Connect with us

Hi, what are you looking for?

သတင်း

ဒေါနတောင်ပေါ်၌ ရှေ့မတိုးနိုင်ဘဲ တစ်လကျော်ကြာရပ်တန့်နေသည့် အောင်ဇေယျစစ်ကြောင်းမှ စစ်သားအချို့ ရက္ခိုင်တိုက်ပွဲသို့စစ်ကူခွဲပို့

စစ်ကောင်စီ၏ အောင်ဇေယျစစ်ကြောင်းသည် ဧပြီ ၇ရက်ခန့်တွင် မော်လမြိုင်မြို့မှ စတင်ထွက်ခွာလာခြင်းဖြစ်ပြီး ဧပြီ ၁၁ရက်တွင် ကော့ကရိတ်မြို့သို့ ရောက်ရှိလာခဲ့သည်။ အဆိုပါ လမ်းပိုင်းတလျှောက်တွင်လည်း တော်လှန်ရေးပူးပေါင်းတပ်များက စောင့်ကြိုတိုက်ခိုက်ခဲ့ကြသည်။

မြဝတီသို့ ထိုးစစ်ဆင်လာသော အောင်ဇေယျစစ်ကြောင်းမှ သံချပ်ကာယာဥ်တစ်စီးနှင့် စစ်ကားတစ်စီးအား တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့က သိမ်းပိုက်ပြီးနောက် တွေ့ရစဥ်

▪️အောင်ဇေယျစစ်ကြောင်းမှ စစ်သားအချို့ အလင်းဝင်၊ ထွက်ပြေးမှုများဖြစ်နေ၊ ဒေါနတောင်ပေါ်၌ နေ့စဉ်တိုက်ပွဲဖြစ်​နေ

ဒီးဒီ/People’s Spring

ဒေါနတောင်ပေါ်၌ ရှေ့ဆက်မတိုးနိုင်ဘဲ တစ်လကျော်ကြာရပ်တန့်နေသည့် စစ်ကောင်စီ၏ အောင်ဇေယျစစ်ကြောင်းမှ စစ်သားအချို့ ရက္ခိုင်ပြည်နယ်တိုက်ပွဲပေးပို့ရန် ထုတ်နုတ်သွားကြောင်း People’s Spring၏ ကရင်စစ်ရေးသတင်းရင်းမြစ်များက ပြောကြားသည်။

အောင်ဇေယျစစ်ကြောင်းမှ တပ်မ(၅၅)လက်အောက်ခံ တပ်သားများ ရက္ခိုင်ပြည်နယ်တိုက်ပွဲသို့ ပေးပို့သည်ဟု သိရှိရကြောင်း အောင်ဇေယျစစ်ကြောင်းအား တိုက်ခိုက်နေသော တောင်ပိုင်းတိုင်း၊ အမှတ်(၃၁)ဗျူဟာ လက်အောက်ခံ ကျားဖြူစစ်ကြောင်းမှ ဒုစစ်ကြောင်းမှူး ဗိုလ်မှူးကျော်ဟိန်းက ပြောကြားသည်။

ထို့အပြင် အောင်ဇေယျစစ်ကြောင်းမှ တပ်သားအချို့ ရက္ခိုင်ပြည်နယ်သို့ပေးပို့ရန် ကားခုနစ်စီးခန့်ဖြင့် ထုတ်နုတ်သွားသည်ဟု People’s Spring၏ ကရင်စစ်ရေးသတင်းရင်းမြစ်ကလည်း ပြောသည်။

Public Service Announcement

Public Service Announcement

“(၅၅)က ရက္ခိုင်ဘက်ပြန်ဆင်းတယ်ဆိုတာ ကြားတယ်။ သူ့ရဲ့အောက်ခံတပ်တွေလည်းဖြစ်မယ်။ သူတို့ရဲ့ လူအင်အားတွေ လုံလောက်မှုမရှိတော့ဘူးလေ။ ကူးသန်းနေတာပေါ့။ သူတို့လူတွေက ဘယ်လောက်မှ မရှိတော့ဘူးလေ”ဟု ကျားဖြူစစ်ကြောင်းမှ ဒုစစ်ကြောင်းမှူး ဗိုလ်မှူးကျော်ဟိန်းက ပြောသည်။

ထို့အပြင် People’s Spring၏ ကရင်စစ်ရေးသတင်းရင်းမြစ်ကလည်း ” အင်အားက မနိုင်တော့ဘူးလေ။ ရက္ခိုင်မှာလည်း အခြေနေမကောင်းတော့ အဲဒီကို ကော့ကရိတ်ကနေ ကားခုနစ်စီးလောက်နဲ့ ပို့လိုက်ရတယ်ကြားတယ်”ဟု ပြောသည်။

