စက်တင်ဘာ – ၁၉ ၊၂၀၂၆
တောင်တရုတ် ပင်လယ်ထဲက ပိုင်နက် အငြင်းပွားရာ ရေပြင်မှာ ဖိလစ်ပိုင်ရဲ့ ဌာနဆိုင်ရာ ရေယာဉ်ကို တရုတ် ကမ်းခြေစောင့်တပ် ရေယာဉ် က ဝင်တိုက်ခဲ့ကြောင်း သိရပါတယ်။
မနေ့ (စက်တင်ဘာ ၁၈ ရက်)တုန်းက မနီလာမြို့တော် အနောက်ဖက်၊ ပါလာဝမ်ကနေ ရေမိုင် ၅၄ မိုင်အကွာ ရေပြင်မှာ ရေယာဉ်နှစ်စီး ထိပ်တိုက် တွေ့ခဲ့ကြတာ ဖြစ်ပါတယ်။ အဲဒီ ရေပြင်ဟာ ဖိလစ်ပိုင်က အထူးစီးပွားရေးဇုန် သတ်မှတ်ထားတဲ့ ဧရိယာထဲမှာ ပါဝင်နေပါတယ်။
အဲဒီရေပြင် တဝိုက်က ဖိလစ်ပိုင် ငါးဖမ်းလှေတွေဆီ ဖိလစ်ပိုင် ငါးလုပ်ငန်းနဲ့ ရေထွက်သယံဇာတ ဌာနရဲ့ Magat Salamat ရေယာဉ်က လောင်စာဆီ သွားပို့ချိန်မှာ တရုတ် ကမ်းခြေစောင့် ရေယာဉ် အမှတ် ၂၁၅၈၅ က ကြားဖြတ် နှောင့်ယှက်ခဲ့တာလို့ ဖိလစ်ပိုင်ကစွပ်စွဲပါတယ်။

Public Service Announcement
ရေယာဉ်နှစ်စီးကြားက ပဋိပက္ခဟာ ၁၀ မိနစ်လောက် ကြာမြင့်ခဲ့ပြီး တရုတ် ကမ်းခြေစောင့် သင်္ဘောဟာ အန္တရာယ် များလှတဲ့ ရန်လို ချဉ်းကပ်မှု ၃ ကြိမ်လောက် လုပ်ဆောင်ခဲ့တယ်လို့ ဖိလစ်ပိုင်က စွပ်စွဲတာပါ။
တရုတ်ရေယာဉ်ပေါ်က ရိုက်ကူးထားတဲ့ ဗီဒီယိုမှာတော့ အရွယ်အစား ပိုသေးတဲ့ ဖိလစ်ပိုင်ရေယာဉ်ဟာ ဝင်ဆောင့်ခံရတဲ့ အရှိန်ကြောင့် အတော်ကြီး သိသိသာသာ တိမ်းစောင်းသွားတာမျိုးကို တွေ့ခဲ့ရပါတယ်။
အခုဖြစ်ရပ်မှာ Magat Salamatရဲ့ ကိုယ်ထည်ပေါ်က လက်ရန်းတွေ ပျက်စီးသွားပေမယ့် လူအထိအခိုက်တော့ မရှိခဲ့ဘူးလို့ ဖိလစ်ပိုင် ငါးလုပ်ငန်းနဲ့ ရေထွက်သယံဇာတ ဌာနက အတည်ပြုခဲ့ပါတယ်။
တရုတ် ရေယာဉ်က ဘာလုပ်ခဲ့သလဲ ဆိုတာကို ရှင်းရှင်းလင်းလင်း နားလည်ဖို့ လိုကြောင်း၊ ဖိလစ်ပိုင် ကမ်းလွန် ရေပြင်မှာ ငါးဖမ်းနေတဲ့ ဖိလစ်ပိုင် လှေတွေအတွက် လောင်စာဆီ သွားပို့တဲ့ ရေယာဉ်ကို တမင် ဝင်တိုက်ခဲ့တာဖြစ်ကြောင်း၊ ဒီလုပ်ရပ်ဟာ ဖိလစ်ပိုင် ရေယာဉ် အမှုထမ်းတွေအတွက် အကြီးအကျယ် အန္တရာယ် ကျရောက်သွားစေနိုင်ကြောင်း ဖိလစ်ပိုင်ဖက်က ထုတ်ပြန်ပါတယ်။
