Connect with us

Hi, what are you looking for?

သတင်း

ထိုင်းက ဖမ်း၀ရမ်းထုတ်ထားတဲ့ BGF အမှတ်(၄)တပ်နယ်မှူးစောမုတ်သုန် ရာထူးတိုးနဲ့ မွေးနေ့ပွဲ စည်ကားစွာ ကျင်းပနေ

ထိုင်းနိုင်ငံက ဖမ်း၀ရမ်းထုတ်ထားတဲ့ မြ၀တီမြို့နယ်အခြေစိုက် ကရင်နယ်ခြားစောင့်တပ် (BGF) အမှတ်(၄)တပ်နယ်မှူး စောမုတ်သုန်က ဗိုလ်မှူးချုပ်အဆင့်ရာထူးတိုးပြီး ဂုဏ်ပြုပွဲအတူ မွေးနေ့ပွဲ အထိမ်းအမှတ်တွေ ပြုလုပ်နေတယ်လို့ ဒေသခံအချို့က ပြောပါတယ်။

(BGF အမှတ်(၄)တပ်နယ်မှူးစောမုတ်သုန် ရာထူးတိုးနဲ့ မွေးနေ့ပွဲမှာ ပိုက်ကျော်ခြင်းပြိုင်ပွဲကို တွေ့ရစဉ်။ ဓာတ်ပုံ - CJ)

စက်တင်ဘာ-၁၈၊၂၀၂၆။မိုမို/People’s Spring

ထိုင်းနိုင်ငံက ဖမ်း၀ရမ်းထုတ်ထားတဲ့ မြ၀တီမြို့နယ်အခြေစိုက် ကရင်နယ်ခြားစောင့်တပ် (BGF) အမှတ်(၄)တပ်နယ်မှူး စောမုတ်သုန်က ဗိုလ်မှူးချုပ်အဆင့်ရာထူးတိုးပြီး ဂုဏ်ပြုပွဲအတူ မွေးနေ့ပွဲ အထိမ်းအမှတ်တွေ ပြုလုပ်နေတယ်လို့ ဒေသခံအချို့က ပြောပါတယ်။

ပြီးခဲ့တဲ့ရက်သတ္တပတ်ကစပြီး ‌စောမုတ်သုန်အတွက် အထိမ်းအမှတ်အခမ်းအနား‌တွေကို BGF အမှတ်(၄) တပ်နယ်မှာ နေ့စဉ်ကျင်းပနေသလို ဘတ်သောင်းဂဏန်းမှ သိန်းဂဏန်း အထိ ဆုကြေးနဲ့ လောင်းကြေး တွေရှိခဲ့တဲ့ အလွတ်တန်းပိုက်ကျော်ခြင်းပြိုင်ပွဲကျင်းပခဲ့တယ်လို့ ဆိုပါတယ်။

“တပ်နယ်မှူးကနေ စစ်ဒေသမှူး ဖြစ်သွားတယ်။အရင် ဗိုလ်မှူးကြီးကနေ ဗိုလ်မှူးချုပ်အဆင့် ဖြစ်သွားတယ်။နောက်ပြီးသူ့မွေးနေ့ နဲ့ကလည်း ကပ်နေတော့ သူနဲ့ဆက်စပ်တဲ့သူတွေဆို ပိုက်ဆံတွေပါကြဲတာရှိတယ်”လို့ မြ၀တီမြို့ခံတစ်ဦးက ပြောပါတယ်။

Public Service Announcement

Public Service Announcement

ဒါ့အပြင် အလွတ်တန်းပိုက်ကျော်ခြင်းပြိုင်ပွဲ အတွက်လည်း စောမုတ်သုန် တက်ရောက်တာမတွေ့ရပေမယ့် BGF ထိပ်‌ပိုင်းခေါင်းဆောင်းတချို့ ရောက်လာခဲ့ပြီး စောချစ်သူရဲ့သား စောချစ်ချစ် အပါအ၀င် BGF အမှတ်(၄) တပ်နယ်အရာရှိတွေက ‌ဘတ်သောင်းဂဏန်းကနေ ကျပ်သိန်း ရာနဲ့ချီ ဆုပေးခဲ့တယ်လို့ မြေပြင် အခြေအနေမြင်ခဲ့သူက ပြောပါတယ်။

