Connect with us

Hi, what are you looking for?

သတင်း

မုံရွာ – မန္တလေးလမ်းပိုင်းတွင် စစ်ကောင်စီယာဥ်တန်းများအား ၁၂ ကြိမ်ထက်မနည်း မိုင်းဆွဲတိုက်ခိုက်

ယာဉ် ၁၀စီးအနက် လေးစီးမြောက်ကို မိုင်းဆွဲတိုက်ခိုက်ရာ ရပ်တန့်သွားပြီးနောက် နောက်ပါယာဉ်များပါ လာရာလမ်းသို့ ပြန်လှည့်သွားသည်ဟု ၎င်းက ဆိုသည်။

(စစ်ကောင်စီယာဉ်တန်းအား တိုက်ခိုက်မှုပြုလုပ်ပြီးနောက် တွေ့ရစဉ်။ ဓာတ်ပုံ - Area 71PDF Monywa)
(စစ်ကောင်စီယာဉ်တန်းအား တိုက်ခိုက်မှုပြုလုပ်ပြီးနောက် တွေ့ရစဉ်။ ဓာတ်ပုံ - Area 71PDF Monywa)

▪️ယာဉ် ငါးစီးပျက်စီးပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် အများအပြား ထိခိုက်သေဆုံးနိုင်ဟုဆို

စစ်ကိုင်းတိုင်း၊ မုံရွာ – မန္တလေးလမ်းမကြီးပေါ်တွင်နိုင်ငံရေးအကျဥ်းသားများ၊ လက်နက်များသယ်ဆောင်လာသည်ဟုသတင်းရသည့် စစ်ကောင်စီယာဥ်များအား ၁၂ကြိမ်ထက်မနည်း မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ ယာဉ်ငါးစီးပျက်စီးပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် အများအပြားထိခိုက်သေဆုံးနိုင်ကြောင်း ဒေသတွင်းတော်လှန်ရေးအင်အားစုများက ပြောသည်။

ယမန်နေ့ (မတ်လ ၃ ရက်) မွန်းလွဲ ၁ နာရီ ၄၉ မိနစ်ခန့်က မုံရွာမြို့ အနောက်မြောက်တိုင်းစစ်ဌာနချုပ် (နမခ)မှထွက်လာသော စစ်ကားအကြီး ၁၀စီးနှင့် D. C ပွိုင့်ကား လေးစီးအား မုံရွာ – ချောင်းဦးလမ်းပိုင်း မုံရွာတောင်အထွက် ပုရစ်ကုန်းမြောက်ရွာအနီးတွင် ပဒေသာမိုင်း လေးလုံးတွဲဖြင့် မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း Area 71PDF Monywa အဖွဲ့ ခေါင်းဆောင်က ပြောသည်။

ယာဉ် ၁၀စီးအနက် လေးစီးမြောက်ကို မိုင်းဆွဲတိုက်ခိုက်ရာ ရပ်တန့်သွားပြီးနောက် နောက်ပါယာဉ်များပါ လာရာလမ်းသို့ ပြန်လှည့်သွားသည်ဟု ၎င်းက ဆိုသည်။

ရဲဘော်များမှာ စစ်ကောင်စီတပ်ကင်းပုန်းများ၏ ပစ်ခတ်မှုကြားတွင် ခေတ္တပိတ်မိခဲ့သော်လည်း အထိအခိုက်မရှိဆုတ်ခွာနိုင်ခဲ့ကြောင်း Area 71PDF Monywa အဖွဲ့ ခေါင်းဆောင်က ပြောသည်။

Public Service Announcement

Public Service Announcement

Public Service Announcement
Public Service Announcement

“နေ့လယ် ၂ နာရီကျော်ကျော်လောက်က မန္တလေးကနေ မုံရွာကို ဝင်လာတဲ့ စစ်ကားတန်းမှာ မုံရွာ နမခတပ်အတွက် အရေးကြီး ပစ္စည်း(လက်နက်) သယ်ဆောင်လာတယ်လို့ ထင်တယ်။ အဲ့ကားတန်းမှာပါတဲ့ မိုင်းစက်ကွင်းဖျက်စီးရေး jummer ကတော်တော်မှကို ကောင်းလွန်းတယ်။ကျွန်တော်တို့ အရင်ဆွဲနေကြ jummer လွတ်မိုင်းတွေ ဖောက်ခွဲမရဘူးဖြစ်တယ်။”ဟု ၎င်းကပြောသည်။

