Connect with us

Hi, what are you looking for?

ဆောင်းပါး

မြေယာသိမ်းမှု​တွေ​ကြောင့် ဝမ်​ပေါင်​ကြေးနီစီမံကိန်းအနီး ရွာ​တွေ​ပျောက်ကုန်

ဆားလင်းကြီးမြို့နယ် တနေရာမှာ ညဘက်လူခြေတိတ်ချိန် ကားတွေ တဝေါဝေါသွားလာနေတယ်။ ဆူညံလွန်းလို့ ပြည်သူတွေ အိပ်မရကြဘူး။ နေ့ခင်းမှာဆို တချက်တချက် အုန်းခနဲထွက်လာတဲ့ မိုင်းခွဲသံ၊ တဝေါဝေါ ပြိုကျလာတဲ့ တောင်ပြိုသံတွေလည်း ကြားရသေးတယ်။

​မေရီ/People’s Spring

ဆားလင်းကြီးမြို့နယ် တနေရာမှာ ညဘက်လူခြေတိတ်ချိန် ကားတွေ တဝေါဝေါသွားလာနေတယ်။ ဆူညံလွန်းလို့ ပြည်သူတွေ အိပ်မရကြဘူး။ နေ့ခင်းမှာဆို တချက်တချက် အုန်းခနဲထွက်လာတဲ့ မိုင်းခွဲသံ၊ တဝေါဝေါ ပြိုကျလာတဲ့ တောင်ပြိုသံတွေလည်း ကြားရသေးတယ်။

အဲဒီအသံတွေဟာ နာမည်ဆိုးနဲ့​ကျော်ကြားတဲ့ လက်ပံတောင်းတောင် မြန်မာဝမ်ပေါင်ကြေးနီစီမံကိန်းထဲက ထွက်ပေါ်လာတဲ့ အသံတွေပါ။

ပြဿနာပေါင်း သောင်း​ခြောက်ထောင်မကတဲ့ ဝမ်ပေါင်ကြေးနီစီမံကိန်းလုပ်ငန်းတွေဟာ ၂၀၂၁ ခုနှစ်၊ဖေဖော်ဝါရီလအာဏာသိမ်းပြီးနောက်မှာ အလုပ်သမားတွေဟာ စစ်အာဏာသိမ်းမှုကို ငြိမ်းချမ်းစွာဆန့်ကျင်တဲ့ အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM)မှာ တွင် ပါဝင်ခဲ့ကြတာကြောင့် အလုပ်သမား ၇,၀၀၀ ကျော်ရှိတဲ့ ကြေးနီစီမံကိန်း လုပ်ငန်းတွေကို ရပ်ဆိုင်းခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

စစ်တပ်မီးရှို့ခဲ့တဲ့​ရွာ​တွေပြ​မြေပုံ

၂၀၂၁ ခုနှစ် ဇူလိုင်လမှာတော့ အမေရိကန် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ဝမ်ပေါင် (Wanbao) သတ္တုတူးဖော်ရေးကုမ္ပဏီနဲ့ ၎င်းရဲ့လက်အောက်ခံကုမ္ပဏီတွေဖြစ်တဲ့ မြန်မာဝမ်ပေါင်နဲ့ မြန်မာယန်စီကုမ္ပဏီတို့ဟာ မြန်မာစစ်တပ်ကို ထောက်ပံ့နေတယ်ဆိုပြီးအရေးဒဏ်ခတ်ခဲ့ပါတယ်။

သို့သော် အာဏာသိမ်းပြီး ၅ နှစ်အကြာမှာတော့ မြန်မာဝမ်ပေါင်ကုမ္ပဏီဟာ ယခင်ကလို နေ့ရောညပါ ပြန်လည်လုပ်ကိုင်လာတယ်လို့ ဒေသခံတွေက ပြောပါတယ်။

