Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ကိုယ်ပိုင်သင်္ချိုင်းနေရာရှာတဲ့နိုင်ငံခြားသားတွေကိုယ့်နိုင်ငံကိုယ်ပြန်သေကြလို့ထိုင်းဝန်ကြီးချုပ်ပြော

ထိုင်းမှာကိုယ်ပိုင်သင်္ချိုင်းနေရာရချင်နေတဲ့နိုင်ငံခြားသားတွေကိုယ့်နိုင်ငံကိုယ်ပြန်သေကြလို့ ထိုင်းဝန်ကြီးချုပ်က ပြောကြားလိုက်ပါတယ်။

ဓာတ်ပုံ - FC Anutin/FB

စက်တင်ဘာ – ၁၇ ၊၂၀၂၆

ထိုင်းမှာကိုယ်ပိုင်သင်္ချိုင်းနေရာရချင်နေတဲ့နိုင်ငံခြားသားတွေကိုယ့်နိုင်ငံကိုယ်ပြန်သေကြလို့ ထိုင်းဝန်ကြီးချုပ်က ပြောကြားလိုက်ပါတယ်။

အစိုးရ အဖွဲ့ထဲမှာ ပြည်ထဲရေး ဝန်ကြီးကိုပါ ပူးတွဲ တာဝန်ယူထားတဲ့ ဝန်ကြီးချုပ် အနူတင် ချန်ဝီယာကူက ပြည်တွင်းမှာ စည်းမျဉ်းဥပဒေ ချိုးဖောက်တာ၊ ထိုင်းပြည်သူတွေကို နစ်နာစေတာမျိုး လုပ်ရပ်တွေ ကျူးလွန်နေတဲ့ နိုင်ငံခြားသားတွေနဲ့ ပတ်သက်လို့ ပိုပြီး တင်းတင်းကျပ်ကျပ် ကိုင်တွယ်ဖို့ ခရိုင်အဆင့် တာဝန်ရှိသူတွေကို ညွှန်ကြားချိန်မှာ ကြားနေကျ မဟုတ်ဘဲ အတော်လေး ပြင်းထန်တဲ့ အသုံးအနှုန်းမျိုးကို ပြောဆိုခဲ့တာပါ။

ထိုင်းမှာ နေမယ်ဆိုရင် ရိုးရိုးသားသား အသက်မွေးကြဖို့ လိုကြောင်း၊ သေမယ်ဆိုရင်တော့ အိမ်ပြန်သေသင့်ကြောင်း၊ ထိုင်းကိုလာပြီး သေနေကြတာမျိုး သူမလိုချင်ကြောင်း အနူတင်က စက်တင်ဘာ ၁၇ ရက်နေ့မှာ ပြောကြားခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

ဒါဟာ ထိုင်းမှာ ကိုယ်ပိုင် သင်္ချိုင်းမြေနေရာ ရရှိချင်တဲ့ နိုင်ငံခြားသားတွေနဲ့ ပတ်သက်လို့ ထည့်သွင်းဆွေးနွေးချိန်မှာ ပြောသွားတဲ့ စကားတစ်ခွန်း ဖြစ်ပါတယ်။

စက်တင်ဘာ ၁၇ ရက်နေ့က နိုင်ငံခြားရေး ဝန်ကြီးဌာနမှာ ဥပဒေချိုးဖောက်သူ၊ ထိုင်းပြည်သူတွေအပေါ် အမြတ်ထုတ်နေသူ နိုင်ငံခြားသားတွေကို ဘယ်လိုကိုင်တွယ်မလဲ ဆိုတာကို ဆွေးနွေးကြချိန်မှာ အနူတင်က အခုလို အတော်လေး ပြင်းထန်တဲ့ အသုံးအနှုန်းကို ရွေးချယ်ခဲ့တာပါ။

ထိုင်းဥပဒေကို လေးစားတဲ့၊ ထိုင်းပြည်သူတွေအပေါ် အမြတ်မထုတ်တဲ့၊ ရိုးသားတဲ့ နိုင်ငံခြားသားတွေကိုတော့ ထိုင်းနိုင်ငံက အမြဲတမ်း ကြိုဆိုပါတယ်လို့လည်း သူက ဆိုပါတယ်။

ဆန့်ကျင်ဖက် အမူအကျင့်အဖြစ် ရန်လိုခြိမ်းခြောက်တဲ့ မနှစ်မြို့စရာ အပြုအမူတွေ ကျူးလွန်ရင်တော့ တရားဥပဒေ စည်းမျဉ်းတွေနဲ့ အပြည့်အဝ ရင်ဆိုင်ရသင့်တယ်လိုပလည်း အနူတင်က ဆက်ပြောပါတယ်။

အနူတင်က တစ်နိုင်ငံလုံးမှာရှိတဲ့ အုပ်ချုပ်ရေး အရာရှိတွေ အနေနဲ့ အခုကိစ္စအတွက် ပိုပြီး အာရုံစိုက် အားထုတ်ကြဖို့ ညွှန်ကြားခဲ့ရင် ဖူးခက်နဲ့ ဆူရတ်ဌာနီ ဒေသတွေကိုတော့ ပိုပြီး အထူးပြု ရည်ညွှန်းသွားပါတယ်။

