ဝင်ငွေနိမ့် နိုင်ငံတွေမှာ ကျယ်ကျယ်ပြန့်ပြန့် ဖြန့်ဖြူးနိုင်ဖို့ ရည်ရွယ်ထားတဲ့ HIV ဗိုင်းရပ်စ် ကာကွယ်ဆေးဝါး တစ်မျိုး ထုတ်လုပ်ခွင့်ကို အမေရိကန် စားနပ်ရိက္ခာနဲ့ ဆေးဝါး ကွပ်ကဲရေးဌာန (FDA)က အတည်ပြုပေးလိုက်ပါတယ်။
နိုဝင်ဘာ ၂ ရက်နေ့မှာ FDAက အသိအမှတ် ပြုပေးလိုက်တဲ့ ဆေးဝါးဟာ တစ်နှစ်မှာ နှစ်ကြိမ် ထိုးနှံရတဲ့ အစွမ်းထက် ကာကွယ်ဆေးရဲ့ စျေးနှုန်းပိုမိုသက်သာတဲ့ မူကွဲအမျိုးအစားလို့ ဆိုပါတယ်။ အိန္ဒိယ ဆေးဝါးကုမ္ပဏီ Dr. Renddy’s Laboratoriesနဲ့ နိုင်ငံတကာ ကျန်းမာရေး စောင့်ရှောက်မှု ပရောဂျက် တစ်ခုဖြစ်တဲ့ Unitaidတို့က FDAရဲ့ အတည်ပြုချက် ရရှိတဲ့ သတင်းကို ကြေညာခဲ့ပါတယ်။
Lenacapavir အမျိုးအစား ဆေးဝါးရဲ့ မျိုးတူမူကွဲ ဆေးဝါးကို Dr. Renddy’s Laboratories ကုမ္ပဏီက တာဝန်ယူ ထုတ်လုပ်မှာ ဖြစ်ပါတယ်။ စျေးနှုန်း သတ်မှတ်ချက် သဘောတူညီမှုအရ ဝင်ငွေနည်း နိုင်ငံပေါင်း ၁၂၀ မှာ အဲဒီဆေးဝါးကို လူတစ်ဦးဟာ တစ်နှစ် ဒေါ်လာ ၄၀ လောက် အကုန်အကျခံပြီး ထိုးနှံလို့ ရလာမယ်လို့ ဆိုပါတယ်။
မူရင်း HIV ကာကွယ်ဆေးဖြစ်တဲ့ Lenacapavirကို အမေရိကန် ဆေးဝါးကုမ္ပဏီ Gilead Sciencesက တီထွင်ခဲ့ပြီး ကျယ်ကျယ်ပြန့်ပြန့် လက်တွေ့ စမ်းသပ်မှုတွေအရ HIV ကူးစက်မှုကို ၉၉.၉ ရာခိုင်နှုန်းကျော် ကာကွယ်နိုင်ကြောင်း ၂၀၂၅ နှစ်လယ်မှာ ကြေညာထားပါတယ်။

Public Service Announcement
အဲဒီဆေးကို Dr. Renddy’s Laboratoriesက လိုင်စင်ယူ ဆင့်ပွားထုတ်လုပ်မှာဖြစ်ပြီး ဝင်ငွေနိမ့်တဲ့၊ ဝင်ငွေအလယ်အလတ် နိုင်ငံတွေဆီ အဓိက တင်ပို့သွားမှာ ဖြစ်ပါတယ်။ ဒါဟာ ကမ္ဘာ့ကျန်းမာရေး ကဏ္ဍအတွက် ထူးခြားတဲ့ သမိုင်းမှတ်တိုင်သစ် တစ်ခုဖြစ်ကြောင်း၊ ဆင်းရဲနွမ်းပါးတဲ့ နိုင်ငံတွေမှာ နေထိုင်တဲ့ ပြည်သူတွေဟာ နိုင်ငံကြီးတွေမှာ လက်လှမ်းမီနေတဲ့ ဆေးဝါးတွေကို ထိတွေ့ ရရှိနိုင်ဖို့ ဆယ်စုနှစ်တွေနဲ့ချီ၊ ဒါမှမဟုတ် အဲဒီထက်ပိုပြီး အချိန်ကြာကြာ စောင့်ဆိုင်းခဲ့ကြရကြောင်း Unitaidရဲ့ HIVနဲ့ ကပ်ရောဂါ ဟန့်တားရေး အကြီးတန်း မဟာဗျူဟာ တာဝန်ခံ ကာမန်ပီရာ့ဇ် ကာဆက်စ်က ပြောကြားခဲ့ပါတယ်။
