ထွန်းညိုဦး/People’s Spring
မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းပြီး ၂၀၂၁နဲ့ ၂၀၂၂ ခုနှစ် သီတင်းကျွတ်ကာလတွေမှာ ပြည်သူတွေ အပျော်ခရီးသွားကြလာကြတာ နည်းပါးခဲ့ပေမယ့် ၂၀၂၃ ကနေ ၂၀၂၅ ခုနှစ် သီတင်းကျွတ်ကာလတွေမှာတော့ ပုံမှန်ကာလလိုပဲ အပျော်ခရီးသွားတာတွေ ပြန်လည်များပြားလာခဲ့ပါတယ်။ ဒီနှစ် ၂၀၂၆ ခုနှစ် သီတင်းကျွတ်ကာလမှာလည်း အပျော်ခရီးသွားကြမယ့်သူတွေ စီစဥ်နေကြပြီလို့ သိရတယ်။ ပုဂံညောင်ဦးမှာဆိုရင် သီတင်းကျွတ်ကာလအတွက် ဟိုတယ်တွေ တည်းခိုခန်းတွေ အားလုံးနီးပါး ပြည့်နေပါပြီတဲ့။
တချိန်တည်းမှာပဲ အာဏာသိမ်းစစ်တပ်နဲ့ အပေါင်းအပါတွေက ရန်ကုန်၊ မန္တလေးအပါအဝင် မြို့ကြီးတွေမှာ ပေါ်တာဆွဲနေသလို အဝေးပြေးလမ်းတွေ၊ ဂိတ်တွေမှာလည်း လူငယ်တွေကို စစ်မှုထမ်းဖို့ ပေါ်တာဆွဲတာတွေ အရှိန်မြှင့် လုပ်ဆောင်နေပါတယ်။ သီတင်းကျွတ်လပြည့်နေ့ဟာအောက်တိုဘာ ၂၆ ရက်နေ့မှာ ကျရောက်ပြီး အာဏာသိမ်းစစ်တပ် ပေါ်တာဆွဲလေ့ရှိတဲ့ လကုန်ရက်တွေနဲ့ပါ တိုက်ဆိုင်နေပါတယ်။
စစ်ကောင်စီတပ်ရဲ့ ပေါ်တာဆွဲဖမ်းဆီးမှုတွေ၊ ဓားပြတိုက် လူပြန်ပေးဆွဲမှုတွေကြောင့် ခရီးသွား သိသိသာသာလျော့ကျသွားတဲ့ ပုဂံဒေသဟာ ခရီးသွားတွေကို ဆွဲဆောင်တဲ့အနေနဲ့ လာမယ့် သီတင်းကျွတ်ကာလမှာ မီးပုံးပျံအလုံးသုံးထောင် လွှတ်တင်ဖို့ စီစဥ်ထားတယ်လို့ သိရတယ်။

Public Service Announcement
ဒါပေမယ့် ကြုံရင်ကြုံသလို ဆွဲနေတဲ့ စစ်ကောင်စီတပ်ရဲ့ ပေါ်တာနဲ့ ဓားပြတိုက်လူပြန်ပေးဆွဲမှုတွေကိုတော့ ဒေသခံတွေလည်း မတက်နိုင်ကြပါဘူး။ ကံကောင်းသူတွေ လွတ်ကြပေမယ့် ကံဆိုးသူတွေတော့ ဆိုက်ဆိုက်မြိုက်မြိုက် ကြုံရတတ်ပါတယ်။
ပုဂံညောင်ဦးက ခရီးသွားတွေ သွားရောက်လည်ပတ်လေ့ရှိတဲ့ ပုပ္ပါးတောင်ရှိရာ ကျောက်ပန်းတောင်းမြို့မှာဆိုရင် ကျောင်းသားတွေကအစ ပေါ်တာဆွဲခံနေရကြောင်း မြို့ခံတွေက ပြောပါတယ်။
“မြို့အဝင် မြို့အထွက်ကကို စောင့်ဆွဲနေတာ”လို့ ကားသမားတစ်ဦးက ပြောပါတယ်။