“လက်ရှိအခြေအနေပြောရရင် ၂၀၂၆မှာအရင်ကထက်ပိုပြီး လုပ်လာတယ်။နေ့ဘက်တွေမှာဆို မိုင်းခွဲပြီးတောင်တွေဖြိုတယ်(ခုနှစ်ပိုင်းမှာ) ။ ညဘက်တွေမှာဆို ​ကားသံတွေဆူညံလို့ ဘေးနားကရွာတွေ ညအိပ်ဖို့ထိဒုက္ခရောက်ကြရတယ်။”လို့ ချင်းတွင်းမြစ်ကမ်းဘေး ကျေးရွာများ သပိတ်ကော်မတီက တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

■ဝမ်ပေါင် ဘာလို့ ပြန်လာနိုင်ခဲ့တာလဲ

​ဝမ်ပေါင်ကုမ္ပဏီဝင်းအတွင်းနဲ့ ပတ်ဝန်းကျင်မှာ စစ်ကောင်စီ ခြေမြန်တပ်မ (၇၇) နဲ့ (၃၃)က စစ်သား ၁၀၀ နီးပါး တပ်စွဲထားပြီး ဘန်ကာတွေ ကတုတ်ကျင်းတွေနဲ့ကင်းမျှော်စင်တွေကို ဆောက်လုပ်ထားပါတယ်။ ဂြိုဟ်တုဓာတ်ပုံတွေအရ ဝမ်ပေါင်ကုမ္ပဏီဝင်းအတွင်းနဲ့ပတ်ဝန်းကျင်မှာ စစ်ဘက်ဆိုင်ရာ တပ်စခန်းတွေနဲ့တူတဲ့အဆောက်အအုံသစ်တွေကိုတွေ့ရှိရတယ်လို့ Myanmar Witness က ဆိုပါတယ်။

ဝက်မှေး-ကံတောကျေးရွာအနီးရှိ စီမံကိန်းနယ်မြေအတွင်းမှာဆိုရင်ဘန်ကာတွေ၊ ကတုတ်ကျင်းတွေနဲ့ ကင်းမျှော်စင်တွေ အပါအဝင် စစ်တပ်ကင်းစခန်းတွေရဲ့လက္ခဏာရပ်တွေ ပါရှိတဲ့ အဆောက်အအုံ ၅ ခုကို ရှာဖွေတွေ့ရှိခဲ့ကြောင်း Myanmar Witness က ဖော်ပြပါတယ်။

မြန်မာစစ်တပ်ဟာ ဝမ်ပေါင်ကုမ္ပဏီကို စစ်ရေးအရ လုံခြုံရေးပေးနေပြီး ယင်းလုပ်ရပ်ဟာ ကုမ္ပဏီအနေနဲ့လုပ်ငန်းတွေ ပြန်လည်စတင်ဖို့နဲ့ အငြင်းပွားဖွယ်ရာ မြေယာသိမ်းယူမှုတွေ ပြုလုပ်နိုင်ဖို့ အထောက်အပံ့ဖြစ်စေတယ်လို့ Myanmar Witness အဖွဲ့က သတိပေးခဲ့ပါတယ်။

■ဝမ်ပေါင်ဝင်းထဲက စစ်တပ် ဘာ​တွေလုပ်ခဲ့သလဲ

Myanmar Witness အဖွဲ့က သတိပေးခဲ့သလိုပါပဲ။စီမံကိန်းနယ်မြေအတွင်း တပ်စွဲထားတဲ့ မြန်မာစစ်တပ်ဟာ ပတ်ဝန်းကျင်ရှိ အရပ်သားကျေးရွာတွေကို ဝင်ရောက်စီးနင်းတာနဲ့ မီးရှို့တာတွေ လုပ်ဆောင်ခဲ့ပြီး ၂၀၂၂ ခုနှစ် ဇန်နဝါရီလမှ ၂၀၂၃ ခုနှစ် စက်တင်ဘာလအတွင်း စီမံကိန်းအနီးရှိကျေးရွာ ၂၁ ရွာခန့် မီးရှို့ဖျက်ဆီးခံခဲ့ရကြောင်း Myanmar Witness မှ အတည်ပြုနိုင်ခဲ့တယ်လို့ သိရပါတယ်။