“မြန်မာ့ပိုက်ကျော်ခြင်းလောက တစ်လျှောက်မှာ အခုလောက် ပိုက်ဆံတွေ ပလူပျံတာ တခါမှမရှိခဲ့ဘူး။BGF ခေါင်းဆောင်ပိုင်းတချို့က ပိုက်ကျော်ခြင်း ဝါဿနာပါတာနဲ့ အခု အထိမ်းအမှတ်အချိန်နဲ့တိုက်ဆိုင်သွားတာ လည်းပါတယ်”လို့ သူက ပြောပါတယ်။

စစ်တပ်ရဲ့ဖွဲ့စည်းပုံအရ နယ်ခြားစောင့်တပ်တွေရဲ့ ရာထူးအကြီးဆုံးက ဗိုလ်မှူးကြီးအဆင့်ကအမြင့်ဆုံးဖြစ်ပေမယ့် BGFတပ်ဖွဲ့က ကရင်အမျိုးသားတပ် (KNA)အဖြစ် အသွင်းပြောင်းပြီးနောက် ထိပ်ပိုင်းခေါင်းဆောင်တွေက ရာထူးတွေကို သတ်မှတ်ရယူတာလို့ သိရပါတယ်။

” စောချစ်သူတို့ KNA ပြောင်းတော့ ရာထူးတွေက စစ်တပ်က ခန့်ပေးတာမဟုတ်တော့ပဲ ကိုယ့်ဘာသာကိုယ်ခန့်နဲ့ စောချစ်သူက ဗိုလ်ချုပ်အဆင့်ထိ ဖြစ်သွားပါတယ်။မုတ်သုန်တို့ BGF က KNA ကို အများအမြင်မှာ တရား၀င်အရ မပြောင်းပေမယ့် တကယ်တမ်းတော့ နောက်ကွယ်မှာ KNA ဖွဲ့စည်းပုံအတိုင်း လိုက်ပါပြောင်းလဲနေပါတယ်။ ဒါကြောင့် မုတ်သုန်က စစ်ဒေသမှူးဆိုတော့ ဗိုလ်မှူးချုပ်ရာထူးပေးလိုက်တာပါ”လို့ BGF တပ်အခြေအနေကို နားလည်သိရှိသူက ပြောပါတယ်။

စောမုတ်သုတ်ဟာ ထိုင်းနိုင်ငံမှာ လူစုလူဝေးပြုလုပ်မှု နဲ့ လူကုန်ကူးမှုတွေ ပြုလုပ်တာကြောင့် အခုနှစ် ဇူလိုင် ၂၇ ရက်မှာ ဘန်ကောက်မြို့ ထိုင်းရာဇဝတ်တရားရုံးက ဖမ်းဝရမ်းအမိန့်ထုတ်ပြန်ခဲ့ပါတယ်။

ဗိုလ်မှူးကြီးစောမုတ်သုန်ဟာ ထိုင်း-မြန်မာ နယ်ခြားကော်မတီမှာလည်းပါဝင်သူတစ်ဦး ဖြစ်ပါတယ်။ စောချစ်သူတို့ BGF တပ်ဖွဲ့က ကရင်အမျိုးသားတပ် (KNA)က အသွင်းပြောင်းတဲ့အထဲမှာလိုက်ပါပြောင်းလဲခြင်းမရှိပဲ စစ်တပ်လက်အောက်ခံအဖြစ်နဲ့သာ ဆက်ရှိနေခဲ့သူဖြစ်ပါတယ်။

ဒါ့အပြင် မြ၀တီမြို့ပေါ်ရပ်ကွက်နဲ့ မြ၀တီတောင်ဘက် စောမုတ်သုန်ထိန်းချုပ်တဲ့ အင်ကြင်းမြိုင်၊ မဲထော်သလေးရွာတွေဘက်မှာရှိတဲ့ အွန်လိုင်းလိမ်လည်မှု(ကျားဖြန့်)တွေဟာ စောမုတ်သုန်လက်အောက်ခံ BGF တပ်ဖွဲ့ဝင်တွေရဲ့အကာအကွယ်နဲ့ ကျယ်ပြန့်စွာ ဆက်လက်လည်ပတ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒါ့အပြင် တရားမဝင် ထိုင်းကုန်သွင်းယူတာတွေ၊ လောင်းကစားလုပ်ငန်းတွေ စတဲ့ ရာဇဝတ်မှု လုပ်ငန်း၊မှောင်ခိုလုပ်ငန်းတွေကိုလည်း လုပ်ကိုင်နေတယ်လို့ဒေသခံအချို့က ဆိုပါတယ်။ ဒါပေမယ့် ရာဇဝတ်မှုလုပ်ငန်းတွေက ရရှိလာတဲ့ငွေတွေနဲ့ အလှူအတန်းတွေကို လုပ်ပြနေလေ့ရှိပြီး ငြိမ်းချမ်းရေးစကားကိုလည်း တွင်တွင်ပြောနေသူတစ်ဦးလည်းဖြစ်တယ်လို့ ဒေသတွင်း သတင်းရင်းမြစ်အချို့က ပြောပါတယ်။

