စက်တင်ဘာ-၁၇၊၂၀၂၆၊ရှိန်း/ People’s Spring
ပေါ်တာစွဲခံထားရပြီး မန္တလေးနန်းတွင်းမှာ ချုပ်နှောင်ခံထားရတဲ့ လူငယ်တွေကို ပုသိမ်ကြီးနယ်က ခလရ(၁၁၆)နဲ့ (၁၁၉)တပ်ရင်းကို ပို့လိုက်ပြီလို့ မြို့ခံတွေက ပြောပါတယ်။
စစ်မှုထမ်းဖို့ဖမ်းဆီးပေါ်တာဆွဲထားတဲ့ လူငယ်တွေကို မန္တလေးနန်းတွင်းမှာ ၁လချုပ်ထားခဲ့ပြီး ထွက်ပြေး ဖို့ကြိုးစားသူတွေကို ထိပ်တုံးခတ်ထားခဲ့တာလို့ သိရပါတယ်။
အဲဒီလူငယ်တွေကို စက်တင်ဘာ ၁၆ရက် ညနေ ၆နာရီ ကျော်မှာ ပုသိမ်ကြီးမြို့နယ်က တပ်မ(၃၃) လက် အောက်ခံ ခလရ (၁၁၆)နဲ့ခလရ(၁၁၉)တပ်ရင်းက စစ်မှုထမ်းသင်တန်းကိုပို့လိုက်တယ်လို့ သိရပါတယ်။

Public Service Announcement
“အပတ်စဉ်(၂၈)အတွက် ဖြစ်မယ်ထင်တယ်။လူငယ်၅၀ လောက်ရှိတယ်။ဖောကား၂စီးနဲ့ မနေ့ညနေကပို့လိုက်တယ်။လူပျောက်ရှာချင်ရင် သင်တန်းမှာ စုံစမ်းလို့ရပြီ”လို့ မြို့ခံတစ်ဦးက ပြောပါတယ်။
ပြီးခဲ့တဲ့ရက်ပိုင်းမှာလည်း နန်းတွင်းထဲကနေ ကား၂စီး ပုသိမ်ကြီးမြို့ဘက်ကို ပို့ထားတာရှိပြီး ယခုထပ်မံပို့လိုက်တာလို့ သိရပါတယ်။
ယခင်က စစ်မှုထမ်းပေါ်တာဆွဲခံထားကရသူတွေဟာ မြို့နယ်အုပ်ချုပ်ရေး မှူးရုံးမှာ ချုပ်ထားပြီးမှသာ နန်းတွင်းထဲကို ယာယီပို့ကာ စစ်သင်တန်းကို တဆင့်ပြန်ပို့ခဲ့တာလို့ သိရပါတယ်။
ယခုနောက်ပိုင်း ပေါ်တာဆွဲသူတွေကို အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် နန်းတွင်းကို တခါတည်းပို့ရပြီး ၁လခန့်ချုပ် နှောင်ခံရပြီးမှသာ စစ်သင်တန်းပို့တာလို့ သိရပါတယ်။
ဒါ့အပြင် ယခုရက်ပိုင်းမှာ မန္တလေးမြို့မှာ ရပ်ကွက်တိုင်း စစ်မှုထမ်းမဲစာရင်းနှိုက်ဖို့လိုက် အော်နေတယ်လို့ သိရပါတယ်။


















