လေကြောင်းတိုက်ခိုက်မှုတွေလည်း ရှိခဲ့ပြီး ၂၀၂၃ ခုနှစ်၊ဇွန်လမှာစီမံကိန်းအနီးက ညောင်ပင်ကြီးရွာရှိ ရဲစခန်းကို တော်လှန်ရေးအင်အားစုတွေကသိမ်းပိုက်ပြီးနောက်စစ်ကောင်စီက MI-35 ရဟတ်ယာဉ်နဲ့ လေကြောင်းမှတုံ့ပြန်တိုက်ခိုက်ခဲ့ကြောင်း Myanmar Witness က အတည်ပြုနိုင်ခဲ့ပါတယ်။

စီမံကိန်းဧရိယာအတွင်း အ​ဆောက်အအုံ​တွေ တိုးလာတာကို​တွေ့ရစဥ်

●တကျော့ပြန် မြေယာသိမ်းမှုတွေ ခေါင်းထောင်လာ

ဒါ​တင် မကသေးပါဘူး။ ဆယ်စုနှစ်တစ်ခုကြာ ရပ်နားထားခဲ့တဲ့ မြေယာသိမ်းယူမှုတွေဟာ အာဏာသိမ်းပြီးနောက်စစ်တပ်ရဲ့ အကာအကွယ်နဲ့ ဝမ်ပေါင်ဟာအရှိန်အဟုန်နဲ့ ပြန်လည်စတင်လာခဲ့ပါတယ်။

၂၀၂၃ ခုနှစ်ဩဂုတ်လမှာမြန်မာစစ်တပ်က ဝက်မှေး-ကံတောကျေးရွာတဝိုက်ရှိ မြေ ၈၄၂.၆ ဧကခန့် (၃.၄၁ စတုရန်းကီလိုမီတာ) ကို သေနတ်ဖြင့် ခြိမ်းခြောက်ကာ ခြံစည်းရိုးခတ်၍ အတင်းအဓမ္မ သိမ်းယူခဲ့တယ်လို့ Myanmar Witness ဆိုပါတယ်။

Myanmar Witnessရဲ့ ဂြိုဟ်တုဓာတ်ပုံ အထောက်အထားတွေအရလည်း ဝက်မှေး-ကံတောကျေးရွာတဝိုက် မြေဧက ၈၄၀ ကျော်ကို သေနတ်နဲ့ခြိမ်းခြောက် ခြံစည်းရိုးခတ် သိမ်းယူခဲ့တာကြောင့် ကျေးရွာတွေ တဖြည်းဖြည်း ပျောက်ကွယ် လူသူကင်းမဲ့လာတာကို တွေ့ရှိရပါတယ်။

ဒေသခံတွေရဲ့ ပြောကြားချက်အရ ဝက်မှေးနဲ့ ကံတောကျေးရွာတွေ တင်မကဘဲ စီမံကိန်းရဲ့ တောင်ဘက်မှာရှိတဲ့ ဆည်တဲကျေးရွာက ပြောင်းရွှေ့ဖို့ ကျန်ရှိနေတဲ့မိသားစုဝင်တွေကိုပါ အင်အားသုံး ဖိအားပေးကာ ရွှေ့ပြောင်းခိုင်းနေတယ်လို့ သိရပါတယ်။

“အရင်NLDအစိုးရလက်ထက်တုန်းက တောင်သူတွေနဲ့ သဘောတူညီမှု ရခဲ့ပြီးသား ကိစ္စတွေကိုတောင်မှ သူတို့က အပြည့်အဝမပေးဘဲနဲ့ ဒီတိုင်းပဲ သူတို့အနေနဲ့ ပြောင်းမှာလား မပြောင်းဘူးလားဆိုတဲ့ ဖိအားပေးမှုနဲ့လုပ်တယ်။”လို့ ဒေသခံအမျိုးသားတစ်ဦးက ပြောပါတယ်။

