“ထိုင်းအများစုက CI မလုပ်ရေးလက်ခံကြပါတယ်။ ကျနော်လည်း CI ဖျက်သိမ်းရေး ဆက်ပြီး တိုက်ပွဲဝင်သွားမယ်” — ဆူရတ်ဂ်ျဂီရီ
နိုဝင်ဘာ-၂၊ ၂၀၂၆။နေ့သစ်/People’s Spring
ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့က UN ရုံးရှေ့မှာ မြန်မာလုပ်သားအရေးဆန္ဒပြပွဲကိုလာရောက်နှောက်ယှက်ပြီး အကြမ်းဖက်ထိုးကြိတ်ခဲ့တဲ့ ထိုင်းအမျိုးသားရေးသမားဆိုသူတွေကို ထိုင်းရဲတပ်ဖွဲ့ထံ သွားရောက်အမှုဖွင့်တိုင်ကြားရာ ရဲတပ်ဖွဲ့ကအမှုကို လက်ခံလိုက်တယ်လို့ ကျူးလွန်ခံရသူ Bright Future က ဆူရတ်ဂ်ျဂီရီက လူထုနွေဦးကို ပြောပါတယ်။
” ဒီနေ့က ဆေးစစ်ချက်ယူဖို့အတွက် ဆေးရုံကိုလည်း သွားရတယ်။ ဆေးစစ်ချက်ယူပြီး ရဲစခန်းကိုအမှုဖွင့်တော့ Nanglerng ရဲတပ်ဖွဲ့က အမှုကိုလက်ခံတယ်။ နောင်ကိုဒီလိုမျိုးမဖြစ်အောင် အရေးယူပေးမယ်လို့ ပြောတယ်။ သူတို့က ရုပ်သံဖိုင်တွေကိုကြည့်မယ်။ စစ်ဆေးမယ်။ အဲမှာ အကြမ်းဖက်ရိုက်နှက်မှုမှာပါတဲ့သူ အားလုံးကို အမှုထဲထည့်မယ်ပေါ့”လို့ ဆူရတ်ဂ်ျဂီရီက လူထုနွေဦးကို ပြောပါတယ်။
ဒါ့အပြင်ထိုင်းနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်ထံကိုလည်းတိုင်ကြားမယ်လို့ သူက ဆက်ပြောပါတယ်။

Public Service Announcement
နိုဝင်ဘာ ၁ရက် မနက်ပိုင်းမှာ ထိုင်းရောက်မြန်မာလုပ်သားတွေစုစည်းထားတဲ့ Bright Future ရဲ့ဆူရတ်ဂ်ျဂီရီအပါအဝင် မြန်မာလုပ်သားတွေက CIဖျက်သိမ်းပေးရေး၊ ပန်းရောင်ကတ်တစ်မျိုးတည်းနဲ့ နေထိုင်လုပ်ကိုင်ခွင့်ပေးရေး၊ စစ်တပ်ဆီ အခွန်မဆောင်ရေး၊ ဖက်ဒရယ်ဒီမိုကရေစီရရှိရေး၊ စစ်အာဏာရှင်စနစ်ကျရှုံးရေး စတဲ့ကြွေးကြော်သံတွေ ကြွေးကြော်ပြီး ဘန်ကောက်မြို့က UN ရုံးရှေ့မှာ ငြိမ်းချမ်းစွာ ဆန္ဒပြတောင်းဆိုခဲ့ကြပါတယ်။
စတင်ဆန္ဒပြလို့ မိနစ် ၂၀ ကျော်အကြာမှာ ထိုင်းအမျိုးသားရေးအစွန်းရောက်အဖွဲ့ဖြစ်တဲ့ ပြည်သူ့ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးကော်မတီ(PDRC)က နှုတ်ခမ်းမွှေးလို့ လူသိများသူရဲ့ အဖွဲ့က လူ ၁၀ဦးလောက်ဟာ ကားနဲ့ရောက်လာပြီး ဆန္ဒပြပွဲဦးဆောင်သူ ဆူရတ်ဂ်ျဂီရီကို အကြမ်းဖက်ထိုးကြိတ်ခဲ့ကြတယ်လို့ ဆူရတ်ဂ်ျဂီရီက ပြောပါတယ်။
