ပြည်တွင်းရွှေဈေးတစ်ကျပ်သားကို ကျပ် သိန်းနှစ်ဆယ်နှင့် တစ်ဒေါ်လာကို ကျပ် ၂၀၀၀ကျော်အထိပြန်လာမြင့်တက်လာကြောင်း ပြည်တွင်းဈေးကွက်အတွင်းမှ သိရသည်။
စစ်တပ်အာဏာမသိမ်းပြီး တနှစ်အတွင်း အတက်အကျများနေသည့် ဒေါ်လာဈေးနှင့် ရွှေဈေးသည် လအတန်ကြာ ဈေးတန့်နေရာမှာ မတ်လဆန်းမှ စတင်ပြီး အထက်ပါဈေးကို ပြန်လည်မြင့်တက်လာခြင်းဖြစ်သည်။
ထိုသို့မြင့်တက်လာခြင်းမှာ ရုရုား-ယူကရိန်းစစ်ပွဲကြောင့် ကမ္ဘာ့ရွှေဈေးမြင့်တက်လာခြင်းကြောင့် ပြည်တွင်းရွှေဈေးပါ လိုက်ပါမြင့်တက်လာခြင်းဖြစ်သည်ဟု ရွှေလုပ်ငန်းရှင်တစ်ဦးကပြောသည်။
“ပြည်တွင်းဈေးက ကမ္ဘာရွှေဈေးတက်တာကော ကျပ်ငွေ
မခိုင်မာလို့ တက်တာကော နှစ်မျိုးလုံးပါတယ်”ဟုအထက်ပါရွှေလုပ်ငန်းရှင်ကပြောသည်။

Public Service Announcement
ကမ္ဘာ့ရွှေဈေးသည် မတ် ၇ ရက်တွင် တစ်အောင်စကို ၁၉၉၅ဒေါ်လာပေါက်ဈေးရှိခဲ့ပြီး ဖေဖော်ဝါရီ ၇ ရက်တွင် ကမ္ဘာရွှေဈေးသည် တစ်အောင်စကို ၁၇၈၆ကျပ်သာရှိခဲ့သည်။
ပြည်တွင်းရွှေဈေးမှာလည်း ဖေဖော်ဝါရီ ၇ ရက်တွင် တစ်ကျပ်သားကို ၁,၈၇၈,၀၀၀ကျပ် ရှိခဲ့ပြီး မတ် ၇ ရက်တစ်ကျပ်သားကို ကျပ် ၁, ၉၉၅,၀၀၀အထိမြင့်တက်လာခဲ့ခြင်းဖြစ်သည်။
ထိုအတူ ဒေါ်လာဈေးသည်လည်း စစ်ကောင်စီ၏ ဗဟိုဘဏ်ကရည်ညွှန်းငွေလဲနှုန်းကို တစ်ဒေါ်လာကို ၁၇၇၈ကျပ်သတ်မှတ်ထားသော်လည်း ပြင်ပပေါက်ဈေးတွင် ၂၀၀၈ ကျပ်အထိ မြင့်တက်လာသည်။
ထိုသို့မြင့်တက်လာခြင်းမှာ ကျပ်ငွေတန်းဖိုးလျော့ကျလာခြင်းနှင့်ပြည်တွင်းရွှေကွက်အတွင်း ဒေါ်လာရှားပါးလာခြင်းကြောင့်ဖြစ်သည်ဟု ငွေလဲလုပ်ငန်းဆောင်ရွက်နေသူများကပြောသည်။
စစ်တပ်အာဏာမသိမ်းခင်က ပြည်တွင်းဈေးကွက်တွင် အခေါက်ရွှေတစ်ကျပ်သားကို ၁,၃၂၀,၀၀၀ကျပ်နှင့် တစ်ဒေါ်လာကို ၁၃၃၇ ကျပ်သာရှိခဲ့သည်။ စစ်တပ်အာဏာသိမ်းပြီးနောက် ၂၀၂၁ စက်တင်ဘာလကုန်ပိုင်းတွင် အခေါက်ရွှေတစ်ကျပ်သားကို ၂၂သိန်းကျော်နှင့် တစ်ဒေါ်လာကို ၂၇၀၀ကျပ်အထိစံချိန်တင်မြင့်တက်ခဲ့သည်။


















































