အောက်တိုဘာ ၇၊ ၂၀၂၆။ ထားမြတ်/People’s Spring
ကရင်အမျိုးသားအစည်းအရုံး(KNU) အုပ်ချုပ် နယ်မြေတွေကို အာဏာသိမ်းစစ်တပ်က လေကြောင်း၊လက်နက်ကြီး တိုက်ခိုက်မှုများဆက်တိုက်ပြုလုပ်လျက်ရှိရာ အာဏာသိမ်းပြီး ၅နှစ်ကျော်အတွင်း စစ်တပ်ရဲ့ တိုက်ခိုက်မှုတွေကြောင့် စာသင်ကျောင်း ၅၉လုံး ထိခိုက်ပျက်စီးခဲ့ပြီး ကျောင်းသူကျောင်းသားသေဆုံးထိခိုက်မှုများ ရှိခဲ့ကြောင်း KNU ဗဟိုက အောက်တိုဘာ ၆ရက်မှာ ထုတ်ပြန်ပါတယ်။
၂၀၂၁ကနေ ၂၀၂၆ အတွင်း စစ်တပ် တိုက်ခိုက်မှုကြောင့် စာသင်ကျောင်းနဲ့ ကျောင်းသားကျောင်းသူ သေဆုံးထိခိုက်ရမှု အခြေအနေကို ဖော်ပြခဲ့ရာ လက်နက်ကြီးနဲ့ လေကြောင်း တိုက်ခိုက်မှုတွေကြောင့် ကျောင်းသား ကျောင်းသူ ၄၁ဦး သေဆုံးကာ ၉၀ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ဖော်ပြပါတယ်။
“ မင်းအောင်လှိုင် ဦးဆောင်သော အကြမ်းဖက် စစ်ကောင်စီတပ်သည် ဂျီနီဗာကွန်ဗန်းရှင်းတို့ကို ချိုးဖောက်ရုံသာမက ကရင်လူမျိုးများ၏ ပညာရေးကို ရည်ရွယ်ချက် ရှိရှိဖျက်ဆီးနေလျက်ရှိသည်” လို့ KNUက ထုတ်ပြန်ပါတယ်။

Public Service Announcement
အာဏာသိမ်းစစ်တပ်ဟာ ပြီးခဲ့တဲ့ စက်တင်ဘာအတွင်းကပင် KNU နယ်မြေက စာသင်ကျောင်းကို အကြောင်းမဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့ပါသေးတယ်။
စက်တင်ဘာ ၁၉ရက်က KNU တပ်မဟာ(၁) နယ်မြေ ဘီးလင်းမြို့နယ် ကြသောင်းဆိပ်ရွာ ကို စစ်တပ်လေကြောင်းဗုံးကြဲခဲ့လို့ စာသင်ကျောင်းနဲ့ ဝန်ထမ်းအိမ်ယာတွေ ပြည်သူလူထုနေအိမ်တွေ ထိခိုက်ပျက်စီးခဲ့ရပါတယ်။ ညအချိန်မှာ ဖျက်အားပြင်းဗုံးတွေနဲ့ ကြဲချတိုက်ခိုက်ခဲ့လို့ ကျောင်းအဆောက်အဦးတွေနဲ့ ပြည်သူလူထုနေအိမ် ၃၆လုံး ထိခိုက်ပျက်စီးခဲ့ရတယ်လို့ KNUက အသိပေးထုတ်ပြန်ထားပါတယ်။
စစ်တပ်ဟာ အောက်တိုဘာအတွင်းမှာလည်း KNU နယ်မြေက အရပ်သား ပြည်သူနေထိုင်ရာတွေကို လေကြောင်း၊ လက်နက်ကြီး တိုက်ခိုက်မှုတွေ ဆက်လက်ပြုလုပ်လျက်ရှိရာ အောက်တိုဘာ ၁ရက်က KNU တပ်မဟာ(၃) ညောင်လေးပင်ခရိုင် မူး(မုန်း)မြို့နယ် ကျောက်ကြီးပေါက်ရွာကို စစ်တပ်က ဒရုန်းနဲ့ ဗုံးကြဲခဲ့လို့ အသက် ၁၇နှစ်အရွယ်လူငယ် ၁ဦးသေဆုံးကာ ပြည်သူ ၆ဦး ဒဏ်ရာရရှိခဲ့ပါတယ်။
အာဏာသိမ်းစစ်တပ်ဟာ အာဆီယံဘုံသဘောတူညီချက်ကို လိုက်နာခြင်းမရှိဘဲ နိုင်ငံတဝန်း အပြစ်မဲ့ အရပ်သား ပြည်သူတွေကို တိုက်ခိုက်မှုတွေ ကို လေယာဉ် ၊ ဒရုန်း၊ လက်နက်ကြီးတွေနဲ့ တိုက်ခိုက်နေသလို ပြည်သူတွေကိုဖမ်းဆီးသတ်ဖြတ်တာအပါအဝင် စစ်ရာဇဝတ်မှုတွေနေ့စဉ်နဲ့အမျှ ကျူးလွန်နေကြောင်း KNUက ထုတ်ပြန်ပါတယ်။



















































