တေဇ/People’s Spring
စစ်ကောင်စီလက်အောက်ခံ ကရင်နယ်ခြားစောင့်တပ်(BGF) ခေါင်းဆောင်သုံးဦးအား ထိုင်းအစိုးရက လူကုန်ကူးမှုဖြင့်ပတ်သက်ပြီး ဖမ်းဝရမ်းထုတ်ရန်ကြိုးပမ်းမှုမှာ တဖက်သက်စွပ်စွဲမှုသာဖြစ်ကြောင်း ကရင်နယ်ခြားစောင့်တပ်ဖွဲ့ (BGF) ပြောရေးဆိုခွင့်ရှိသူ ဒုတိယဗိုလ်မှူးကြီးနိုင်မောင်ဇော်က ပြောသည်။
ယနေ့(ဖေဖော်ဝါရီ ၁၁ရက်)တွင် ထိုင်းနိုင်ငံ အထူးစုံစမ်းရေးဌာန(DSI)ကကရင်နယ်ခြားစောင့်တပ် (BGF)ခေါင်းဆောင် ဗိုလ်မှူးကြီး စောချစ်သူ၊ ဒုတိယဗိုလ်မှူးကြီးစောမုတ်သုန်နှင့် ဗိုလ်မှူးစောတင်ဝင်းတို့ကို လူကုန်ဖမ်းဝရမ်းထုတ်နိုင်ရန် ကြိုးပမ်းလုပ်ဆောင်လာမှုအပေါ် BGF က တုန့်ပြန်ပြောဆိုလာခြင်း ဖြစ်သည်။
“ထိုင်းနိုင်ငံအနေနဲ့ ဖမ်းဝရမ်းထုတ်ဖို့ တောင်းဆိုတဲ့အပေါ်မှာ ကျွန်တော်တို့ မေးချင်တာက ထိုင်းနိုင်ငံအပေါ်ကို ဘာအပြစ်တွေ လုပ်မိလို့လဲ။ လက်ရှိ လူမှောင်ခိုကုန်ကူးမှုမှာရော ကျွန်တော်တို့ခေါင်းဆောင်တွေက ဒါကိုတိုက်ရိုက်ပါဝင်သတ်မှတ်မှုရှိနေသလား။ မရှိဘူးလားဆိုတာ သေချာစိစစ်ဖို့ လိုတယ်။ ကျွန်တော်တို့ခေါင်းဆောင်တွေက ဒီအပေါ်မှာ ဒီလူမှောင်ခိုတားဆီးတိုက်ဖျက်ရေးမှာ စွမ်းစွမ်းတမံ အဓိကညွှန်ကြားပြီးတော့ တိုက်ဖျက်ရေးအတွက်ကို အဆင့်ဆင့် တာဝန်ပေးပြီး တိုက်ဖျက်နေတယ်ဆိုတာ အားလုံးကို အတိအလင်းပြောထားပြီးသားလည်း ဖြစ်တယ်။အဲဒီ့အပေါ်မှာမှ လူမှောင်ခိုနဲ့ပတ်သက်တယ်ဆိုတဲ့ စွပ်စွဲချက်ကတော့ ဒါတဖက်သတ်စွပ်စွဲချက်လို့ ဒီလိုပဲပြောချင်ပါတယ်”ဟု ဒုတိယဗိုလ်မှူးကြီးနိုင်မောင်ဇော်က ပြောသည်။

Public Service Announcement
BGFအနေဖြင့် ထိုင်းနိုင်ငံအပေါ် ထိခိုက်နစ်နာအောင် လုပ်ဆောင်ထားခြင်းမရှိကြောင်း ၎င်းက ဆိုသည်။
” ထိုင်းဘက်ကတော့ ခုနကဖမ်းဝရမ်းထုတ်လာတာဆိုတာက ခုနကပြောသလို ကျွန်တော်တို့က ထိုင်းနိုင်ငံကို ထိခိုက်နစ်နာအောင်ဘာတွေလုပ်မိသလဲ။ အခုကျွန်တော်တို့ ကိုယ်တိုင်ကလည်း ထိုင်းကိုပုန်ကန်နေတာလည်း မဟုတ်ဘူး။ကျွန်တော်တို့က ထိုင်းကို အိမ်နီးချင်းကောင်းပီသစွာနဲ့ ညီအစ်ကိုအရင်းလိုဆက်ဆံခဲ့တာ နှစ်ပေါင်းများခဲ့ပြီ။ လက်ရှိ ကျွန်တော်တို့အပေါ်ကို ဒီလိုဆက်ဆံလာတယ်ဆိုတဲ့အပေါ်တော့ စိတ်မကောင်းဖြစ်ရတယ်”ဟု ဒုတိယဗိုလ်မှူးကြီးနိုင်မောင်ဇော်က ပြောသည်။
ထို့အပြင် ကျားဖြန့်ရှင်းလင်းရေး ခေါင်းစဉ်အောက်တွင် ပူးပေါင်းဆောင်ရွက်ရန် လုပ်ဆောင်ရမည်ဟုလည်း ၎င်းက ပြောသည်။
