အိမ်သွင်/People’s Spring
အာဏာသိမ်းစစ်ခေါင်းဆောင်၏ဓာတ်ပုံကို ဖိနပ်တွင်ကပ်ပြီး ဆဲဆိုခဲ့သည့်ရုပ်သံဖိုင်အား လူမှုကွန်ရက်ပေါ်တင်ခဲ့သည့် ရှစ်တန်းကျောင်းသားတစ်ဦးကို စစ်ကောင်စီ၏ဖမ်းဆီးခြင်းခံလိုက်ရသည်။
ရန်ကုန်တိုင်း၊ ရွှေပြည်သာမြို့နယ်၊ အ.ထ.က ၂ မှ ရှစ်တန်းကျောင်းသားမောင်ဖြိုးမြတ်အောင်ကို စစ်ကောင်စီက နိုဝင်ဘာလ၂၇ရက်နေ့တွင် ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။
“အဲဒီကျောင်းသားက စာတော်တယ်။ သူက မအလဓာတ်ပုံကို ဖိနပ်မှာကပ်ပြီး ဆဲဆိုတဲ့ပုံကို Tittok မှာ တင်တယ်။ စစ်အုပ်စုက ခြေရာခံပြီးလာဖမ်းသွားတယ်။ ကျောင်းသားမိဘတွေကိုရော အတန်းဖော်တွေကိုပါ ထပ်ပြီးခြိမ်းခြောက်နေတယ်” ဟု ရွှေပြည်သာ တွင်နေထိုင်သူတစ်ဦးကပြောသည်။
အထက်ပါကျောင်းသားသည် အာဏာသိမ်းစစ်ခေါင်းဆောင်၏ဓာတ်ပုံကို ဖိနပ်တွင်ကပ်ပြီး ဆဲဆိုခဲ့သည့်ရုပ်သံဖိုင်အား Tittok လူမှုကွန်ရက်၌ နိုဝင်ဘာလ၂၇ရက်မနက်ပိုင်းတွင် တင်ခဲ့ခြင်းဖြစ်သည်။ ၎င်းအား ဖမ်းဆီးရန် စစ်ကောင်စီဝါဒဖြန့်ချိရေးလူမှုကွန်ရက်အကောင့်များက ဖြန့်ဝေခဲ့ကြပြီး ယင်းနေ့တွင်ပင်ဖမ်းဆီးခံရခြင်းဖြစ်သည်။
အသက် ၁၄နှစ်အရွယ်အဆိုပါကျောင်းသားအား ဝရမ်းမပါဘဲဖမ်းဆီးနိုင်ပြီး ကျေးအေးခွင့်ရော အာမခံပေးခွင့်ပါမရှိသည့် ပုဒ်မ ၅၀၅ -က ဖြင့် အမှုဖွင့်ထားကြောင်း သတင်းရရှိသည်။ အဆိုပါကျောင်းသားအားဖမ်းမိရေးအတွက် ကျောင်းဘက်ကလည်း ပူးပေါင်းဆောင်ရွက်ခဲ့သည့်အပေါ် ပြည်သူအချို့က ဝေဖန်နေကြသည်။
” Non CDM ဝန်ထမ်းတွေကတော့ သူတို့အကျင့်အတိုင်း စစ်တပ်နဲ့ ပေါင်းတာပဲ။ အတန်းထဲကကျန်တဲ့ကလေးတွေလည်း ကြောက်နေကြတယ်” ဟု ရွှေပြည်သာမြို့ခံတဦးကပြောသည်။
စစ်ကောင်စီသည် အာဏာသိမ်းပြီးနောက်ပိုင်း ၎င်းအားဆန့်ကျင်သူများကို ဖိနှိပ်ရာတွင် အသက်မပြည့်သေးသည့်လူငယ်များအားလည်း ဖမ်းဆီးခဲ့သည်။ ထိုအပြင် စစ်အာဏာရှင်အာဆန့်ကျင်ရေး လူထုသပိတ်များကို ဖြိုခွဲမှုအတွင်း လူငယ်အများအပြားကို စစ်ကောင်စီကသတ်ဖြတ်ခဲ့သည်။
မြန်မာနိုင်ငံသည် စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း အင်တာနက် လွတ်လပ်ခွင့် ဆိုးရွားကျဆင်းလာသလို ၊အင်တာနက် ဖြတ်တောက်ပိတ်ဆို့မှုမှာလည်း အခြေအနေ ပိုဆိုးလာသည်။ အမေရီကန်အခြေစိုက် Freedom House ၏ နိုင်ငံပေါင်း ၇၂ နိုင်ငံတွင် စစ်တမ်းကောက်ယူဖော်ပြမှုအရ မြန်မာနိုင်ငံ နှင့် တရုတ်နိုင်ငံသည် ၂၀၂၄ ခုနှစ်တွင် ကမ္ဘာပေါ်၌ အင်တာနက်လွတ်လပ်ခွင့်အဆိုးဝါးဆုံးနိုင်ငံများအဖြစ် ပူးတွဲရပ်တည်နေသည်။