ပြည်တွင်းရောက် နိုင်ငံခြားသား တချို့က ဘာသာရေးနဲ့ ဝတ်ပြုမှုဆိုင်ရာ နယ်မြေတချို့ သတ်မှတ်ခွင့်ရဖို့ တောင်းဆိုတဲ့အကြောင်း ဆွေးနွေးချိန်မှာ အနူတင်က ကိုယ်ပိုင်သင်္ချိုင်းမြေတွေ အကြောင်းကိုပါ ထည့်ပြောသွားခဲ့တာပါ။ ပြီးတော့ ဘာသာရေး နေရာတွေ သတ်မှတ်တယ် ဆိုတာကလည်း ထင်သလို ကိုယ့်သဘောနဲ့ကိုယ် လုပ်ခွင့်မရှိဘူးလို့ သူက ဆိုပါတယ်။

ဖြစ်စဉ်တစ်ခုမှာ စားသောက်ဆိုင်လို့ မှတ်ပုံတင်ထားပေမယ့် ဘာသာရေး ကိစ္စတွေ လုပ်ဆောင်နေတာမျိုးကိုလည်း အနူတင်က ဝေဖန်သွားပါတယ်။

နောက်ပြီး အပြုအမူ ဆိုးရွားလို့ ဥပဒေစည်းမျဉ်းတွေ ချိုးဖောက်တဲ့ အဆင့်မျိုး ရောက်နေတယ်လို့ သတ်မှတ်နိုင်တဲ့ နိုင်ငံခြားသားတွေကို အမြန်ဆုံး နယ်နှင်နိုင်မယ့် အမိန့်မျိုးကိုလည်း ပြည်ထဲရေးဝန်ကြီး လုပ်ပိုင်ခွင့်နဲ့ သူက လက်မှတ် ရေးထိုးထားကြောင်း အနူတင်က ဆိုပါတယ်။

မလိုလားအပ်တဲ့ နိုင်ငံခြားသားတွေကို ပြတ်ပြတ်သားသား ကိုင်တွယ်တုံ့ပြန်ရမှာ ဖြစ်ပေမယ့် ပြည်တွင်းကို တရားဝင် ရောက်ရှိလာပြီး ဥပဒေ၊ ဓလေ့ထုံးတမ်း၊ ယဉ်ကျေးမှုတွေကို လေးစားလိုက်နာတဲ့ နိုင်ငံခြားသားတွေ အတွက်လည်း ထိုင်းဟာ အမြဲ တံခါးဖွင့်ထားရမယ်လို့ ဝန်ကြီးချုပ်က ပြောပါတယ်။ ရိုးရိုးသားသား ရောက်လာတဲ့ နိုင်ငံခြားသားတိုင်းအတွက် ထိုင်းနိုင်ငံက ပျော်ရွှင်နေဆဲလို့ အနူတင်က ပြောဆိုသွားခဲ့ပါတယ်။

ကိုးကား – Khaosod

ဆက်စပ်သတင်းများ

သတင်း

စစ်တပ်ကို တရားဝင်မှုပေးနိုင်တဲ့လုပ်ရပ်တွေ ရှောင်ရှားဖို့နဲ့ ဒုက္ခသည်တွေကို အဓမ္မပြန်လည်ပို့ဆောင်တာတွေကနေကာကွယ်ပေးဖို့ ထိုင်းဝန်ကြီးချုပ်ဆီကို တောင်းဆိုတဲ့လှုပ်ရှားမှုကို ပြည်ပရောက် မြန်မာတွေက ဒီနေ့(စက်တင်ဘာ၂) သက်ဆိုင်ရာ ထိုင်းနိုင်ငံသံရုံးတွေရှေ့မှာ တပြိုင်နက်လုပ်ဆောင်ခဲ့ကြပါတယ်။

နိုင်ငံတကာ

ထိုင်းမှာ ဥပဒေတွေ ချိုးဖောက်သူ နိုင်ငံခြားသားတွေကိုပြည်နှင်နိုင်မယ့် အစိုးရ အမိန့်သစ်ဟာ ဩဂုတ် ၂၈ ရက်နေ့မှာ စတင် အသက်ဝင်လာပြီ ဖြစ်ပါတယ်။

နိုင်ငံတကာ

ခွင့်ပြုချက် မရှိဘဲ ပြည်တွင်းမှာ နေထိုင်နေတဲ့သူတွေ (PATIတွေ) အပါအဝင် နိုင်ငံခြားသား ၂၃၈ ဦးကို လူဝင်မှု ကြီးကြပ်ရေးဆိုင်ရာ ဥပဒေတွေနဲ့ စွဲချက်တင်ခဲ့ပြီး ၂၃၇ ဦးအတွက် စီရင်ချက်တွေ ချမှတ်ခဲ့ကြောင်း မလေးရှား အာဏာပိုင်တွေက အတည်ပြုခဲ့ပါတယ်။

နိုင်ငံတကာ

ထိုင်းနိုင်ငံမှာ နာမည်ခံ စီးပွားရေး လုပ်ငန်းတွေ ဟန်ပြ ထူထောင်ပြီး အိမ်ခြံမြေ ဝယ်ယူထားတဲ့ နိုင်ငံခြားသား ၁၃ ဦးကို ရဲတွေက ဖမ်းဆီးခဲ့ပါတယ်။