ကားသမားတွေဆိုရင် ကျောက်ပန်းတောင်းမြို့ဝင်ကာနီး ကားရပ်ပြီး စောင့်ကြည့်တာမျိုး၊ ယာဥ်နောက်လိုက် စပယ်ယာကို မခေါ်တော့တာမျိုးတွေကအစ စီမံနေရတယ်လို့ ကားသမားအချို့က ပြောပါတယ်။
ကျောက်ပန်းတောင်းမှာ ပေါ်တာတအားဆွဲတာကြောင့် ပုပ္ပါးဒေသမှာပြုလုပ်နေတဲ့ အဘထွက်ပွဲ လူမစည်မှာစိုးလို့ စက်တင်ဘာ ၂၅ ရက်နောက်ပိုင်း ပေါ်တာဆွဲတာရပ်ထားတယ်ဆိုပြီး ပျူခေါင်းဆောင်တွေကတောင် လူမှုကွန်ရက်ကနေ လိမ်လည်စည်းရုံးခဲ့ပါသေးတယ်။ သို့သော် ပေါ်တာကတော့ ပုံမှန်အတိုင်း ဆက်ဆွဲနေကြောင်း မြို့ခံတွေက ပြောပါတယ်။
ကျောက်ပန်းတောင်း-ညောင်ဦးလမ်းနဲ့ ညောင်ဦး-မြင်းခြံလမ်းတွေ၊ ညောင်ဦးနဲ့ ပုဂံမြို့ဟောင်းမှာလည်း စစ်မှုထမ်းပေါ်တာဆွဲခံရတာတွေရှိကြောင်း ဒေသခံအချို့က ပြောပါတယ်။ “ပေါ်တာတွေဆွဲလွန်းလို့ လူငယ်ယောကျာ်းလေးတွေလည်း မရှိတော့ဘူး။ သွားလာနေကြသူမှန်သမျှ အမျိုးသမီးတွေချည့်ပဲ”လို့ ယခုစက်တင်ဘာလအတွင်း ပုဂံကို ခရီးသွားခဲ့သူတစ်ဦးက ပြောပါတယ်။
ဒါ့အပြင် လမ်းတလျှောက် အာဏာသိမ်းစစ်တပ်ရဲ့ စစ်ဆေးရေးဂိတ်တွေက ခရီးသွားတွေကို စစ်ဆေးငွေညှစ်တာတွေ လုပ်လေ့ရှိတာကြောင့် ခရီးသွားဝန်ဆောင်မှုအသင်းကပါကြေညာချက်ထုတ်ပြီး ပြင်ဆင်ထားတာ တွေ့ရပါတယ်။ အဲဒါကတော့ ခရီးသွားပြည်သူတွေရဲ့ ဖုန်းတွေမှာ စစ်ကောင်စီစစ်ဆေးရေးဂိတ်တွေက စစ်ဆေးမေးမြန်းနိုင်တဲ့ ဓာတ်ပုံနဲ့ ရုပ်သံတွေ ထည့်မလာဖို့ တားမြစ်ထားတဲ့ အချက်တွေ ပါဝင်တဲ့ ကြေညာချက်ကို ပြည်တွင်းဘုရားဖူးနှင့် ခရီးသွားဝန်ဆောင်မှုအသင်းက စက်တင်ဘာ တတိယပတ်က ထုတ်ပြန်ထားတာပါ။
ဒါ့အပြင် အာဏာသိမ်းစစ်တပ်ဟာ PSMS နဲ့ပါ စစ်ဆေးလေ့ရှိတာကြောင့် Kpay အပိတ်ခံရဖူးသူတွေ၊ နိုင်ငံရေးနဲ့ ငြိဖူးသူတွေဆိုရင် အရဲစွန့်မသွားသင့်သေးဘူးလို့ ခရီးသွားဖူးသူတွေက အကြံပြုပါတယ်။
“ခုနောက်ပိုင်းဆိုရင် မျက်လုံး Scan ဖတ်တာတွေ မန္တလေး၊ စစ်ကိုင်း၊ မုံရွာ၊ ရွှေဘို သွားတဲ့ ကားတွေမှာလည်း လာသမျှ လူတွေကို
