ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံထူထောင်နိုင်ရေး တော်လှန်ရေးအင်အားစုများနှင့် ပူးပေါင်းတိုက်ပွဲ ဝင်မည်ဟု တအာင်း TPCC ကြေညာ
ဟန်နွေ/People’s Spring
ပြည်နယ်အားကောင်းရေးမှ ပြည်ထောင်စုအားကောင်းရေး” (Bottom-up Federalism Approach) အခြေခံချည်းကပ်မှုဖြင့်သာ တိုင်းပြည်ကို ပြန်လည်တည်ဆောက်သွားနိုင်ရေးကြိုးပမ်းသွားမည်ဖြစ်ရာ အဆိုပါဆုံးဖြတ်ချက်၌ အခြားတော်လှန်ရေး အင်အားစုများပါဝင်ရေး ညှိနှိုင်းနေကြောင်း ကရင်နီအမျိုးသားတိုးတက်ရေးပါတီ(KNPP)အတွင်းရေးမှူး ဦးအောင်ဆန်းမြင့်က ပြောသည်။
KNPPအပါအဝင် တိုင်းရင်းသားတော်လှန်ရေးတပ်ဖွဲ့များနှင့် ပြည်နယ်၊ လူမျိုးကိုယ်စားပြုဖက်ဒရယ်ကောင်စီများ စုစုပေါင်းအဖွဲ့ ၉ဖွဲ့ ပူးပေါင်း၍ ယနေ့(ဖေဖော်ဝါရီ ၁၂ရက်) ကြေညာချက် ထုတ်ပြန်ခဲ့ရာ ယင်းထုတ်ပြန်မှုဆုံးဖြတ်ချက်တွင် အခြားကျန်နေသည့် တော်လှန်ရေးအင်အားစုများ ပါဝင်ရေး ညှိနှိုင်းနေမှုကို ဦးအောင်ဆန်းမြင့်က ပြောသည်။

Public Service Announcement
“ကျနော်တို့ Bottom-up Federalism Approachပေါ့နော် ဒီချဉ်းကပ်မှုနဲ့ သွားမယ်ဆိုတာကို NUGနဲ့လည်းကျနော်တို့က သဘောထားဆုံးဖြတ်ချက်တွေလုပ်ပြီးသား ဖြစ်တယ်။ NUCCထဲမှာလည်း ဟိုးတနေ့က ထုတ်ပြန်ကြေညာချက်ထဲမှာလည်း Bottom-up Federalism နဲ့သွားမယ်ဆိုတာကို သူတို့ အတိအလင်း ဖော်ပြထားပြီးသားဖြစ်တယ်။ဆိုတော့ကျနော်တို့ အခုသွားနေတဲ့ ဒီ TC ပေါ့ Transitional constitution အ စား Governing Document (အုပ်ချုပ်ရေးစာတမ်း) ရေးနေတာရှိတယ်။ Governing Documentကို Articles of Federal Transitional Arrangement(ဖက်ဒရယ်အသွင်ကူးပြောင်းရေး အစီအမံဆိုင်ရာ အခြေခံဥပဒေ) AFTA ဆိုပြီးမှ ကျနော်တို့ ခေါ်တာရှိတယ်။ အဲဒါကျတော့ ဒီ constitution ကဲ့သို့ သက်ရောက်မှုရှိတဲ့ Governing Document တခုပေါ့။အဲဒီမှာ ကျနော်တို့ ၉ဖွဲ့က စတိတ်မန့်မှာ ဖော်ပြတဲ့ ကိုးဖွဲ့ကနေ စလုပ်တယ်။ လုပ်ပြီးတော့မှ NUCC ရဲ့ TCWG ပေါ့နော် အလုပ်အဖွဲ့ပေါ့အသွင်ကူးပြောင်းရေးကာလ ဖွဲ့စည်းပုံရေးဆွဲရေးအလုပ်အဖွဲ့နဲ့ ပေါင်းပြီးမှ ရေးနေတာ ဖြစ်တာပေါ့” ဟု ပူးတွဲကြေညာချက် ပြောရေးဆိုခွင့်ရှိသူလည်းဖြစ်သည့် ဦးအောင်ဆန်းမြင့်က ပြောသည်။