Lenacapavirလိုမျိုး အစွမ်းထက် HIV ကာကွယ်ဆေးကို တစ်နှစ် ဒေါ်လာ ၄၀ လောက် စျေးနှုန်းမျိုးနဲ့ လက်လှမ်းမီလာမယ် ဆိုတာက အံ့မခန်း အောင်မြင်မှုဖြစ်ကြောင်း၊ ပြီးတော့ ဒီစျေးဟာ နေ့တိုင်း စွဲသောက်ရတဲ့ ဆေးပြားတွေရဲ့ ကုန်ကျစရိတ်နဲ့လည်း တူညီကြောင်း သူက ဆိုပါတယ်။
Lenacapavirဟာ လူ့ကိုယ်ခံအားကို လေ့ကျင့်ပေးတဲ့ ကာကွယ်ဆေး အမျိုးအစား မဟုတ်ပေမယ့် တစ်နှစ်ကို နှစ်ကြိမ်ထိုးနှံထားရင် HIV မကူးစက်မှု ကာကွယ်နိုင်စွမ်းမှာ လက်ရှိ အသုံးပြုနေတဲ့ သောက်ဆေးတွေထက် အများကြီး အာနိသင် ပိုမိုထက်မြက်ပါတယ်။
HIVဟာ ခုခံအား ကျဆင်းမှုရောဂါ (AIDS)ကို ဖြစ်ပွားစေပြီး အဲဒီရောဂါဆိုးကြောင့် လွန်ခဲ့တဲ့ နှစ်ပေါင်း ၄၀ လောက်အတွင်း လူပေါင်း သန်း ၄၀ ကျော် သေဆုံးခဲ့ပါတယ်။ Lenacapavir ဆေးဝါးကို စတင် တီထွင် မိတ်ဆက်ချိန်မှာ HIV တိုက်ဖျက်ရေးအတွက် ကြီးမားတဲ့ အောင်မြင်မှုသစ်တစ်ခု ဖြစ်လာပေမယ့် တစ်နှစ်ကို ဒေါ်လာ ၂၈၀၀၀ လောက် ကုန်ကျမယ့် စရိတ်ကတော့ အဟန့်အတားကြီးတစ်ခု ဖြစ်ခဲ့ပါတယ်။ ဒါပေမဲ့ အမေရိကန်မှာ ကျန်းမာရေး အာမခံ ထားရှိသူတွေ အတွက်တော့ အဲဒီထက် အများကြီး စရိတ်သက်သာစေမှာပါ။
၂၀၂၄ နှစ်ကုန်ပိုင်းမှာတော့ Lenacapavir ဆေးဝါးကို လိုင်စင်ယူ လျှောက်ထားမှုအတွက် Dr. Renddy’s Laboratories အပါအဝင် ကုမ္ပဏီ ၆ ခုရဲ့ အဆိုပြုချက်တွေကို Gilead Sciencesက လက်ခံခဲ့ပါတယ်။ နောက်ဆုံးမှာတော့ အိန္ဒိယ ကုမ္ပဏီက စျေးပေါတဲ့ မျိုးကွဲကို ထုတ်လုပ်ခွင့် ရရှိသွားတာ ဖြစ်ပါတယ်။
Lenacapavir ဆေးဝါးကို နာမည်ကျော် Science ဂျာနယ်က ၂၀၂၄ ခုနှစ်အတွက် တစ်နှစ်တာ အအောင်မြင်ဆုံး သိပ္ပံနည်းပညာ တီထွင်မှုအဖြစ် ရွေးချယ်သတ်မှတ်ခဲ့ဖူးပါတယ်။
ကိုးကား: AFP





















