Magat Salamatဟာ စက်တင်ဘာ ၁၇ ရက်နေ့တုန်းက ဟက်ဖ်မွန်း သောင်ခုံကျွန်းမှာ သောင်တင်နေလို့ ဖိလစ်ပိုင် ကမ်းခြေစောင့်တပ်က ရေယာဉ်တစ်စီး စေလွှတ်ပြီး ပင်လယ်ဖက် ပြန်ဆွဲချပေးခဲ့ရပါတယ်။
အဲဒီ အချိန်ကတည်းက တရုတ် ကမ်းခြေစောင့်တပ်ရဲ့ Harbin Y-12F ကင်းလှည့်လေယာဉ်တစ်စီး ပျံဝဲနေတာကို ဖိလစ်ပိုင်ရေယာဉ် အဖွဲ့သားတွေက သတိပြုမိခဲ့ပါတယ်။ နောက်တစ်နေ့မှာတော့ တရုတ် ကမ်းခြေစောင့် သင်္ဘောရဲ့ ဝင်တိုက်မှုကို ကြုံရတော့တာပါပဲ။
တရုတ်ဖက်က ထုတ်ပြန်ချက်မှာတော့ ဖိလစ်ပိုင် ရေယာဉ်ကသာ တရုတ် ကမ်းခြေစောင့် သင်္ဘောရဲ့ ရေလမ်းကြောင်း ရှေ့ကနေ အကြိမ်ကြိမ် ဖြတ်ဝင်ပြီး အနှောင့်အယှက် ပေးခဲ့ကြောင်း တရုတ်အစိုးရအာဘော် Global Times ကတဆင့်တုံ့ပြန်ထားပါတယ်။
ပြီးတော့ ရေယာဉ်တွေ တိုက်မိမှု မတိုင်ခင်မှာ တရုတ်ကမ်းခြေစောင့်ရေယာဉ် ရှေ့ကနေ ဖိလစ်ပိုင် ရေယာဉ်က ကန့်လန့်ဖြတ် ခုတ်မောင်းလာပုံကို ကွဲပြားတဲ့ ရှုထောင့်က ရိုက်ကူးထားတဲ့ ဗီဒီယိုကိုလည်း Global Times က ထုတ်ပြခဲ့ပါတယ်။
တရုတ်ဟာ တောင်တရုတ်ပင်လယ် ရေပြင်တစ်ခုလုံးကို ပိုင်နက်အဖြစ် သတ်မှတ်ထားတာကြောင့် ဒေသတွင်း နိုင်ငံတွေနဲ့ အငြင်းပွားမှုတွေ ရှိနေပြီး ဖိလစ်ပိုင်နဲ့ ပြဿနာကတော့ အဆိုးဆုံးပါပဲ။ အထူးသဖြင့် ဒုတိယ သေမတ်စ် သောင်ခုံကျွန်းလို့ ခေါ်တဲ့ နေရာတဝိုက်မှာ အခြေအနေ အတင်းမာဆုံး ဖြစ်နေပြီး အရင်ကလည်း နှစ်နိုင်ငံ ကမ်းခြေစောင့်တပ် ရေယာဉ်တွေ ထိပ်တိုက်တွေ့တာ၊ ရေယာဉ်အဖွဲ့သားချင်း ကိုယ်ထိလက်ရောက် တိုက်ခိုက်တာတွေ ရှိခဲ့ဖူးပါတယ်။
မနှစ်က ဩဂုတ်လတုန်းကလည်း ဖိလစ်ပိုင် ကမ်းခြေစောင့် ရေယာဉ်နောက်ကနေ အပူတပြင်း လိုက်ပါ ခုတ်မောင်း နှောင့်ယှက်ရင်း တရုတ် စစ်သင်္ဘော တစ်စီးနဲ့ ကမ်းခြေစောင့် သင်္ဘောတစ်စီး အချင်းချင်း တိုက်မိခဲ့ပြီး ကမ်းခြေစောင့်ရေယာဉ် ခေါင်းပိုင်းမှာ အကြီးအကျယ် ပျက်စီးသွားခဲ့ပါတယ်။ တစ်နှစ်လောက် ကြာပြီး အခုနှစ် ဩဂုတ်လမှာတော့ တရုတ်က အဲဒီဖြစ်ရပ်အတွင်း ကမ်းခြေစောင့် တပ်သားနှစ်ဦး သေဆုံးခဲ့ကြောင်း အတည်ပြုခဲ့ပါတယ်။
ကိုးကား: USNI



















































