အောက်တိုဘာ ၁၅၊ ၂၀၂၆။ ထားမြတ်/People’s Spring
ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၄) မြိတ်ထားဝယ်ခရိုင် ပုလောမြို့နယ်အတွင်းရှိ တော်လှန်ရေးတပ်တွေရှိရာ စစ်တပ် စစ်ကြောင်းထိုးလို့ တိုက်ပွဲတွေ ဖြစ်ခဲ့သလို စစ်တပ်လက်နက်ကြီးနဲ့ ပစ်လို့ ဒေသခံတွေ စစ်ရှောင်ရတာ၊ အဆောက်အအုံထိခိုက်ပျက်စီးတာ ရှိခဲ့ကြောင်း ဒေသခံ KNU မြိတ်ထားဝယ်ခရိုင် သတင်းရင်းမြစ်က ပြောပါတယ်။
ပုလောမြို့နယ် ပလောက်မြို့အနီး ဘုရင့်တောင်ကျေးရွာဘက်ကို စစ်တပ်က စစ်ကြောင်းထိုးလာလို့ အောက်တိုဘာ ၁၀ရက်က စတင်ပြီး ၃ရက်ဆက်တိုက်ပွဲဖြစ်ခဲ့သလို အောက်တိုဘာ ၁၃ရက်နဲ့ ၁၄ရက်တွေမှာလည်း စစ်တပ်က လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့ကြောင်း အသိပေးပါတယ်။
အောက်တိုဘာ ၁၄ရက်မှာ စစ်တပ်ရဲ့ လက်နက်ကြီး ပစ်ခတ်မှုကြောင့် ဘုရင့်တောင်ရွာ ရှိ ဘုရင့်တောင်ခရစ်ယာန်သာသနာပိုင် အဆောက်အအုံ ပျက်စီးမှု ရှိခဲ့ကြောင်း KNUမြိတ်ထားဝယ်ခရိုင်က ထုတ်ပြန်ပါတယ်။

Public Service Announcement
စစ်တပ်ရဲ့ အမတ(၃၀၉)တပ်ရင်းက လက်နက်ကြီးနဲ့ ပစ်ခတ်သလို စစ်ကြောင်းထိုးလာလို့ ဘုရင့်တောင်ရွာခံတွေ တိမ်းရှောင်နေကြရကြောင်းလည်း KNU မြိတ်ထားဝယ်ခရိုင်သတင်းရင်းမြစ်က ပြောပါတယ်။
“အခြားအိမ်တွေလည်းထိခိုက်မှု ရှိနိုင်တယ်။ စစ်ကြောင်းက အဲဒီရွာကို ရောက်နေတော့ ရွာသားတွေလည်း ထွက်ပြေးတိမ်းရှောင်နေရတာပေါ့” လို့ သတင်းရင်းမြစ်က ဘုရင့်တောင်ရွာ စစ်တပ်ရဲ့ တိုက်ခိုက်မှုကြောင့် ထိခိုက်နိုင်မှု အခြေအနေကို ပြောပါတယ်။
ဘုရင့်တောင်ကျေးရွာကနေ စစ်ကြောင်းဆက်ထိုးလာရင် တော်လှန်ရေးတပ်တွေနဲ့ တိုက်ပွဲဖြစ်နိုင်ကြောင်း ပြောပါတယ်။ အခု စစ်တပ် စစ်ကြောင်းထိုးနေတဲ့ ဒေသတွေဟာ ရေဘေးဒုက္ခရောက်နေတဲ့ ဒေသတွေဖြစ်ပြီး ပြန်လည်ထူထောင်ရေး အပြည့်အ၀ မလုပ်နိုင်သေးချိန် စစ်ကြောင်းထိုးလာတာလို့ ဆိုပါတယ်။
“စစ်ကြောင်းထပ်ထိုးတော့ သူတို့ အခွင့်အရေးတခုလို့ ပြောရမှာပေါ့ ပြည်သူတွေ ဒုက္ခရောက်နေချိန် စစ်ကြောင်းလည်း သူတို့ထိုးတယ်။ ပြည်သူတွေရေဘေး နဲ့ ဒုက္ခရောက်ပြီးတော့ အခု နောက်တခါ စစ်ဘေး ရင်ဆိုင်နေရတာပေါ့။” လို့ KNU မြိတ်ထားဝယ်ခရိုင် သတင်းရင်းမြစ်က ပြောပါတယ်။
လက်ရှိ စစ်တပ်ဟာ ပုလောမြို့နယ် ဆင်ထိုးကြီးရွာဘက်ကို စစ်ကြောင်းထိုးမယ်လို့ ယူဆထားပြီး ဆက်တိုးလာရင် တိုက်ပွဲဖြစ်နိုင်တယ်လို့ အသိပေးပါတယ်။
စစ်တပ်ဟာ တော်လှန်ရေးတပ်တွေထိန်းချုပ်ထားတဲ့ နယ်မြေတွေ ပြန်ရဖို့ သရက်ချောင်းမြို့ကနေ ဝင်း၀ဒေသဘက်ကို စစ်ကြောင်းထိုးနေသလို ပလောက်ကနေ ဘုရင့်တောင်ရွာဘက်ကို စစ်ကြောင်းထိုးနေတာလို့ ဆိုပါတယ်။

















