” ဒီအတွက်ကိုတော့ကျွန်တော်တို့ ပူးပေါင်းဆောင်ရွက်ကြမယ်ဆိုရင် ဒီကိစ္စက ပပျောက်သွားမယ်။အဖြေက ရှင်းရှင်းလေးပဲ။ ဒီအပေါ်မှာမှ ခေါင်းစဉ်လေးတစ်ခုတပ်ပြီး အဲဒီ့အောက်မှာမှ ခုနကဘယ်လိုအညှိုးနဲ့ ဘယ်လိုအမုန်းတရားနဲ့ ဒီလိုမျိုးစီစဉ်နေလဲ ကျွန်တော်တို့လည်း မပြောတတ်ဘူး။ကျွန်တော်တို့အကြီးအကဲတွေက လူမှောင်ခိုကိစ္စနဲ့ ပတ်သက်ခြင်းလည်းမရှိသလို ကျွန်တော်တို့ ဘယ်ကနေစီးဆင်းလာလဲဆိုတာကိုတော့ စွပ်စွဲဖို့လုပ်တဲ့သူတွေက ပြန်စဉ်းစားဖို့လိုတာပေါ့။”ဟု ဒုတိယဗိုလ်မှူးကြီးနိုင်မောင်ဇော်က ပြောသည်။
မြန်မာဖက်ခြမ်းက အွန်လိုင်းငွေလိမ်ဂိုဏ်း(ကျားဖြန့်) လုပ်ငန်းများတွင် အဓမ္မခိုင်းစေခံခဲ့ရသည့် လူကုန်ကူးမှုသားကောင် အိန္ဒိယနိုင်ငံသားများအား ကယ်ဆယ်ခဲ့သည့်ဖြစ်စဉ်အပြီး DSI၏ စုံစမ်းရေး အရာရှိတွေက BGF ခေါင်းဆောင်များအပေါ် ဖမ်းဝရမ်း ထုတ်နိုင်မည့်အမှုကို တည်ဆောက်ခဲ့ခြင်း ဖြစ်သည်။
ထို့အပြင် မြဝတီဒေသ၌ လူကုန်ကူးခံရသည့် အင်ဒိုနီးရှားနိုင်ငံသား ၆၉ဦးအား ရှာဖွေကယ်ဆယ်ပြီး နေရပ်ပြန်ပို့ရန် စီစဉ်နေကြောင်း ဒုတိယဗိုလ်မှူးကြီးနိုင်မောင်ဇော်က ယနေ့ ပြောသည်။
“မကြာခင် ဒုတိယအသုတ်အနေနဲ့ သက်ဆိုင်ရာအာဏာပိုင်တွေကမှ စိစစ်ပြီးရင်တော့ BGFကနေ ကယ်ဆယ်ပြီးတော့ ပြန်ပို့မယ့် အသုတ်ဖြစ်ပါတယ်”ဟု ဒုတိယဗိုလ်မှူးကြီးနိုင်မောင်ဇော်က ပြောသည်။
ပထမအသုတ်အနေဖြင့် ဖေဖော်ဝါရီ ၆ရက်က တရုတ်နိုင်ငံသားများအပါအဝင် ၆၁ဦးအား မဲဆောက် – မြဝတီ ချစ်ကြည်ရေးအမှတ်(၂)တံတားမှ နေရပ်ပြန်ပို့ပေးခဲ့သည်ဟု ၎င်းက ပြောသည်။
ကရင်ပြည်နယ်၊ နယ်စပ်ဒေသများရှိ စီမံကိန်း၌ လူကုန်ကူးခံရသူ ၂,၀၀၀ကျော်အား သက်ဆိုင်ရာနိုင်ငံများသို့ ပြန်ပို့ထားပြီး ဆောင်ရွက်ခဲ့သော စီမံကိန်းများအား ပါဝင်ရင်းနှီးမြှပ်နှံထားခြင်း မဟုတ်ဘဲ မြေငှားရမ်းသည့်မြေရှင်သာဖြစ်ကြောင်း ကရင်နယ်ခြားစောင့်တပ်(BGF)က ဖေဖော်ဝါရီ ၆ရက်တွင် အသိပေး ထုတ်ပြန်ထားသည်။
၂၀၂၃မှ လက်ရှိအချိန်အထိ လူကုန်ကူးခံရသူ စုစုပေါင်း ၂,၀၀၀ကျော်ကိုလည်း သက်ဆိုင်ရာနိုင်ငံအလိုက်ဆက်သွယ်ကာ နေရပ်ပြန်ပို့ပေးခဲ့သည်ဟု ဆိုသည်။
ထိုင်း – မြန်မာနယ်စပ်ရှိကျားဖြန့်လုပ်ငန်းများကို နှိမ်နင်းရန် နှင့် ကျားဖြန့်လုပ်ငန်းများတွင် ထိုင်းပါဝင်မှု မရှိကြောင်း ပြသရန် ထိုင်းအစိုးရက မြန်မာပြည်ဘက်ခြမ်းရှိ နေရာ ၅ ခုသို့ လျှပ်စစ်မီး ပေးပို့မှုများကို ဖေဖော်ဝါရီ ၅ရက် နံနက်က စတင်ဖြတ်တောက်ခဲ့သည်။