လက်ရှိ မြ၀တီမြို့တောင်ဘက်က ဖလူး၊ မင်းလက်ပံဒေသမှာ စစ်တပ်ရဲ့ စစ်ရေးလှုပ်ရှားမှုတွေမှာလည်း ဗိုလ်မှူးကြီးစောမုတ်သုန်တို့ BGF တပ်နယ်(၄)အဖွဲ့က စစ်တပ်နဲ့ပေါင်းပြီး တော်လှန်ရေးတပ်တွေကိုတိုက်ခိုက်နေတာဖြစ်တယ်။

ကရင်နယ်ခြားစောင့်တပ် (BGF)ရဲ့ခေါင်းဆောင် ဗိုလ်မှူးကြီး စောချစ်သူနဲ့ဒုတိယဗိုလ်မှူးကြီး စောမုတ်သုန်၊ ဗိုလ်မှူးစောတင်ဝင်းတို့ကို ဖမ်းဝရမ်း ထုတ်နိုင်ဖို့အတွက် ထိုင်းအထူးထောက်လှမ်းရေး ဌာန (DSI)က ၂၀၂၅ နှစ်ဆန်းပိုင်းမှာ အထောက်အထားတွေနဲ့အတူ ထိုင်းရှေ့နေချုပ်ရုံးဆီ တင်ပြ တောင်းဆိုခဲ့ဖူးပါတယ်။

၂၀၂၅ ဖေဖော်ဝါရီတုန်းကလည်း DSI ဟာ BGF ခေါင်းဆောင် ၃ဦးကို နိုင်ငံခြားသားတွေအပေါ် လူကုန်ကူးတဲ့ ရာဇဝတ်မှုတွေနဲ့ ဆက်နွယ်ပတ်သက်ကြောင်း စွပ်စွဲပြီး ဖမ်းဝရမ်း ထုတ်နိုင်ဖို့ တင်ပြခဲ့ဖူးပေမယ့် အထောက်အထား မခိုင်လုံလို့ဆိုတဲ့ အကြောင်းပြချက်နဲ့ ပယ်ချခံခဲ့ရပါတယ်။

ထိုင်းအစိုးရဟာ အမေရိကန် FBI နဲ့ ကျားဖြန့်တိုက်ဖျက်ရေးအပါအဝင် နယ်စပ်ဖြတ်ကျော်ရာဇဝတ်မှုတွေတိုက်ဖျက်ရေးအတွက် ပိုမိုပူးပေါင်းဆောင်ရွက်ကြဖို့ မကြာသေခင်ကသဘောတူညီမှုရရှိထားပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ထိုင်းမှာ နိုင်ငံခြားသား ရွှေ့ပြောင်း အခြေချသူတွေအတွက် တရားမဝင် မှတ်ပုံတင် လုပ်ပေးမှုနဲ့ ဆက်စပ်ပြီး လူ ၂၇ ဦးကို ရဲတွေက ဖမ်းဆီးလိုက်ပါတယ်။

နိုင်ငံတကာ

ထိုင်းနိုင်ငံရဲ့ဗီဇာစည်းမျဉ်းအပြောင်းအလဲတွေဟာ ဒီနေ့ (စက်တင်ဘာ ၁၅ ရက်)မှာစတင် အသက်ဝင်လာပြီ ဖြစ်ပါတယ်။

နိုင်ငံတကာ

ထောင်မကျချင်လို့ ထွက်ပြေးလာတဲ့ တရုတ် အမျိုးသမီး တစ်ဦးကို ထိုင်းအာဏာပိုင်တွေက ဘန်ကောက်မြို့တော်မှာ ဖမ်းဆီးရမိခဲ့ကြောင်း သိရပါတယ်။

နိုင်ငံတကာ

ပြည်သူ့စစ်မှုထမ်း လူငယ်တစ်ဦး သေဆုံးမှုနဲ့ ပတ်သက်ပြီး စုံစမ်းစစ်ဆေးမှုတွေအတွက် အစွမ်းကုန် ပူးပေါင်း ကူညီမယ်လို့ ထိုင်းစစ်တပ်က ကတိပြုခဲ့ပါတယ်။