စစ်တပ်ရဲ့ဖိအားပေး ခြိမ်းခြောက်မှု၊ မတရား ဖိနှိပ်မှုတွေ အပြင် စီးပွားရေး ကျပ်တည်းမှု အခက်အခဲတွေကြောင့် ဒေသခံတောင်သူတွေဟာ ရွေးချယ်စရာမရှိဘဲ စွန့်ခွာပေးနေရပါတယ်။ ဒါပေမဲ့မြန်မာဝမ်ပေါင် ကုမ္ပဏီကတော့ အဲဒီဖြစ်စဉ်ကို ဒေသခံတွေနဲ့ စေ့စပ်ညှိနှိုင်း သဘောတူညီမှုရယူပြီး ပြောင်းရွှေ့ခဲ့တာဖြစ်ကြောင်း လိမ်လည်သတင်းထုတ်ပြန်ကာ အမှန်တရားကို ဖုံးကွယ်ဖို့ ကြိုးပမ်းခဲ့ပါတယ်။

●စစ်တပ်အားကိုးနဲ့ သဘောတူညီပြီးသားတွေတွေပါ ဖျက်သိမ်း

​အလားတူ မိုးကြိုးနဲ့ ဆည်တဲကျေးရွာမှ တောင်သူတွေအတွက် ၂၀၁၃ ခုနှစ်ကတည်းက ခြံစည်းရိုးခတ်ခံလိုက်ရတဲ့ မြေယာတွေအတွက် လစဉ်ပေးဖို့ NLD အစိုးရလက်ထက်က သဘောတူခဲ့တဲ့ လျော်ကြေးတွေကိုလည်း ဝမ်ပေါင်ကုမ္ပဏီက အပြည့်အဝ မပေးတော့ကြောင်း ဒေသခံတွေက ပြောပါတယ်။

“တောင်သူ​တွေနဲ့ သဘောတူညီခဲ့တာက ၂၀၁၃ ကတည်းက ခြံစည်းရိုးခတ်လိုက်တဲ့ အထဲမှာပါသွားတဲ့ဟာ​တွေကို၂၀၁၃ ကတည်းက လစဥ်ပေးမယ်ဆိုတဲ့ သဘောတူညီတယ်။ ဒါပေမဲ့ အဲဒါကို အခုကျတော့ သူတို့က မပေးနိုင်ဘူး။ ဒီလထုတ်ရင် ဒီလကစပေးမယ်ဆိုပြီးတော့မှ ညစ်လာတယ်။ဒါအစိုးရနဲ့ သဘောတူညီထားတဲ့ဟာတွေကို ကုမ္ပဏီကနေပြီးတော့မှ ပေါ်ပေါ်တင်တင် ချိုးဖောက်သွားတာတွေကိုလည်း လုပ်နေတာတွေရှိတယ်။ မင်းတို့ကြိုက်ရင်ထုတ်၊ မကြိုက်ရင်မထုတ်နဲ့ ပြည်သူရဲ့စားဝတ်နေရေး ခက်ခဲလာမှုကို အသုံးချပြီးတော့ စစ်တပ်ရဲ့ နောက်ခံဘက်ဂရောင်းကို အားပြုပြီး ကုမ္ပဏီက ဖိနှိပ်တာတွေ ရှိပါတယ်။”လို့ ဒေသခံ​က ပြောပါတယ်။

​ဒေသခံတွေရဲ့ အဆိုအရ ယခုနှစ်မကုန်မီ မိုးကြိုအင်းနဲ့ဆည်တဲရွာဘက်ကို စစ်အင်အားသုံးပြီး ခြံစည်းရိုး ထပ်မံခတ်မယ့် သတင်းတွေလည်း ထွက်ပေါ်နေပါတယ်။

●ပြန်ဝင်နေရတဲ့ အလုပ်သမားတွေရဲ့ ဒုက္ခ

ဝမ်ပေါင်ဝင်းပြင်ပမှာ ပြဿနာတွေ ပေါင်းစုံနေသလို ဝင်းအတွင်းမှာလည်း အလုပ်သမားထုတွေကြား ဖြေရှင်းရခက်ခဲနေတာတွေ ရင်ဆိုင်နေရပါတယ်။ အဘက်ဘက်က ဖိအားပေးမှု​တွေ၊ စားဝတ်နေရေးအခက်အခဲတွေကြောင့် ဝမ်ပေါင်ထဲ အလုပ်ပြန်ဝင်နေရသူတွေဟာ အလုပ်သမား အခွင့်အရေးတွေ ပြင်းထန်စွာ ချိုးဖောက်ခံနေရတယ်လို့ သိရပါတယ်။

