သြဂုတ် – ၁၇ ၊၂၀၂၆
ခွင့်ပြုချက် မရှိဘဲ ပြည်တွင်းမှာ နေထိုင်နေတဲ့သူတွေ (PATIတွေ) အပါအဝင် နိုင်ငံခြားသား ၂၃၈ ဦးကို လူဝင်မှု ကြီးကြပ်ရေးဆိုင်ရာ ဥပဒေတွေနဲ့ စွဲချက်တင်ခဲ့ပြီး ၂၃၇ ဦးအတွက် စီရင်ချက်တွေ ချမှတ်ခဲ့ကြောင်း မလေးရှား အာဏာပိုင်တွေက အတည်ပြုခဲ့ပါတယ်။
ဩဂုတ် ၁၃ ရက်နေ့က ဂျိုဟော်ပြည်နယ်၊ နန်နက်စ်ဒေသက လူဝင်မှု ကြီးကြပ်ရေးဌာနရဲ့ PATIတွေနဲ့ ပတ်သက်ပြီး အဓိက ကိုင်တွယ်တဲ့ အထူးတရားရုံးမှာ လူဝင်မှု ကြီးကြပ်ရေး ဥပဒေ ပုဒ်မခွဲ အမျိုးမျိုးနဲ့ တရားစွဲဆိုမှုတွေ လုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။
နိုင်ငံခြားသား ၂၃၈ ဦးထဲမှာ တရားဝင် မဟုတ်ဘဲ မလေးရှားကို ဝင်ရောက်လာသူတွေ၊ ဗီဇာသက်တမ်း ကျော်လွန်ပြီး နေထိုင်သူ၊ မလေးရှားကနေ နှင်ထုတ်ခံထားရပြီးမှ ပြည်တွင်းကို ပြန်လည် ဝင်ရောက်လာသူတွေ ပါဝင်ပြီး သက်ဆိုင်ရာ ပြစ်မှုအလိုက် စွဲချက်တွေ တင်ထားကြောင်း အာဏာပိုင်တွေက ပြောပါတယ်။ စွဲချက်တင် ခံရသူတွေထဲမှာ နိုင်ငံကူးလက်မှတ် (ပတ်စ်ပို့တ်)ကို မမှန်ကန်တဲ့ နည်းလမ်းနဲ့ သုံးစွဲသူတွေလည်း ပါဝင်တယ်လို့ ဆိုပါတယ်။

Public Service Announcement
PATI အထူးတရားရုံးမှာ စစ်ဆေးမေးမြန်းမှုတွေအတွင်း စွဲချက်တင်ခံရသူတွေထဲက ၂၃၇ ဦးဟာ အပြစ်ရှိကြောင်း ဝန်ခံခဲ့ကြပါတယ်။ သူတို့ကို နှစ် လကနေ ငါးလထိ ထောင်ဒဏ်နဲ့ ရင်းဂစ် ၁,၀၀၀ ကနေ ၂၀,၀၀၀ ကြား ဒဏ်ငွေတွေ ချမှတ်ခဲ့တယ်လို့ သိရပါတယ်။
ဘင်္ဂလားဒေ့ရှ် နိုင်ငံသား တစ်ဦးကတော့ လူဝင်မှု ကြီးကြပ်ရေး ဥပဒေ ပုဒ်မ ၃၉(ခ)၊ ပတ်စ်ပို့တ်ကို မမှန်ကန်တဲ့ နည်းလမ်းနဲ့ အသုံးပြုမှု စွပ်စွဲချက်အတွက် အပြစ်မရှိကြောင်း ငြင်းဆိုခဲ့ပါတယ်။ အဲဒီ ခုခံလျှောက်လဲမှုအတွက် စာရွက်စာတမ်းတွေ တင်သွင်းဖို့ကို ခွင့်ပြုထားပြီး စက်တင်ဘာ ၁၀ ရက်နေ့မှာ ရုံးချိန်း ထပ်ခေါ်ထားပါတယ်။
အဲဒီ တရားစွဲဆိုမှုတွေကို ဂျိုဟော်ပြည်နယ် လူဝင်မှု ကြီးကြပ်ရေးဌာနနဲ့ အစိုးရ ရှေ့နေရုံးတို့ ပူးပေါင်း ဆောင်ရွက်ခဲ့တာလို့လည်း မလေးရှား မီဒီယာတွေက ဖော်ပြခဲ့ပါတယ်။


















































