Connect with us

Hi, what are you looking for?

နိုင်ငံတကာ

စစ်ပြီးကာလ ယူကရိန်း လုံခြုံရေးအတွက် ဖြန့်ကျက်ပေးမယ့် ဥရောပ တပ်တွေကို လေ့ကျင့်ပေးမယ့် အစီအစဉ် စတင်

စစ်ပွဲပြီးဆုံးပြီး အခြေအနေတွေ အေးချမ်းသွားတဲ့အခါ ယူကရိန်းရဲ့ လုံခြုံရေးကို ကူညီ စောင့်ရှောက်ပေးမယ့် မစ်ရှင်အဖြစ် ဥရောပ နိုင်ငံတွေရဲ့ တပ်အင်အား ၃၀၀၀ လောက်ကို ဖြန့်ကျက်ဖို့ စီစဉ်နေပြီး လေ့ကျင့်ပေးမှုတွေကို ဗြိတိန်နဲ့ ပြင်သစ်တို့က ဦးဆောင်သွားမယ်လို့ သိရပါတယ်။

ဓာတ်ပုံ - AP

စစ်ပွဲပြီးဆုံးပြီး အခြေအနေတွေ အေးချမ်းသွားတဲ့အခါ ယူကရိန်းရဲ့ လုံခြုံရေးကို ကူညီ စောင့်ရှောက်ပေးမယ့် မစ်ရှင်အဖြစ် ဥရောပ နိုင်ငံတွေရဲ့ တပ်အင်အား ၃၀၀၀ လောက်ကို ဖြန့်ကျက်ဖို့ စီစဉ်နေပြီး လေ့ကျင့်ပေးမှုတွေကို ဗြိတိန်နဲ့ ပြင်သစ်တို့က ဦးဆောင်သွားမယ်လို့ သိရပါတယ်။

အဲဒီမစ်ရှင်အတွက် ယူကရိန်းမှာ ဖြန့်ကျက်ဖို့ ရည်ရွယ်ထားတဲ့ နိုင်ငံ ၁၂ ခုရဲ့ တပ်အင်အား ၃၀၀၀ နီးပါးဟာ လက်တွေ့ လေ့ကျင့်မှုတွေကို အခုလထဲမှာ ပိုလန်နိုင်ငံမှာ ပြုလုပ်သွားမှာ ဖြစ်ပါတယ်။

ရုရှားနဲ့ ဖြစ်ပွားနေတဲ့ စစ်ပွဲပြီးရင် ယူကရိန်းရဲ့ အချုပ်အခြာအာဏာ ခိုင်မြဲရေးကို ရေရှည် အာမခံချက် ရစေဖို့ ဥရောပ နိုင်ငံစုံ စစ်တပ်တွေ ဖြန့်ကျက်ထားသင့်ကြောင်း အကြံအစည်ကို မနှစ်တုန်းက ဥရောပ နိုင်ငံတွေကြား ဆွေးနွေး သဘောတူခဲ့ကြပါတယ်။

ဒါဟာ ယူကရိန်း အစိုးရက တောင်းဆိုနေတဲ့ စစ်ပွဲအပြီး လုံခြုံရေး အာမခံချက် ကတိကဝတ်ကို ဖြည့်တင်းပေးဖို့ ဖြစ်ပေမယ့် လက်တွေ့ အားဖြင့်တော့ အဲဒီလို နိုင်ငံစုံ တပ်ဖွဲ့မျိုးက ဘယ်လို လုပ်ပိုင်ခွင့်တွေ ရှိမလဲ၊ ဘာတာဝန်တွေ ယူမလဲ ဆိုတာနဲ့ ပတ်သက်ပြီး မေးခွန်းတွေက အဖြေထက် ပိုများနေပါတယ်။

Public Service Announcement

Public Service Announcement

ဒါ့အပြင် လက်ရှိ အချိန်ထိ ရုရှားဟာ ယူကရိန်းနဲ့ ဖြစ်ပွားနေတဲ့ စစ်ပွဲကို ရပ်တန့်စေလိုတဲ့ သဘောထားမျိုး လုံးဝ မပြသသေးပါဘူး။

အနောက်နိုင်ငံတွေကတော့ ယူကရိန်းဆီ ပေးပို့ထားမယ့် တပ်တွေဟာ ကာကွယ်ရေး ကဏ္ဍအတွက်သာဖြစ်ပြီး ထိုးစစ်တွေ ဆင်နွှဲရာမှာ လုံးဝ ဝင်ရောက်ကူညီမှာ မဟုတ်ဘူးလို့ ပြောပါတယ်။ ပြီးတော့ အဲဒီတပ်တွေရဲ့ တာဝန်ဟာ ငြိမ်းချမ်းရေး ထိန်းသိမ်းဖို့၊ ဒါမှမဟုတ် အပစ်ရပ် သဘောတူညီမှု တစ်ခုခုကို စောင့်ကြည့်ဖို့ မဟုတ်ဘူးလို့လည်း ဆိုပါတယ်။ ပြီးတော့ NATO စစ်မဟာမိတ် အဖွဲ့ရဲ့ တိုက်ရိုက် ကွပ်ကဲမှု အောက်မှာလည်း ရှိနေမှာ မဟုတ်ပါဘူး။