အာဏာမသိမ်းမီက Stay Home ဝန်ထမ်းအဖြစ် သတ်မှတ်ကာ ထောက်ပံ့ကြေး ပေးခဲ့ပေမဲ့ လက်ရှိမှာ တော်လှန်ရေးမှာ ပါဝင်တယ်လို့ သံသယရှိသူတွေ၊ အမှန်တရားဘက်မှ ရပ်တည်ခဲ့တဲ့ ဌာနခေါင်းဆောင်တွေ၊ အလုပ်သမားသမဂ္ဂ ခေါင်းဆောင်တွေကို လုံးဝ ပြန်မခေါ်တော့တဲ့အပြင် ထောက်ပံ့ကြေးတွေကိုပါ ရပ်ဆိုင်းလိုက်ကြောင်း ဒေသခံတွေက ပြောပါတယ်။

“ဆက်သွယ်လာတာမျိုးလည်း မရှိဘဲနဲ့ သူတို့ခေါ်ချင်တဲ့သူခေါ်တယ်။ လုပ်ချင်သလိုလုပ်ပြီးမှ ဒီဝန်ထမ်းအခွင့်အရေးတွေလည်း အလုပ်သမားအခွင့်အရေးတွေ ချိုးဖောက်ဖျက်ဆီးနေတာတွေ ရှိပါတယ်။”လို့ ဝန်ထမ်းဟောင်းနဲ့နီးစပ်သူတစ်ဦးက ပြောပါတယ်။

●စီမံကိန်းအပြင်ဘက်က သောကတွေ

​စီမံကိန်းရဲ့ရိုက်ခတ်မှုဟာဒေသတွင်းပတ်ဝန်းကျင်တင်မကဘဲ လမ်းကြောင်းတစ်ခုလုံးရှိ ပြည်သူတွေအပေါ်အထိ ရောက်ရှိနေပါတယ်။ စီမံကိန်းအတွက်လိုအပ်တဲ့ကုန်ကြမ်းနဲ့လောင်စာဆီတွေကို ချင်းတွင်းမြစ် ရေတက်ချိန်မှာ စစ်သင်္ဘောတွေ ခြံရံပြီး သင်္ဘောဖလက်တွေနဲ့သယ်ယူပို့ဆောင်နေကြပါတယ်။ အဲဒီလို ရေကြောင်းအသုံးပြု သယ်ဆောင်ရာမှာ တိုက်ပွဲ ဖြစ်ပွားတာမရှိဘဲ မြစ်ဘေးဝဲယာရှိ ပြည်သူတွေနေထိုင်ရာ ကျေးရွာတွေကိုလက်နက်ကြီးတွေနဲ့ ပစ်ခတ်လေ့ရှိရာ နှစ်စဉ်နှစ်တိုင်းအပြစ်မဲ့ ပြည်သူတွေသေဆုံး၊ ဒဏ်ရာရကာအိုးအိမ်များ ပျက်စီးဆုံးရှုံးနေရကြောင်း ဒေသခံတွေက ပြောပါတယ်။

“ပြည်သူတွေ အမြဲတမ်း ဒုက္ခရောက်ပါတယ်။ သူတို့တက်လာတဲ့လမ်းတလျှောက်ကို ဘာတိုက်ပွဲမှမရှိဘဲ ပြည်သူတွေနေတဲ့ရွာတွေဘက်ကို ဦးတည်ပြီး စစ်သင်္ဘောတွေ ခြံရံပြီး လက်နက်ကြီးတွေပစ်ခတ်နေတယ်။ သေဆုံးဒဏ်ရာရတွေ နှစ်စဥ်နှစ်တိုင်း ကြုံနေရတယ်။”လို့ ဆားလင်းကြီးနယ်က တက်ကြွလှုပ်ရှားသူတစ်ဦးက ပြောပါတယ်။