ရက္ခိုင့်တပ်တော်(AA)က ၂၀၂၃ နိုဝင်ဘာ ၁၃ရက်တွင် ချင်းပြည်နယ် ပလက်၀နှင့် ရက္ခိုင်ပြည်နယ်ရှိမြို့များကို ထိုးစစ်ဆင်သည့် စစ်ဆင်ရေးကို စတင်ခဲ့ရာ ၆လကျော်အတွင်း ပလက်၀၊ မြောက်ဦး၊ မြေပုံ၊ ပေါက်တော၊ ရမ်းဗြဲ၊ ကျောက်တော်၊ ရသေ့တောင်၊ ပုဏ္ဏားကျွန်းနှင့် မင်းပြား စသည့် မြို့နယ် ၉ခုကို အလုံးစုံသိမ်းပိုက်ခဲ့ပြီး စစ်ကောင်စီ၏တပ်မ ဌာနချုပ် နှစ်ခုနှင့် တပ်ရင်း၊ဌာနချုပ်များ၊ တပ်စခန်းများစွာကို AAက သိမ်းပိုက်ရရှိထားသည်။ AAက ယခုအခါ ​မောင်​​တော ၊ဘူးသီး​တောင် ၊ သံတွဲ၊အမ်းမြို့နယ်များရှိ စစ်​ကောင်စီတပ်စခန်းများကို အပြီးသတ်သိမ်းပိုက်နိုင်ရန် ထိုးစစ်ဆင်​နေပြီး စစ်စခန်းများကို ဆက်တိုက်သိမ်းပိုက်​နေသည်။

ထို့ကြောင့် ရက္ခိုင်ပြည်နယ်တွင်လည်း စစ်ရေးအရရှုံးနှိမ့်နေ၍ စစ်ကူများထုတ်နုတ်ပေးပို့ခြင်းဟု ကရင်စစ်ရေးသတင်းရင်းမြစ်များက ဆိုသည်။

မေလ ၁၂ရက်ကလည်း ဒေါနတောင်ပေါ်၌ တိုက်ပွဲပြင်းထန်ခဲ့ပြီး အောင်ဇေယျစစ်ကြောင်း ထိခိုက်မှုရှိသည်ဟု ၎င်းက ဆက်ပြောသည်။

“ကွင်းကလေးဘက်တက်တဲ့ တောင်ကြောမှာတော့ မိုင်းထိပြီး ခြောက်ယောက်သေ၊ အများအပြားဒဏ်ရာနဲ့ပြန်ဆုတ်သွားတယ်”ဟု ကရင်စစ်ရေးသတင်းရင်းမြစ်က ပြောသည်။

ထို့အပြင် မေလ ၁၂ရက်က ဒေါနတောင်ပေါ်ရှိ ရင်ကွဲတောင်ကြား၌ တိုက်ပွဲဖြစ်ပွားခဲ့သည်ဟု ကျားဖြူစစ်ကြောင်းမှ ဒုစစ်ကြောင်းမှူး ဗိုလ်မှူးကျော်ဟိန်းက ပြောသည်။

မေလ ၁၂ရက်ကလည်း အောင်ဇေယျစစ်ကြောင်းမှ တပ်မ(၅၅) လက်အောက်ခံ ခလရ(၉၄)တပ်ရင်းစစ်ကြောင်း(၂)မှ တပ်သား နှစ်ဦး လက်နက်နှင့်အတူ ကျားဖြူစစ်ကြောင်းထံ အလင်းဝင်လာခဲ့သည်။ ထို့အပြင် ပြီးခဲ့သည့် ဧပြီ ၄ရက်ကလည်း အောင်ဇေယျစစ်ကြောင်းမှ စကခ(၁၂) လက်အောက်ခံ ခမရ(၂၃၀)၏ စစ်ကောင်စီတပ်သားသုံးဦး လက်နက်များနှင့်အတူ ကျားဖြူစစ်ကြောင်းထံ အလင်းဝင်လာခဲ့သည်။

အောင်ဇေယျစစ်ကြောင်းမှ သံချပ်ကာယာဥ်တစ်စီးအား တွေ့ရစဥ်
အောင်ဇေယျစစ်ကြောင်းမှ သံချပ်ကာယာဥ်တစ်စီးအား တွေ့ရစဥ်

“ပြည်သူ့ရင်ခွင်ခိုလှုံချင်တဲ့ စစ်သားတွေကို ဖိတ်ခေါ်ပါတယ်။ အမှားနဲ့အမှန်ကို စဥ်းစာချင့်ချိန်တက်မယ်လို့လည်းမြင်ပါတယ်။ စစ်ကောင်စီရဲ့ လုပ်ရပ်တွေဟာ သူတို့ရဲ့လက်တစ်ဆုပ်စာကိုကာကွယ်စောင့်ရှောက်ဖို့အတွက် နိုင်ငံသူ၊နိုင်ငံသားတွေကို အချင်းချင်းသွေးခွဲပြီး သတ်ဖြတ်နေတဲ့လုပ်ရပ်တွေကို အမြန်ဆုံးချုပ်ငြိမ်းစေချင်တဲ့ ဆန္ဒနဲ့ပေါ့။ ပြည်သူ့ရင်ခွင်လောက်ငြိမ်းချမ်းအေးမြတဲ့နေရာ မရှိပါဘူး”ဟု ဗိုလ်မှူးကျော်ဟိန်းက ပြောသည်။