ဆွေးနွေးကြတုန်းက အမေရိကန်လည်း ပါဝင်ခဲ့ပေယ့် လက်တွေ့ တပ်တွေ ဖြန့်ကျက်ပေးဖို့ လေ့ကျင့်မယ့် အစီအစဉ်မှာတော့ ပါဝင်မလာပါဘူး။ ရုရှားကတော့ ယူကရိန်းမှာ တခြားနိုင်ငံတွေရဲ့ စစ်တပ်တွေ ဘယ်လိုပုံစံနဲ့ ရောက်လာတာမျိုး ဖြစ်ပါစေ၊ လက်ခံနိုင်မှာ မဟုတ်ကြောင်း မနှစ်ကတည်းက သတိပေးထားပါတယ်။

ရုရှားသမ္မတ ဗလာဒီမာ ပူတင်ကဆိုရင် အဲဒီလို တပ်ဖွဲ့တွေဟာ ရုရှားအတွက် တရားဝင် ပစ်မှတ်တွေ ဖြစ်လိမ့်မယ်လို့ ပြောကြားထားဖူးပါတယ်။

တကယ်လို့ ယူကရိန်းမှာ တပ်တွေ ဖြန့်ကျက်ဖြစ်ရင် ထိတွေ့ တိုက်ပွဲတွေအတွက် ဘယ်လို စည်းမျဉ်းတွေ သတ်မှတ်မလဲ ဆိုတာကိုလည်း ဥရောပ နိုင်ငံတွေက တိတိကျကျ မထုတ်ပြန်ထားပါဘူး။ ဒါပေမဲ့ တိုက်ခိုက်ခံလာရရင်တော့ ကိုယ့်ကိုယ်ကိုယ် ကာကွယ်ပိုင်ခွင့် အပြည့်ရှိစေမယ်လို့ ဆိုပါတယ်။

ပိုလန်မှာ ပြုလုပ်မယ့် လေ့ကျင့်ရေး အစီအစဉ်ကတော့ ဗြိတိန်၊ ပြင်သစ်နဲ့ မဟာမိတ် နိုင်ငံတွေဟာ ယူကရိန်းမှာ ငြိမ်းချမ်းသွားမယ့် အခြေအနေအတွက် အလေးအနက် ကြိုတင် ပြင်ဆင်နေတယ် ဆိုတာကို မြင်သာစေလိမ့်မယ်လို့ ဗြိတိန် ကာကွယ်ရေး ဝန်ကြီး ဝက်စ်စထရိတင်းက ပြောကြားခဲ့ပါတယ်။

ဒါက လူမြင်ကောင်းရုံ လုပ်ပြနေတဲ့ ကိစ္စမဟုတ်ကြောင်း၊ တကယ့် စွမ်းရည်မြင့် တပ်ဖွဲ့တစ်ခုဖြစ်ပြီး စစ်ပွဲတွေ ရပ်သွားတဲ့တစ်နေ့ ယူကရိန်းကို ကူညီဖို့ အသင့်ရှိနေကြောင်း သူက ဆိုပါတယ်။

Exercise Koalicjaလို့ နာမည်ပေးထားတဲ့ စစ်ရေးလေ့ကျင့်မှုကို နိုဝင်ဘာ ၉ ရက်ကနေ ၂၂ ရက်နေ့ထိ ပြုလုပ်မှာဖြစ်ပြီး ယူကရိန်းမှာ ရှိနေချိန်အတွင်း တပ်တွေကို ဘယ်လိုရွှေ့မလဲ၊ ကာကွယ်ရေး အစီအမံတွေ ဘယ်လိုလုပ်မလဲ၊ ထောက်ပံ့ရေး မစ်ရှင်တွေ ဘယ်လို လုပ်ဆောင်မလဲ ဆိုတာတွေကို သရုပ်တူ လေ့ကျင့်သွားမှာ ဖြစ်ပါတယ်။

ကြည်း၊ ရေ၊ လေ လေ့ကျင့်မှုတွေအတွင်း စုစုပေါင်း စစ်သည်အင်အား ၂၈၀၀ လောက် ပါဝင်ကြမှာဖြစ်ပြီး တိုက်လေယာဉ်တွေကလည်း ယူကရိန်း လေပိုင်နက် ပြန်ဖွင့်မယ့် အချိန်ကျရင် စစ်ဆင်ရေး တာဝန် ထမ်းဆောင်ဖို့ လေ့ကျင့် ပျံသန်းကြမယ်လို့ သိရပါတယ်။

ကိုးကား: BBC

ဆက်စပ်သတင်းများ

Facebook