ထို့နောက် မွန်းလွဲ ၁ နာရီ ၄၅ မိနစ်တွင် မုံရွာမှ စစ်ကိုင်းမြို့သို့သွားသော ၁၂ဘီးတွဲကား သုံးစီးတန်းအား ဂွေးပင်တောနှင့်ရေပိုးစားကြားတွင် သုံးစီးမြောက် ယာဉ်အား ပဒေသာမိုင်း သုံးလုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း မုံရွာခရိုင်အမှတ်(၁၁)တပ်ရင်း PDF-South Monywa ၏ တာဝန်ခံ ဒေါင်းကာရန်က ပြောသည်။

မွန်းလွဲ ၂ နာရီခွဲခန့်တွင်လည်း စစ်ကိုင်းမှမုံရွာမြို့သို့ထွက်လာသော ကားကြီး ငါးစီးပါ ယာဥ်တန်းအား ဂွေးပင်တောနှင့်ရေပိုးစားကြား၌ပင် ပဒေသာမိုင်း၃လုံးတွဲ၂ပွိုင့်ဖြင့် ထပ်မံတိုက်ခိုက်ခဲ့ရာ ပထမပွိုင့်မှာ သုံးစီးမြောက် ယာဉ်နောက်ပိုင်းအားထိ၍ ဒုတိယမြောက်ပွိုင့်မှာ ငါးစီးမြောက်ကားအား ထိထိမိမိဆွဲလိုက်နိုင်ကြောင်း PDF-South Monywa တာဝန်ခံ ဒေါင်းကာရန်က ပြောသည်။

အဆိုပါ စစ်ဆင်ရေးကို People’s Defence Force – South Monywa၊ Monywa People’s Liberation Force-ဒေါင်းမင်းစစ်ကြောင်းတပ်ခွဲ၊ Black Hunter People’s Task Force၊ Ronin Thirteen People’ Defence Forceတို့ ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်း အသိပေးသည်။

အလားတူ မွန်းလွဲ ၁နာရီ၄၀မိနစ်ခန့်ကလည်း စစ်ကိုင်းမှ မုံရွာမြို့ဘက်သို့သွားသော စစ်ကား ၁၃ စီးအား မြင်းမူမြို့နှင့်ဝမ်းပြည့်ကျေးရွာကြား၌ မိုင်းဆွဲတိုက်ခိုက်ရာကားတစ်စီးထိထိမိမိထိမှန်ပြီး စစ်သား ၂ ဦးသေဆုံးခဲ့ကြောင်း အာဏာရှင်စနစ်တိုက်ဖျက်ရေးပြည်သူ့တပ်ဖွဲ့(PAFD)၏ တာဝန်ခံတစ်ဦးက ပြောသည်။

မွန်းလွဲ ၁ နာရီ ၄၅ မိနစ်ခန့်တွင်လည်း ဝမ်းပြည့်ရွာနှင့် အလ္လကပ္ပရွာကြားတွင် နှစ်ကြိမ်တိုင် ထပ်မံမိုင်းဆွဲတိုက်ခိုက်ရာ စစ်ကောင်စီတပ်သား သုံးဦးနေရာတွင်ပွဲချင်းပြီးသေဆုံးပြီးအများအပြားထိခိုက်ဒဏ်ရာရရှိကြောင်း PAFD၏ တာဝန်ခံက ပြောသည်။

“ကျွန်တော်တို့ကြားတာကတော့ မုံရွာကနေ နိုင်ငံရေးအကျဥ်းသားတွေ မန္တလေးကိုပို့တယ်လို့ သတင်းရတယ်။ အနောက်ကလာတဲ့ကားတွေကို လာကြိုတဲ့သဘောမျိုး။ နောက်ကနိုင်ငံရေးအကျဥ်းသားပါနေတာဆိုတော့ အရှေ့ကလာကြိုတဲ့ကားတွေကို လုပ်လိုက်တာ။”ဟု အထက်ပါတာဝန်ခံက ပြောသည်။

