အောက်တိုဘာ-၂၉၊၂၀၂၆။မေရီ/People’s Spring
ပါတီဝင်တွေ ပေါ်တာဆွဲခံရလို့ စစ်တပ်လက်အောက်ခံ ပြည်ထောင်စုငြိမ်းချမ်းရေးနဲ့ ညီညွတ်ရေးပါတီ(UPUP)ရဲ့ ဗဟိုဥက္ကဋ္ဌ ဒေါ်စောယုမာ လူမှုကွန်ရက်ကနေ ငြီးတွားနေပါတယ်။
စစ်တပ်ပြဋ္ဌာန်းထားတဲ့ စစ်မှုထမ်းဥပဒေကို အပြည့်အဝထောက်ခံကြောင်း ဝန်ခံထားတဲ့ ပြည်ထောင်စုငြိမ်းချမ်းရေးနှင့် ညီညွတ်ရေးပါတီရဲ့ ဗဟိုဥက္ကဋ္ဌ ဒေါ်စောယုမာဟာ ၎င်းရဲ့ပါတီဝင်တွေ ပေါ်တာဆွဲခံရတဲ့အခါမှ စစ်တပ်ရဲ့အောက်ခြေအုပ်ချုပ်ရေးအဖွဲ့တွေနဲ့ တပ်ဖွဲ့ဝင်တွေရဲ့အနိုင်ကျင့် ဗိုလ်ကျမှုတွေကို လူမှုကွန်ရက်ပေါ်မှာ ဝေဖန်ရေးသားခဲ့ပါတယ်။
ပြီးခဲ့တဲ့ရက်ပိုင်းက ပဲခူးတိုင်း၊ ပေါက်ခေါင်းမြို့နယ်အတွင်း ၎င်းရဲ့ ပါတီဝင်လူငယ်တွေကို စစ်တပ်ရဲ့အောက်ခြေအဖွဲ့အစည်းတွေက ရိုက်နှက်ကာ အဓမ္မပေါ်တာဆွဲ ဖမ်းဆီးခေါ်ဆောင်သွားခဲ့တာဖြစ်ကြောင်း သိရပါတယ်။

Public Service Announcement
“ယခုဆိုရင်ပေါက်ခေါင်းမြို့နယ်မှာ ကျမ ပါတီဝင် ကလေးတွေကိုရိုက်နှက်ခေါ်ဆောင်သွားတယ်။ ကျမပြောနေတာက အယုတ်အလတ်မရွေး နည်းဥပဒေနဲ့အညီခေါ်ဆောင်စေချင်တာပါ။ တရားလက်လွတ်လုပ်ဆောင်နေကြတာကို အကြီးအကဲအဆင့်ဆင့်သေချာကိုင်တွယ်ပေးဖို့လိုအပ်နေပြီဖြစ်ပါတယ်”လို့ ဒေါ်စောယုမာက ရေးသားပါတယ်။
၎င်းရဲ့ ပါတီဝင်လူငယ်တွေ အဓမ္မဖမ်းဆီးခံရတဲ့အတွက် ပေါက်ခေါင်းမြို့နယ် အုပ်ချုပ်ရေးမှူးထံ သွားရောက်တွေ့ဆုံ ညှိနှိုင်းခဲ့ပေမဲ့ ထွက်ပင်တွေ့ဆုံခြင်း မရှိကြောင်း၊ လက်ရှိမှာ နည်းဥပဒေအတိုင်း ဆောင်ရွက်ခြင်း မရှိပါက တရားဝင် တိုင်ကြား တရားစွဲဆိုသွားမှာဖြစ်ကြောင်း ၎င်းက ရေးသားထားပါတယ်။
ဒါ့အပြင် စစ်တပ်ဟာ စာမတတ်ပေမတတ်တဲ့ ပြည်သူ့စစ်တွေကိုမွေးထုတ်ပြီး လမ်းမှာတွေတဲ့သူတွေကို ပေါ်တာဆွဲနေကြောင်း ၎င်းက ရေးသားပါတယ်။
“အခုကျတော့ ပစ တွေကိုမွေး စာမတတ်ပေမတတ်ဥပဒေမသိ လမ်းတွေ့တွေ့တဲ့လူကိုအတင်းဆွဲနေတာဟာ လက်ရှိနိုင်ငံ့အကြီးအကဲတွေနဲ့ လက်ရှိအစိုးရကိုပြည်သူက အကြည်ညိုတန်အောင် တဖက်တလမ်းကနေလုပ်နေသလိုဖြစ်နေပါတယ်”လို့ ၎င်းက ရေးသားပါတယ်။
စစ်တပ်ရဲ့ စစ်မှုထမ်းဥပဒေကြောင့် အပြစ်မဲ့ ပြည်သူအများအပြား အဓမ္မပေါ်တာဆွဲခံရပြီး အသက်အန္တရာယ် ထိခိုက်နေချိန်မှာ ပြောဆိုခြင်းမရှိဘဲ ၎င်းတို့ ပါတီဝင်တွေ ထိပါးလာတဲ့အခါမှ ငြီးတွားလာတဲ့အပေါ် ဝေဖန်ခံနေရပါတယ်။
အာဏာသိမ်းစစ်တပ်ဟာ လာမယ့် နိုဝင်ဘာမှာလုပ်မယ့် စစ်မှုထမ်းအပတ်စဥ်(၃၀)အတွက် စစ်မှုထမ်းဆင့်ခေါ်တာ၊ ပေါ်တာဆွဲတာတွေ အခုကတည်းက ပြုလုပ်နေတာဖြစ်ပြီး ရန်ကုန်၊ မန္တလေးအပါအဝင် ၎င်းတို့ထိန်းချုပ်ထားတဲ့ ဒေသတွေမှာ အခုလပိုင်းအတွင်း ပေါ်တာဆွဲတာတွေကို ဆက်တိုက်လုပ်နေတာဖြစ်ပါတယ်။ ယခုအခါ တပ်ထောက်ခံသူတွေပါ ပေါ်တာဆွဲခံနေတာကြောင့် ဝေဖန်မှုတွေ ထွက်ပေါ်နေတာ ဖြစ်ပါတယ်။





















































