အောက်တိုဘာ ၁၆၊ ၂၀၂၆။ ဟာနာဆန်/People’s Spring
တနင်္သာရီတိုင်း၊ ကော့သောင်းမြို့က တပ်နယ်အထက်တန်းကျောင်းမှာ စစ်တပ်ရဲ့ စစ်ဗိုလ်တစ်ဦးက ကျောင်းသားတွေကို တန်းစီခိုင်းပြီး ဆံပင်တွေကပ်ကြေးနဲ့ လိုက်ညှပ်ခဲ့တဲ့ ရုပ်သံတစ်ခုထွက်ပေါ်နေပြီး ဝေဖန်မှုတွေ ရှိနေပါတယ်။
ကော့သောင်းမြို့၊ အမှတ်(၂) တပ်နယ်အထက်တန်းကျောင်း ကျောင်းဝင်းမှာ စစ်ဗိုလ်တစ်ဦးက အခြေခံပညာ အထက်တန်းကျောင်းသား၊ ကျောင်းသူတွေကို တန်းစီခိုင်းပြီး လက်သန့်ရှင်းမှုရှိမရှိနဲ့ ဆံပင်တွေရှည်မရှည် စစ်ဆေးခဲ့ပါတယ်။ အဲဒီနောက် ဆံပင်တွေရှည်နေတယ်လို့ ၎င်းယူဆတဲ့ ကျောင်းသားအချို့ကို ဆံသားကိုကိုင်ပြီး ကပ်ကြေးနဲ့ ညှပ်နေတာကို ရုပ်သံမှာ ရိုက်ကူးထားတာ တွေ့ရပါတယ်။
အဲဒီစစ်ဗိုလ်ဟာ အ.ထ.က(၂)တပ်နယ်ရဲ့ ကျောင်းအုပ်ဖြစ်ပြီး ၎င်းကျောင်းမှာ ယခင်ကတည်းက ယခုမြင်တွေ့ရသလို အုပ်ချုပ်နေတာဖြစ်ကြောင်း ဒေသခံအချို့က ဆိုပါတယ်။ သို့သော် စစ်ဗိုလ်က ကျောင်းသားတွေကို အဓမ္မဆံပင်ညှပ်ပေးနေတဲ့အပေါ် ဝေဖန်မှုတွေလည်း ရှိနေပါတယ်။

Public Service Announcement
“ဘယ်ကဖွင့်ဖွင့် သူ့တို့မှာဆရာ ဆရာမရှိတယ်။ သူနဲ့ဘာဆိုင်လဲညှပ်ပေးချင်ရတာလဲ။ ဆံသ ဆရာခေါ်လာခဲ့ပေါ့။ ခုကရုပ်ပေါက်လွန်းတယ်။ အာဏာရှင်ပြောတော့လက်မခံကြဘူး”လို့ လူမှုကွန်ရက်သုံးစွဲသူတစ်ဦးက ဝေဖန်ပါတယ်။
တန်းစီတဲ့အထဲမှာ ကျောင်းသူတွေလည်း ပါဝင်ပြီး ကျောင်းသူတွေကိုတော့ ဆံပင်ညှပ်ပေးတာကို ရိုက်ကူးထားတာ မတွေ့ရပါဘူး။ အဲဒီ အ.ထ.က (၂)မှာ စိုက်ပျိုးမွေးမြူရေး အထက်တန်းကျောင်းကိုလည်း တွဲဖက်ဖွင့်လှစ်ထားတယ်လို့ သိရပါတယ်။
ယခုလဆန်းပိုင်းကလည်း စစ်တပ်ထောက်ခံတဲ့ ဘုန်းကြီးတစ်ပါးဖြစ်တဲ့ အရှင်ဆေကိန္ဒက ၎င်းကိုယ်တိုင်ဖွင့်လှစ်ထားတဲ့ ရန်ကုန်တိုင်း၊ မှော်ဘီမြို့နယ်၊ အောက်ဝါးနက်ချောင်းရွာက ဓမ္မဒူတလူငယ်ကျောင်းမှာ ငါးတန်းနဲ့ ခြောက်တန်းကလေးတွေကို စစ်ရေးပြလေ့ကျင့်သင်ကြားပေးနေကြောင်း ရုပ်သံမှတ်တမ်းနဲ့တကွ ကျောင်းရဲ့ TikTok အကောင့်ကနေ ထုတ်ပြခဲ့ပါတယ်။ စစ်တပ်ထောက်ခံတဲ့ ဘုန်းကြီးရဲ့ကျောင်းမှာ အရွယ်မရောက်သေးတဲ့ ကလေးသူငယ်တွေကို စစ်ရေးပြသင်ကြားပေးနေတဲ့အပေါ် ဝေဖန်မှုတွေ ရှိခဲ့ပါတယ်။
















































