစ်ဆင်ရေးတလကျော်ကာလအတွင်း စစ်တွေမြို့ နယ်အတွင်းက တပ်စခန်း ၉ ခု၊ ကျောက်ဖြူမြို့နယ် အတွင်းက ၁ ခု၊ မင်းတုန်းမြို့နယ်အတွင်းက ၁ ခု ၊ စုစုပေါင်းတပ်စခန်း ၁၁ ခုထက်မနည်းကို လက်လွှတ်ခဲ့ရပြီး ဖြစ်ပြီး အကျအဆုံးတွေလည်းရာချီ ရှိနေပြီဖြစ်တယ်လို့မြေပြင် သတင်းရင်းမြစ်တွေက ပြောပါတယ်။

ဆက်စပ်သတင်းများ

သတင်း

တစ်လကျော်အတွင်းကျောက်ဖြူမှာစစ်တပ်စခန်း နှစ်ခုကိုAA သိမ်းပိုက်ထား

သတင်း

​အောက်တိုဘာ-၉၊၂၀၂၆။People’s Spring အာဏာသိမ်းစစ်တပ်က စက်တင်ဘာ ၄ ရက်ကစပြီး ၄၉၂၆ စစ်ဆင်​ရေးဆိုပြီး ရခိုင်ပြည်နယ်မှာ အာရက္ခတပ်​တော်(AA)သိမ်းပိုက်ထားတဲ့ နယ်​မြေ​တွေကို တန်ပြန်ထိုးစစ်ဆင်ဖို့ကြိုးစား​ပေမယ့် စစ်တပ်စစ်​ကြောင်း​တွေလန်ကျပြီး အထိနာ​နေချိန်မှာ AA သိမ်းပိုက်ထားတဲ့​ဒေသ​တွေက ​​ဈေး​တွေ၊တံတား​တွေ၊စစ်​ရှောင်စခန်း​တွေ ၊​ဆေးခန်း​တွေ၊​နေအိမ်​တွေကိုပါ ပစ်မှတ်ထားပြီး​လေ​ကြောင်းက​နေ ဗုံးကြဲသတ်ဖြတ်ခဲ့ပါတယ် ။စက်တင်ဘာ ၄ ရက်​နေ့က​​နေ ​အောက်တိုဘာ...

သတင်း

အမြင့်ကျွန်းအနီးတိုက်ပွဲစစ်သား၂၀ဦးထက်မနည်းသေဆုံး၊ စစ်တပ်ကပေါက်တောနဲ့ ပုဏ္ဏားကျွန်းကိုလေယာဉ်အုပ်နဲ့ ဗုံးကြဲ

သတင်း

အရှေ့တောင်အာရှ နိုင်ငံများ အစည်းအရုံး (အာဆီယံ)ရဲ့ အလှည့်ကျ ဥက္ကဋ္ဌဖြစ်တဲ့ ဖိလစ်ပိုင်အစိုးရက မြန်မာနိုင်ငံ၊ ရခိုင်ပြည်နယ်​​ကျော်​တော်မြို့မှာဖြစ်ပွားခဲ့တဲ့လေကြောင်းတိုက်ခိုက်မှုနဲ့ပတ်သက်လို့စိုးရိမ်ကြောင်း ထုတ်ပြန်ခဲ့ပါတယ်။