●နောင်လာမယ့် လုံခြုံရေးဆိုင်ရာစိုးရိမ်မှု

၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလမှာ မြန်မာစစ်က ပုဂ္ဂလိကလုံခြုံရေးဝန်ဆောင်မှုဥပဒေကို ပြဋ္ဌာန်းခဲ့ပြီး နိုင်ငံခြားကုမ္ပဏီတွေအနေနဲ့ လက်နက်ကိုင်တပ်ဖွဲ့တွေ ငှားရမ်းခွင့်ပြုခဲ့ပါတယ်။ ဝမ်ပေါင်ကုမ္ပဏီအနေနဲ့ ၎င်းတို့ရဲ့ရင်းနှီးမြှုပ်နှံမှုတွေကိုကာကွယ်ဖို့ တရုတ်လက်နက်ကိုင်တပ်ဖွဲ့တွေကို ခေါ်ယူလာနိုင်ခြေ ရှိတယ်လို့ ဒေသခံတွေက စိုးရိမ်နေကြပြီး ယင်းဟာ စီးပွားရေးလုပ်ငန်းနဲ့ စစ်ရေးပဋိပက္ခကြား နယ်နိမိတ်ကို ပိုမိုဝေဝါးသွားစေနိုင်ကြောင်း Myanmar Witness က ထောက်ပြထားပါတယ်။

လက်ရှိမှာလည်း ဝမ်ပေါင်ထဲက စစ်တပ်ဟာ ဒေသခံပြည်သူတွေကို ဒုက္ခပေးနေဆဲပါ။

“ခရီးသွားကားတွေကို ဆက်ကြေးကောက်တယ်။ ကားလမ်းဘေးတွေမှာ CCTVတပ်တာတွေရှိလာတယ်။ အဲ့ ဝမ်ပေါင်ကမှတဆင့် နမခက ပို့လာတဲ့ရိက္ခာတွေကို စစ်ကြောင်းထိုးနေတဲ့ စခတွေဆီပို့ပေးနေတာ”လို့ ချင်းတွင်းမြစ်ကမ်းဘေး ကျေးရွာများ သပိတ်ကော်မတီက တာဝန်ရှိသူက ပြောပါတယ်။

ဆက်စပ်သတင်းများ

သတင်း

လူထုခေါင်းဆောင် နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတဦးဝင်းမြင့်တို့အပါအဝင် အဓမ္မဖမ်းဆီးခံထားရတဲ့ နိုင်ငံရေးအကျဉ်းသားအားလုံး အမြန်ဆုံး လွတ်မြောက်ကြဖို့၊အကျဉ်းထောင်တွေထဲက နိုင်ငံရေးအကျဉ်းသားတွေ ခြွင်းချက်မရှိ ပြန်လည်လွတ်မြောက်ဖို့ လှုပ်ရှားတောင်းဆိုတာဟာ ထောင်အကျယ်ထဲက ကျနော်တို့တွေအတွက် လုပ်ကို လုပ်ရမယ့် တာဝန် တရပ်ပဲဖြစ်ပါတယ်လို့ ချင်းတွင်းမြစ်ကမ်းဘေးကျေးရွာများသပိတ်ကော်မတီက ဆိုပါတယ်။

သတင်း

​မြန်မာ့ရိုးရာသင်္ကြန်ပွဲတော် အကျနေ့မှာ စစ်တပ်က စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်ကို ပါရာမိုတာနဲ့ လေကြောင်းတိုက်ခိုက်လို့ ဒေသခံ ထန်းသမားတစ်ဦး သေဆုံးခဲ့ပါတယ်။

သတင်း

စစ်ကိုင်းတိုင်းက သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေက နွေဦးတော်လှန်ရေး (၄)နှစ်ပြည့်အကြို လူထုသပိတ်လှုပ်ရှားမှုတွေ ဒီကနေ့ (ဇန်နဝါရီ ၃၁)မှာ အသီးသီး ပြုလုပ်ခဲ့ကြပါတယ်။