မျက်လုံး Scan တွေဖတ် မှတ်ပုံတင်တွေဖတ် စာရင်းတွေသွင်းနေတာ”လို့ စစ်ကိုင်းနဲ့ မန္တလေးတိုင်း ခရီးသွားလာနေသူတစ်ဦးက ပြောပါတယ်။
ဒါ့ကြောင့် ဘဝနဲ့ရင်းပြီးမှ သွားကြရမယ့် အပျော်ခရီးတွေအတွက် စဥ်းစားချင့်ချိန်ကြဖို့ တော်လှန်ရေးလုပ်ကိုင်နေသူအချို့က အကြံပြုပါတယ်။ “ဒီလိုမျိုးအရေးမကြီးတဲ့၊ အပျော်အပါးခရီးတွေ မသွားသင့်ဘူးပေါ့ဗျာ။ မဖြစ်ရင်တော့ ဘာမှမဖြစ်ဘူး။ ဖြစ်ခဲ့ရင် မလွယ်ဘူး။ ပုဂံဘက်ကပိုဆိုးတယ်။ အန္တရာယ်တော့များတယ်။ အန္တရာယ်များတဲ့ကြားက သွားကြတာဆိုတော့လည်း အသက်နဲ့ရင်းပြီး သွားနေရတဲ့အနေအထားတွေလေ။ အဲဒါကိုမှ သွားကြတယ်ဆိုရင်လည်း သွားတဲ့သူရဲ့အပြစ်ပဲ”လို့ စစ်ရှောင်အရေးကူညီရင်း ခရီးသွားလာနေရသူ အမျိုးသားတစ်ဦးက ပြောပါတယ်။
ယခုနောက်ပိုင်း စစ်မှုထမ်း ပေါ်တာဆွဲခံရသူတွေကို ငွေကြေးနဲ့လိုက်ရွေးလို့ မလွယ်တော့ပါဘူး။ စစ်တပ်က လူအင်အားနည်းနေတာကြောင့် ရနိုင်သမျှ များများလိုချင်နေတာကြောင့် ငွေနဲ့ရွေးတာ လက်မခံတော့ဘူးလို့ သိရပါတယ်။
“ခုနောက်ပိုင်းဆို တော်တော်အခြေအနေက ဆိုးနေတာ။ စစ်မှုထမ်းတော်တော်ဆိုးတယ်ဆွဲတာ။ ရက်ရက်စက်စက်ကိုဆွဲနေတာ။ ငွေပေးလို့လည်းမရတော့ဘူး”လို့ စစ်ကိုင်းဒေသခံတစ်ဦးက ပြောပါတယ်။
ယခုလို တိုက်ပွဲတွေ မကြာခဏဖြစ်ပွားနေချိန်၊ စစ်မှုထမ်းပေါ်တာဆွဲမှုတွေ ဆိုးရွားနေချိန် အပျော်ခရီးသွားလာသူတွေအနေနဲ့ သတိပြုသွားလာသင့်ကြောင်း အလုပ်ကိစ္စနဲ့ ခရီးသွားလာနေသူတွေက အကြံပြုပါတယ်။
“တိုက်ပွဲတွေကြားထဲလည်း ရောက်သွားနိုင်သလို ပေါ်တာတွေလည်း ဆွဲချင်လည်း အဆွဲခံရနိုင်တယ်။ မျိုးစုံဖြစ်နေကြတာ အခုအချိန်က။ အဲဒါကိုမှ သတိနဲ့ယှဥ်ပြီးတော့ မနေနိုင်မထိုင်နိုင်သွားလာနေတယ်ဆိုရင်တော့ အန္တရာယ်က အရမ်းများတဲ့အနေအထားမှာ ရှိတာပေါ့”လို့ ပြောလိုက်ပါတယ်။


















