စစ်ကောင်စီ၏ အောင်ဇေယျစစ်ကြောင်းမှ စစ်ကောင်စီတပ်သားများသည် ယခင်ကလည်းအလင်းဝင်ရောက်လာရန် ချိတ်ဆက်မှုများရှိခဲ့သည်ဟု ဗိုလ်မှူးကျော်ဟိန်းက ပြောသည်။

ထို့အပြင် အောင်ဇေယျစစ်ကြောင်း၏ ခလရ(၉၄)၏ ယာယီတပ်ရင်းမှူး ဗိုလ်မှူး သန့်ဇော်ဝင်းလည်း ဒေါနတောင်ပေါ်၌ ဧပြီ ၃ရက်က တိုက်ပွဲအတွင်း သေဆုံးခဲ့သည်။

ထို့အပြင် အောင်ဇေယျစစ်ကြောင်းမှ ထွက်ပြေးသည့် စစ်ကောင်စီတပ်သား စစ်သုံ့ပန်းများအား ဖမ်းမိထားသည်ဟု ကော်ဘရာစစ်ကြောင်း(၁) စစ်ကြောင်းမှူး ဗိုလ်စောကော်က People’s Springသို့ ပြောထားသည်။

မြဝတီမြို့သို့လာသည်ဆိုသော စစ်ကောင်စီ၏ အောင်ဇေယျစစ်ကြောင်းနှင့် တော်လှန်ရေးပူးပေါင်းတပ်များ ဒေါနတောင်‌ပေါ်၌ နေ့စဥ်ထိတွေ့တိုက်ပွဲဖြစ်ပွားနေသည်။

မြဝတီမြို့ကို စစ်ကူပို့ရန် “​အောင်​​ဇေယျစစ်ဆင်​​ရေး”ဟုအမည်​ပေး၍ နိုင်ငံ​တော်အဆင့်စစ်ဆင်​ရေးဟုဆိုကာ အင်အားရာနှင့်ချီ ချီတက်လာသော စစ်ကြောင်းသည် ဒေါနတောင်ပေါ်ရှိ တောနောရေတံခွန်အနီး နေရာများတွင် ရောက်ရှိနေသည်မှာ ရက်သတ္တပါတ်တစ်ပတ်ကျော်ကြာရှိနေပြီဖြစ်သည်။ အဆိုပါ စစ်ကြောင်းသည် ယင်းနေရာများ၌ပင် ရပ်တန့်နေပြီး ရှေ့ဆက်မတိုးနိုင်သေးကြောင်း People’s Spring၏ သတင်းရင်းမြစ်များထံမှ စုံစမ်းသိရှိရသည်။

အာဏာသိမ်းဒု​ခေါင်း​ဆောင် ဒုတပ်ချုပ်ဒုဗိုလ်ချုပ်မှူးကြီးစိုးဝင်းကိုယ်တိုင် ဦး​ဆောင်ညွန်ကြားသည့်နိုင်ငံ​တော်အဆင့်စစ်ဆင်​ရေးဟုဆိုကာ ​မော်လမြိုင် ၊ဘားအံမြို့တို့မှ ဧပြီ ၇ရက်တွင် စတင်​ချီတက်လာပြီး တစ်လပြည့်​နေ့၌ ​​ဒေါန​တောင်​ပေါ်တွင် ​စစ်​ကောင်စီက ​ရှေ့တိုးရန် ထိုးစစ်ဆင်ခဲ့သေးသည်။

မြဝတီသို့ ထိုးစစ်ဆင်လာသော အောင်ဇေယျစစ်ကြောင်းမှ သံချပ်ကာယာဥ်တစ်စီးနှင့် စစ်ကားတစ်စီးအား တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့က သိမ်းပိုက်ပြီးနောက် တွေ့ရစဥ်
မြဝတီသို့ ထိုးစစ်ဆင်လာသော အောင်ဇေယျစစ်ကြောင်းမှ သံချပ်ကာယာဥ်တစ်စီးနှင့် စစ်ကားတစ်စီးအား တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့က သိမ်းပိုက်ပြီးနောက် တွေ့ရစဥ်

