နိုဝင်ဘာ – ၁ ၊၂၀၂၆
ကရင်ပြည်နယ်ထဲက တိုက်ပွဲတွေမှာ မြန်မာစစ်တပ်ရဲ့ ဗုံးကြဲမှုကြောင့် ထိုင်းဖက်ခြမ်းက အဆောက်အအုံတွေ ထိခိုက်ပျက်စီးမှု ကြုံတွေ့ခဲ့တယ်လို့ သိရပါတယ်။
မနေ့ (အောက်တိုဘာ ၃၁ ရက်) ည ၇ နာရီ ဝန်းကျင်တုန်းက နှစ်နိုင်ငံကြား နယ်စပ်အဖြစ် တည်ရှိနေတဲ့ သံလွင်မြစ်ရဲ့ တစ်ဖက်ခြမ်းမှာ အာဏာသိမ်း မြန်မာစစ်တပ်ရဲ့ တိုက်လေယာဉ်က ဗုံးနှစ်လုံး ကြဲချခဲ့ပါတယ်။
အဲဒီ ပေါက်ကွဲအားကြောင့် ထိုင်းဖက်ခြမ်း မဲ့ဆရီရန်း မြို့နယ်ထဲက မဲ့ဆမ်လပ် ကျေးရွာဖက်မှာ အဆောက်အအုံတွေရဲ့ ပြတင်းပေါက်တွေ ကွဲကြေကုန်တာ အပါအဝင် ထိခိုက်ပျက်စီးမှုတွေ ဖြစ်ပေါ်ခဲ့ပါတယ်။

Public Service Announcement
မဲ့ဆမ်လပ်မှာ ဒေသဆိုင်ရာ အာဏာပိုင်တွေက သံလွင်မြစ်ကမ်းဘေး ရှုမျှော်ခင်းကြည့် နေရာတစ်ခု တည်ဆောက်မှု စီမံကိန်းကို သွားရောက် စစ်ဆေးနေချိန်မှာ အာဏာသိမ်း မြန်မာစစ်တပ် တိုက်လေယာဉ်က ပျံသန်းလာခဲ့ပြီး မဲ့ဆမ်လပ် ဆိပ်ခံတံတားရဲ့ မျက်နှာချင်းဆိုင်၊ မြန်မာဖက်ခြမ်း စောလဲထာ စခန်းကို ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း ထိုင်းမီဒီယာတွေက ဖော်ပြခဲ့ပါတယ်။
လေကြောင်းတိုက်ခိုက်မှုကြောင့် ထိုင်းဖက်ခြမ်းမှာရှိတဲ့ ဒေသဆိုင်ရာ အရာရှိတွေနဲ့ ဒေသခံတွေလည်း ဘေးလွတ်မယ့် နေရာတွေဆီ အပြေးအလွှား သွားရောက် ခိုလှုံခဲ့ရပါတယ်။
ဗုံးတွေ ကျရောက်ပေါက်ကွဲရာက ဖြစ်ပေါ်လာတဲ့ မီးတောက်မီးလျံတွေဟာ မြစ်ကိုဖြတ်ပြီး ထိုင်းဖက်ခြမ်းကိုတောင် အရှိန်ဟပ်ခဲ့တယ်လို့ မျက်မြင်တွေက ပြောပါတယ်။ ပေါက်ကွဲမှုဒဏ်ကြောင့် ထိုင်းပိုင်နက်ထဲက အဆောက်အအုံတွေရဲ့ ပြတင်းမှန်တွေ ကွဲကြေကုန်ပြီး တခြားထိခိုက်မှုတွေလည်း ဖြစ်ပေါ်ခဲ့ပါတယ်။ ဆိပ်ခံမှာ ဆိုက်ကပ်ထားတဲ့ လှေတွေလည်း ပျက်စီးမှုတွေ ရှိခဲ့ပါတယ်။ ပျက်စီးမှု အခြေအနေ အသေးစိတ်ကိုတော့ မသိရသေးပါဘူး။
ကနဦး စစ်ဆေးချက်တွေအရ မဲ့ဆမ်လပ်ကျေးရွာ ဘုရားကျောင်း၊ သံလွင် အစည်းအဝေးခန်းမ၊ ကျေးရွာ ဆေးရုံတွေမှာ အပျက်အစီးတွေ တွေ့ရှိထားပါတယ်။
ထိုင်းစစ်တပ်က ဒေသဆိုင်ရာ အာဏာပိုင်တွေဆီ ဆက်သွယ်ပြီး သံလွင်မြစ် တစ်ဖက်ခြမ်းမှာ လေကြောင်း တိုက်ခိုက်မှုတွေ ရှိလာနိုင်ကြောင်း ကြိုတင် သတိပေးထားပေမယ့် ဒေသခံတွေဆီ လက်ဆင့်ကမ်း သတင်းမဖြန့်ပေးရသေးခင် အခုလို ဗုံးကြဲမှုနဲ့ ကြုံတွေ့ခဲ့တာလို့လည်း သိရပါတယ်။
ကိုးကား – Khaosod




















