အဆိုပါ စစ်ဆင်ရေးကို People’s Army To Fight Dictatorship(PAFD).တပ်ခွဲDK PDF(MMU)၊ People’s Knight Defense Force Myinmu(PKDF.MMU)၊ မြင်းမူမြို့တိုက်နယ်အနောက်ခြမ်း ပ က ဖ ၊ D.B.B.F.MMU မဟာမိတ်အဖွဲ့များပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း အသိပေးသည်။

အလားတူ ညနေ ၃ နာရီခွဲမှ ၄ နာရီခွဲခန့်အထိ မုံရွာမြို့မှထွက်လာသော စစ်ကားများနှင့် စစ်ကိုင်းမှ ထွက်လာသောစစ်‌ကားများအား မြင်းမူမြိုနယ် ဘိုးမင်းကြီးကင်းရွာ၊ ဂွေးပင်တောရွာနှင့် နတ်ရေကန်ရွာကြားတွင် သုံးကြိမ်တိုင်မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း မြောင်မြို့နယ် T.G.R ပြည်သူ့ကာကွယ်ရေးတပ်၏ တာဝန်ရှိသူက ပြောသည်။

မြောင်အမျိုးသမီး ဒရုန်း အဖွဲ့ကလည်း ဒရုန်းဖြင့် တိုက်ခိုက်ခဲ့ပြီး တိုက်ခိုက်ခဲ့သည့်အခြားအဖွဲ့များလည်း ရှိနိုင်သေးကြောင်း ​ဒေသတွင်းရဲဘော်များက ဆိုသည်။

ထိခိုက်သော စစ်ကောင်စီတပ်သားများကို မြင်းမူဆေးရုံတွင်ခကားသုံးစီးဖြင့်ဆေးကုသဖို့ထားသွားကြောင်း၊ ယမန်နေ့တစ်ရက်တည်း ၁၂ကြိမ်တိုင်မိုင်းဆွဲတိုက်ခိုက်ခဲ့ပြီး ယာဉ်ငါးစီးပျက်စီးသွားကာ စစ်ကောင်စီတပ်ဖွဲ့ဝင် အများအပြားထိခိုက်သေဆုံးနိုင်ကြောင်း PKDF-MMU၏ ပြန်ကြားရေး​တာဝန်ခံက ပြောသည်။

ယမန်နေ့ (မတ်လ ၃ ရက်) တစ်ရက်အတွင်း မုံရွာ -မန္တလေး လမ်းပိုင်း၌ စစ်ကောင်စီယာဥ်များ အများဆုံးဖြတ်သန်းခြင်းဖြစ်ကြောင်း Area 71PDF Monywa အဖွဲ့ ခေါင်းဆောင်က ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ မုံရွာမြို့၊ စက်မှုဇုန်မှာ တပ်စွဲထားတဲ့ စစ်တပ်ကို ဝင်ရောက်တိုက်ခိုက်ရာ ၄ ဦး သေဆုံးကြောင်း မုံရွာခရိုင်တပ်ရင်းတွေက ထုတ်ပြန်ပါတယ်။

သတင်း

မုံရွာမြို့အ​ခြေစိုက် အနောက်မြောက်တိုင်းစစ်ဌာနချုပ်(နမခ)ရဲ့ပတ်ဝန်းကျင်က မြို့တွေမှာ စစ်ရေးတင်းမာနေပြီး စစ်‌တပ်က အရပ်သားတွေနဲ့ အိမ်ယာတွေကို ပစ်မှတ်ထားတိုက်ခိုက်ဖျက်ဆီးနေတယ်လို့ ​ဒေသခံ နဲ့ ​တော်လှန်​ရေးတပ်ဖွဲ့ဝင်​တွေက​ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ မုံရွာမြို့ပေါ်မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ဆိုင်ကယ်စီးနင်းသူတွေကို လိုက်လံစစ်ဆေးဖမ်းဆီးပြီး ကျပ်သိန်းချီတောင်းနေကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

မန္တလေးမြို့မှာ အမျိုးသားပုံစံဝတ်ဆင်နေထိုင်တဲ့ ပစ္စည်းတွေသယ်ယူပို့ဆောင်ပေးသူ(Delivery) အမျိုးသမီးတစ်ဦး ပစ္စည်းပို့ရင်း ပျောက်ဆုံးနေကြောင်း သတင်းရရှိပါတယ်။