မေ/People’s Spring
ပြင်ဦးလွင်မြို့ကိုသွားရောက်လည်ပတ်သူနည်းလာတာကြောင့် မန္တလေး − ပြင်ဦးလွင်ပြေးဆွဲနေတဲ့ခရီးသည်တင်ကားတွေ တဝက်လောက်အထိလျော့ချပြေးဆွဲနေရတယ်လို့ အဲဒီကားဂိတ်တွေဆီက သိရပါတယ်။
“ဘာသတင်းတွေကြားပြီးမလာကြတော့တာလည်း မသိဘူးဗျာ။လမ်းတွေဆိုလည်း ရှင်းနေတာပဲ။ကားတွေလည်းလူကို မရဘူး”လို့ ကားပြေးဆွဲနေသူတစ်ဦးက ပြောပါတယ်။
ယခုလအတွင်း ပြင်ဦးလွင်မြို့ကိုသွားရောက်သူတွေဟာ တဝက်ကျော်အထိလျော့ကျသွားတာလို့ကားဂိတ်တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

Public Service Announcement
“အရင်ကဆိုရင် ၁နာရီကို ကား၂စီးကနေ၊၃စီးအထိ အတက်၊အဆင်းရှိတယ်။အခုက ၃နာရီလောက်မှ ၁စီးပဲထွက်နေရတာ။အဲဒီတစီးတောင် ခရီးသည်တွေ တမြို့လုံးပတ်စုပြီးမှထွက်ရတာ”လို့ နာမည်ကြီးကားဂိတ်တစ်ခုက တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
ခရီးသည်တင်ကားတစ်စီးကို အရှေ့ခန်း၁ယောက်နဲ့အနောက်ခန်း၃ယောက်စုစုပေါင်း ၄ယောက် တင်ဆောင်တာဖြစ်ပြီး ယခုလအတွင်းမှာ ခရီးသည်မရတာမို့ ၃ယောက်နဲ့ပြေးဆွဲပေးရတာမျိုးတွေလည်းရှိတယ်လို့ ဆိုပါတယ်။
အလားတူ မန္တလေး-ပြင်ဦးလွင်ပြေးဆွဲနေတဲ့ EVကားတွေလည်း ခရီးသည်မရှိတာမို့ အချိန်တွေလျော့ချပြေးဆွဲနေရတယ်လို့ သိရပါတယ်။
ယခင်က မနက်၈နာရီလောက်ကနေ ညနေ၅နာရီအထိ ဆက်တိုက်ကားပြေးဆွဲနေရာကနေ ယခုလမှာ နေ့ခင်း ၁၂နာရီကနေ ညနေ၄နာရီလောက်အထိသာ ပြေးဆွဲရတော့တယ်လ်ို့ သိရပါတယ်။
ပြင်ဦးလွင်မြို့မှာ စစ်မှုထမ်းအတွက်ပေါ်တာဆွဲတဲ့သတင်းတွေထွက်ပေါ်သလို မန္တလေး-ပြင်ဦးလွင်လမ်းပိုင်းကို ယခင်ကထပ်ပိုပြီး ကြပ်ကြပ်တည်းတည်းစစ်ဆေးတာတွေကြောင့်လည်း ခရီးသွားလျော့လာတာတွေဖြစ်နိုင်တယ်လို့ ကားသမားတွေက ပြောပါတယ်။
ဒါ့အပြင် ပြင်ဦးလွင်ကနေ လားရှိုးမြို့သွားရာလမ်းပိုင်းက နောင်ချိုမြို့နယ်အစပ်မှာလည်း တိုက်ပွဲတွေ ဖြစ်နေပါတယ်။