ယင်းစစ်​ကြောင်းတွင် တပ်မ (၂၂) ၊ တပ်မ(၄၄)နှင့် (၅၅)တို့ဖြင့် စစ်ကြောင်းထိုးစတင်ခဲ့ရာ တပ်မ(၅၅)မှာ ဖွဲ့စည်းပုံပျက်သည့်သဘောဖြစ်နေ၍ တပ်မ(၇၇)ထပ်မံစေလွှတ်ပြီး ပြန်လည်စုဖွဲ့မှုပြုလုပ်နေသည်ဟု ကရင်စစ်ရေးသတင်းရင်းမြစ်က ပြောထားသည်။ စစ်​ကြောင်းတွင် စစ်ကူများဆက်တိုက်တိုးပြီး စစ်​ကောင်စီတပ်သားအင်အား ၁,၀၀၀ မှ ၁,၃၀၀ အတွင်းရှိ​နိုင်ကြောင်း စစ်​ရေးရင်းမြစ်အချို့က ​ပြောသည်။

အဆိုပါ အောင်ဇေယျစစ်ကြောင်းအား တောင်ပိုင်းတိုင်း အမှတ်(၃၂)ဗျူဟာက ဦးဆောင်ပြီး ကော်ဘရာ၊ ကျားသစ်နက်၊ VENOM စစ်ကြောင်းတို့က အဓိကတိုက်ခိုက်နေပြီး အမှတ်(၃၁) ဗျူဟာမှ ကျားဖြူ၊ SOG အပြင် အခြားစစ်ကြောင်းများကလည်း ပူးပေါင်းတိုက်ခိုက်နေသည်။

စစ်ကောင်စီ၏ အောင်ဇေယျစစ်ကြောင်းသည် ဧပြီ ၇ရက်ခန့်တွင် မော်လမြိုင်မြို့မှ စတင်ထွက်ခွာလာခြင်းဖြစ်ပြီး ဧပြီ ၁၁ရက်တွင် ကော့ကရိတ်မြို့သို့ ရောက်ရှိလာခဲ့သည်။ အဆိုပါ လမ်းပိုင်းတလျှောက်တွင်လည်း တော်လှန်ရေးပူးပေါင်းတပ်များက စောင့်ကြိုတိုက်ခိုက်ခဲ့ကြသည်။

(မြဝတီသို့ ထိုးစစ်ဆင်လာသော အောင်ဇေယျစစ်ကြောင်းမှ သံချပ်ကာယာဥ်တစ်စီးနှင့် စစ်ကားတစ်စီးအား တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့က သိမ်းပိုက်ပြီးနောက် တွေ့ရစဥ်နှင့် အောင်ဇေယျစစ်ကြောင်းမှ သံချပ်ကာယာဥ်တစ်စီးအား တွေ့ရစဥ်။ ဓာတ်ပုံ – KNU၊ ကော်ဘရာ)

ဆက်စပ်သတင်းများ

သတင်း

KIA သိမ်းထားတဲ့မဘိမ်းမြို့ကို ထိုးစစ်ဆင်ဖို့ စစ်အင်အား ၂၀၀၀ ကျော်စုဖွဲ့ထားလို့ မကြာမီ တိုက်ပွဲပြင်းနိုင် စစ်ရေးသတင်းရင်းမြစ်ပြော

သတင်း

MNDAA-မြန်မာအမျိုးသား ဒီမိုကရက်တစ်မဟာမိတ်တပ်မ​တော်က စစ်ကောင်စီစစ်သားစစ်သုံ့ပန်း ၅၀၀ကို ဒီကနေ့ ပြန်လွှတ်ပေးလိုက်တယ်လို့ ကိုးကန့်တပ်MNDAAက သတင်းထုတ်ပြန်ပါတယ်။

သတင်း

ကရင်နီထောင်ကထွက်ပြေးသွားသူတချို့ကို ပစ်ခတ်ဖမ်းဆီးရမိထားတယ်လို့ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီ IEC တွဲဖက် အတွင်းရေးမှူး ဦးဗညားက လူထုနွေဦးကို ပြောပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ်က ရက္ခိုင်ပြည်နယ် ရသေ့တောင်မြို့နယ်ကို လေကြောင်းဗုံးကြဲတိုက်ခိုက်မှု ထပ်မံပြုလုပ်ခဲ့လို့ ပြည်သူ ၅ဦးသေဆုံးကာ ၆ဦး ဒဏ်ရာရခဲ့ကြောင်း အာရက္ခတပ်တော်(AA)ကထုတ်ပြန်ခဲ့ပါတယ် ။ဒါဟာ သုံးပတ်အတွင်း စစ်တပ်လေကြောင်း၊လက်နက်ကြီးတိုက်ခိုက်မှုကြောင့် အာရက္ခဒေသခံပြည်သူ၁၇ဦးထိသေဆုံးကာ ၃၇ ဦး ဒဏ်ရာရရှိခဲ့တာဖြစ်ပါတယ်။