သုည/People’s Spring
စစ်ကိုင်းတိုင်းက သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေက နွေဦးတော်လှန်ရေး (၄)နှစ်ပြည့်အကြို လူထုသပိတ်လှုပ်ရှားမှုတွေ ဒီကနေ့ (ဇန်နဝါရီ ၃၁)မှာ အသီးသီး ပြုလုပ်ခဲ့ကြပါတယ်။
စစ်ကိုင်းတိုင်း ဆားလင်းကြီးမြို့နယ်မှာ ချင်းတွင်းမြစ်ကမ်းဘေးကျေးရွာများသပိတ်မှ အာဏာသိမ်း(၄)နှစ်ပြည့် နွေဦးတော်လှန်ရေးအကြိုလှုပ်ရှားမှုအဖြစ် “လူထုရဲ့တော်လှန်မှုဟာ တစ်ရက်မှရပ်တန့်မသွားခဲ့” ၊ “အထွေထွေဖိနှိပ်မှုကိုအံတုကြ ဘုံရန်သူကိုထွက်ပေါက်မပေးနဲ့” စတဲ့စာသားတွေ ကိုင်ဆောင်ပြီး ဆန္ဒထုတ်ဖော်ခဲ့ပါတယ်။
ယင်းမာပင်မြို့နယ်မှာလည်း အောင်လံလွှင့်မည်ရွှေရေကြည်လူထုသပိတ်စစ်ကြောင်းက ဒေသခံပြည်သူတွေနဲ့ ပူးပေါင်းပြီး စစ်အာဏာရှင် ဆန့်ကျင်ရေး ညသပိတ် ဆင်နွှဲခဲ့ပါတယ်။

Public Service Announcement
ဆားလင်းကြီးမြို့နယ် ကျေးရွာတစ်ရွာမှာလည်း ရွှေဗန့်ဂျီ(ရွာပေါင်းစုံ)သပိတ်အင်အားစုက အကြမ်းဖက်စစ်တပ်ရဲ့ မီးရှို့ခံရသော ကျေးရွာ၂ ရွာနဲ့အတူ စုပေါင်းပြီး “အထွေထွေဖိနှိပ်မှုကို အံတုကြ”၊ “ဘုံရန်သူကို ထွက်ပေါက်မပေးနဲ့”၊ “၃ရက်လုပ်မှ ၁ ရက်စားရတဲ့ ဘ၀တွေကို နောက်မျိုးဆက်ထိကူးဆက်မခံဘူး” စာသားတွေနဲ့ စစ်အာဏာရှင် ဆန့်ကျင်ရေးလူထုလှုပ်ရှားမှု ပြုလုပ်ခဲ့ပါတယ်။
ဓာတ်ပုံ – စစ်ကိုင်းဒေသသပိတ်အင်အားစု၊ ရွာပေါင်းစုံသပိတ်