တရားဝင်ခွင့်ပြုချက်နဲ့ တရားဥပဒေနဲ့အညီ ဆန္ဒထုတ်ဖော်မှုအပေါ် အကြမ်းဖက်ခဲ့ကြသူတွေကို ဥပဒေအရ တိုင်ကြားတာလို့ ဆူရတ်ဂ်ျဂီရီက ပြောပါတယ်။
“ထိုင်းအများစုက CI မလုပ်ရေးလက်ခံကြပါတယ်။ ကျနော်လည်း CI ဖျက်သိမ်းရေး ဆက်ပြီးတိုက်ပွဲဝင်သွားမယ်။ထပ်မံလုပ်ဆောင်သွားမယ်”လို့ ဆူရတ်ဂ်ျဂီရီကဆက်ပြောပါတယ်။
အဲဒီဖြစ်ရပ်နဲ့ပတ်သက်ပြီး ထိုင်းအတိုက်အခံပါတီက လွှတ်တော်အမတ်တစ်ဦးက အပြင်းအထန်ရှုတ်ချခဲ့ပြီး နိုင်ငံရေးအမြင် သဘောထားကွဲလွဲမှုတွေကြောင့် အကြမ်းဖက်ရိုက်နှက်ခွင့် မရှိကြောင်း ပြောဆိုခဲ့ပါတယ်။ တာဝန်ရှိသူတွေကိုလည်း လူမျိုးမခွဲခြားဘဲ စုံစမ်းဖော်ထုတ်ပြီး ဥပဒေအရ အရေးယူဖို့ တိုက်တွန်းခဲ့ပါတယ်။
ရွှေ့ပြောင်းအလုပ်သမားကွန်ရက်အဖွဲ့ -MWGကလည်း ကန့်ကွက်ကြောင်း စာထုတ်ပြန်ထားပါတယ်။
ထိုင်းအတိုက်အခံပါတီဖြစ်တဲ့ People’s Party ဘန်ကောက်လွှတ်တော်အမတ်ကလည်းဆန္ဒပြသူတွေကို နှောက်ယှက်တိုက်ခိုက်တဲ့ဖြစ်ရပ်မျိုးဟာ တရားဥပဒေစိုးမိုးရေးနဲ့ ဒီမိုကရေစီစနစ်ကို အခြေခံတဲ့ လူ့အဖွဲ့အစည်းတစ်ခုမှာ လုံးဝမဖြစ်သင့်ဘူးလို့ ပြောဆိုပြီး ရှုတ်ချခဲ့ပါတယ်။
ဆန္ဒပြသူတွေရဲ့တောင်းဆိုချက်ကို သဘောတူသည်ဖြစ်စေ၊ သဘောမတူသည်ဖြစ်စေ၊ အကြမ်းဖက်ခံရသူဟာ ထိုင်းနိုင်ငံသားဖြစ်စေ၊ ရွှေ့ပြောင်းအလုပ်သမားဖြစ်စေ လူတိုင်းဟာဥပဒေအောက်မှာတန်းတူညီမျှတဲ့ အကာအကွယ်ရပိုင်ခွင့်ရှိတယ်လို့လည်း သူက ပြောပါတယ်။ ဆန္ဒပြပွဲမှာ ဥပဒေချိုးဖောက်မှုရှိတယ်လို့ ယူဆရင် ဥပဒေနဲ့အညီ မျှမျှတတ ဖြေရှင်းရမှာဖြစ်ပြီး လမ်းပေါ်မှာ ကိုယ်ထိလက်ရောက် အကြမ်းဖက်တာမျိုး မလုပ်သင့်ဘူးလို့ ဆိုပါတယ်။
ဒါ့အပြင် ရဲတပ်ဖွဲ့နဲ့ သက်ဆိုင်ရာ လုံခြုံရေးအဖွဲ့အစည်းတွေဟာ ရိုက်နှက်မှုကို တားဆီးပြီး အဲဒီနေရာကနေ အကြမ်းဖက်ခံရသူကို ခေါ်ထုတ်ပေးရုံနဲ့ တာဝန်ပြီးဆုံးသွားတာ မဟုတ်ဘူးလို့လည်း ထိုင်းလွှတ်တော်အမတ်က ထောက်ပြခဲ့ပါတယ်။
