ရှင်းလင်းခံရသည့် ဗိုလ်ချုပ်အုန်းသွင်နှင့် သားမက်တို့၏ လက်ကိုင်ဖုန်းများကို သိမ်းဆည်းရရှိထားရာ အဆိုပါ ဖုန်းအတွင်းမှ အရေးကြီးသတင်းများ၊ လျှို့ဝှက်သတင်းများရရှိထားပြီး ၎င်းတို့နှင့်ဆက်စပ်သော စစ်ကောင်စီခေါင်းဆောင်ပိုင်းမှ တာဝန်ရှိသူများ၊ စစ်တပ်ထောက်တိုင်များအား ဆက်လက်ချိတ်ဆက်ရှာဖွေနေကြောင်း IUF ပြောက်ကျားတပ်ဖွဲ့က ပြောသည်။
စက်တင်ဘာ ၂၄ ရက်တွင် အောင်မြင်စွာ အကောင်အထည်ဖော်ခဲ့သော စစ်ကောင်စီထောက်တိုင်ဖြစ်သည့် ဗိုလ်ချုပ်ဟောင်းအား ရှင်းလင်းရာတွင် ၎င်းနှင့် သားမက်ဖြစ်သူတို့၏ လက်ကိုင်ဖုန်းများအား IUF အဖွဲ့သားများမှ သိမ်းဆည်းရယူနိုင်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။
“ထိုလက်ကိုင်ဖုန်းများအား ဩစတျေးလျနိုင်ငံသို့ လုံခြုံစွာပို့ဆောင်ခဲ့ပြီး အိုင်တီပညာရှင်များ၏ အကူအညီဖြင့် ဖုန်းအတွင်းမှ အချက်အလက်များ၊ လျှို့ဝှက်သတင်းများ၊ ထိုသူတို့နှင့် ဆက်စပ်နေသော စစ်ကောင်စီခေါင်းဆောင်ပိုင်းမှ တာဝန်ရှိသူများ၊ စစ်တပ်ထောက်တိုင်များ၏ အချက်အလက်များကို ရယူပြီးဖြစ်ပါ သည်”ဟု IUF က အသိပေးသည်။
“အုန်းသွင်ဖုန်းက iphone ဖြစ်ပေမယ့် Lock မချထားတော့ ဖုန်ထဲကအချက်အလက်တွေရဖို့ အထူးတလည် အားစိုက်စရာမလိုခဲ့ဘူး၊ သူ့သားမက်ဖုန်းကတော့ lock ရှိထားတော့ သြစတေးလျအထိဖုန်းကိုပို့ပြီး အဲဒီက နည်းပညာရှင်တွေနဲ့ ခက်ခက်ခဲခဲ data backup ပြန်လုပ်လိုက်ရတယ် အချက်အလက်အကုန်မဟုတ်ပေမယ့် တော်တော်များများကို ကျွန်တော်တို့ရထားပါတယ်”ဟု IUF ကပြောသည်။

Public Service Announcement
ရရှိထားသော အချက်အလက်များကို သက်ဆိုင်ရာအဖွဲ့အစည်းများထံ ဖြန့်ဝေသွားမည်ဖြစ်ပြီး လိုအပ်သော Mission များကိုလည်း ဆက်လက်အကောင်ထည်ဖော်သွားမည်ဖြစ်ကြောင်း IUF က ရှင်းပြသည်။
စစ်ကောင်စီအကြံပေးတစ်ဦးဖြစ်သူ ဗိုလ်ချုပ်အုန်းသွင်(ငြိမ်း)နှင့် ၎င်း၏သားမက်ဖြစ်သူ ဗိုလ်ကြီးရဲတေဇတို့အား ၎င်းတို့၏နေအိမ် လှိုင်မြို့နယ် (၁၂)ရပ်ကွက်၊ အောင်ဓမ္မရိပ်သာဝင်းအတွက်း IUF ပြောက်ကျားတပ်ဖွဲ့က ပစ်ခတ်ရှင်းလင်းခဲ့ခြင်း ဖြစ်သည်။


















