အခင်းဖြစ်ပွားရာနေရာက CCTV မှတ်တမ်းတွေနဲ့ အခြားဗီဒီယိုမှတ်တမ်းတွေကို စစ်ဆေးဖို့၊ ကျူးလွန်သူတွေကို ဖော်ထုတ်ဖို့နဲ့ သူတို့ရဲ့ ရာထူး၊ လူမျိုး၊ နိုင်ငံသားဖြစ်မှု၊ နိုင်ငံရေးအမြင်တွေကို မကြည့်ဘဲ ဥပဒေအရ အရေးယူဖို့ လိုအပ်တယ်လို့ သူက ဆက်လက်တိုက်တွန်းပါတယ်။
ဒါအပြင်ထိုင်းအတိုက်အခံ ပြည်သူ့ပါတီ (PP)ကငြိမ်းချမ်းစွာ ဆန္ဒပြနေတဲ့ မြန်မာ အလုပ်သမားတွေကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့တဲ့ ထိုင်းအမျိုးသားရေး ဝါဒီ နာမည်ခံ အဖွဲ့ရဲ့လုပ်ရပ်ကိုရှုတ်ချကြောင်းထုတ်ပြန်လိုက်ပါတယ်။
အခုဖြစ်ရပ်နဲ့ ပတ်သက်ပြီး စုံစမ်းစစ်ဆေးမှုတွေကိုဘက်မလိုက်ဘဲမျှမျှတတလုပ်ဖို့လိုကြောင်း၊နိုင်ငံသားဖြစ်မှု၊တရားဝင်နေထိုင်မှုနဲ့ နိုင်ငံရေး အယူအစွဲ ဘာမှမပတ်သက်တဲ့ စစ်ဆေးမှုတွေ ဖြစ်ဖို့ အရေးကြီးကြောင်းလည်း PPက ဆိုပါတယ်။အမြင်တူတဲ့ သူကိုပဲ ကာကွယ်ပေးပြီး အမြင်ကွဲပြားသူတွေရဲ့ အခွင့်အရေးနဲ့ လုံခြုံမှုကို မျက်ကွယ် ပြုထားမယ်ဆိုရင် နိုင်ငံရဲ့ တရားဥပဒေ စိုးမိုးမှုဆိုတာ အဓိပ္ပါယ် မဲ့သွားလိမ့်မယ်လို့လည်း PPက ထုတ်ပြန်သွားပါတယ်။
ဆန္ဒပြပွဲကို လာရောက်ရန်ရှာသူတွေဟာ အာဏာသိမ်းစစ်အုပ်စု နဲ့ CI စခန်းတွေ လုပ်ကိုင်ခွင့်ရထားသူတွေရဲ့ စေခိုင်းမှုတွေကြောင့် လာရောက်ရန်ရှာတာလို့ ဆူရတ်ဂ်ျဂီရီက သုံးသပ်ပါတယ်။
Bright Future ကွန်ယက်ဟာ လတ်တလောမှာ ထိုင်းရောက်မြန်မာလုပ်သားတွေကို စစ်တပ်က လုပ်ပေးနေတဲ့ မည်သူမည်ဝါဖြစ်ကြောင်း သက်သေခံလက်မှတ်(CI)ထုတ်ပေးမှု ဖျက်သိမ်းပေးရေးနဲ့ လုပ်သားတွေအပေါ် အမြတ်ထုတ်နေတဲ့ပွဲစားတွေဖမ်းဆီးအရေးယူပေးရေး ပြီးခဲ့တဲ့ အောက်တိုဘာ ၇ရက်က ထိုင်းအောက်လွှတ်တော်အလုပ်သမားရေးရာကော်မတီဆီသွားရောက်တောင်းဆိုခဲ့ပါတယ်။
Bright Futureအဖွဲ့ နဲ့ဆူရတ်ဂ်ျဂီရီဟာထိုင်းရောက်မြန်မာလုပ်သားတွေအရေး စဥ်ဆက်မပြတ်တောင်းဆိုဆန္ဒပြနေကြတာဖြစ်ပါတယ်။





















