ယနေ့ ပူးတွဲကြေညာချက်တွင် ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP)၊ ကရင်အမျိုးသားအစည်းအရုံး (KNU)၊ ချင်းအမျိုးသားတပ်ဦး (CNF)၊ မွန်ပြည်သစ်ပါတီ (စစ်အာဏာရှင်ဆန့်ကျင်ရေး) (NMSP-AD)၊ ကရင်နီပြည်နယ် အတိုင်ပင်ခံကောင်စီ (KSCC)၊ ပအိုဝ်းအမျိုးသားဖက်ဒရယ်ကောင်စီ (PNFC)၊ မွန်ပြည်နယ် ဖက်ဒရယ်ကောင်စီ (MSFC)၊ တအာင်းနိုင်ငံရေးအတိုင်ပင်ခံကော်မတီ (TPCC)၊ အမျိုးသမီးများအဖွဲ့ချုပ် (မြန်မာနိုင်ငံ) – WLB စသည့် အဖွဲ့ ၉ဖွဲ့သာ ဖော်ပြထားသော်လည်း အခြားအဖွဲ့အစည်းများနှင့် ညှိနှိုင်းဆောင်ရွက်နေကြောင်း ဦးအောင်ဆန်းမြင့်က ရှင်းပြသည်။
“ဆိုလိုချင်တာက ကျနော်တို့က ဗဟိုအခြေပြု ဖက်ဒရယ်စနစ်ပေါ့နော် centeralizationကို အားပြုတဲ့ နိုင်ငံတော်ချဉ်းကပ်မှု ပုံစံနဲ့တော့ ကျနော်တို့ ဘယ်လိုမှ လက်ခံတော့မှာ မဟုတ်ဘူး သွားမှာမဟုတ်ဘူး။ နှစ်ပေါင်း ၇၀ ကျော် ကျနော်တို့ခံစားလာခဲ့ကြပြီးပြီ။ ဒါကြောင့်မို့လို့ ကျနော်တို့က ပြည်နယ်တွေကနေပြီးမှ အားကောင်းကောင်းနဲ့ စုဖွဲ့တဲ့ ပြည်ထောင်စုမျိုးကို လိုချင်တယ်။ အဲဒီအတွက်ကြောင့် ပြည်နယ်အားကောင်းရေးမှ ပြည်ထောင်စုအားကောင်းရေး အခြေခံချဉ်းကပ်မှုနဲ့ သွားမယ်ဆိုတာကို အတိအလင်းထုတ်ပြန်တာဖြစ်တယ်။ နောက်ပြီး အသွင်ကူးပြောင်းရေးကာလ အတွက်လည်း Bottom-up အခြေခံတဲ့ AFTAနဲ့သွားမယ်ဆိုတာကို အတိအလင်းထုတ်ပြန်တာဖြစ်ပါတယ်။” ဟု ဦးအောင်ဆန်းမြင့်က ပြောသည်။
“ပြည်နယ် အားကောင်းရေး မှ ပြည်ထောင်စုအားကောင်းရေး”ချည်းကပ်မှုဖြင့် တော်လှန်ရေးကာလ/ကြားကာလမှ စတင်ကာ အနာဂတ်ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု ကို လက်တွေ့တည်ဆောက် အကောင်အထည်ဖော်ဆောင်သွားမည် ဖြစ်သည်ဟု ဆိုသည်။
ဗဟိုချုပ်ကိုင်မှုစနစ်သည် အစိုးရအဆက်ဆက်၏ ဆယ်စုနှစ် ခုနှစ်ခုကျော်တိုင် တည်ရှိနေသည့် နက်ရှိုင်းသော နိုင်ငံရေး ပြဿနာများကို မဖြေရှင်းနိုင်ရုံမက နောက်ဆက်တွဲ ပိုမိုရှုပ်ထွေးသည့် ထပ်ဆင့် ပြဿနာများကို ဖြစ်ပေါ်စေသည်မှာ ပကတိအရှိတရားပင် ဖြစ်သည်ဟုလည်း ဖော်ပြသည်။
ယခု ပူးတွဲကြေညာချက်၌ ပါဝင်ခဲ့သော TPCCကလည်း ယနေ့တွင် အဖွဲ့၏ နှစ်ပတ်လည်အစည်းအဝေးအပြီး ကြေညာချက်ကို ထုတ်ပြန်ခဲ့ရာ TPCCသည် စစ်အာဏာရှင်စနစ်ချုပ်ငြိမ်းရေးနှင့် ဖက်ဒရယ် ဒီမိုကရေစီနိုင်ငံတည်ဆောက်နိုင်ရေးအတွက် နွေဦးတော်လှန်ရေးတွင်ပါဝင်သော အစုအဖွဲ့များ၊ တိုင်းရင်းသား တော်လှန်ရေးအင်အားစုများနှင့်အတူ ပူးပေါင်းပါဝင်ပြီး တော်လှန်တိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်း သဘောထားဖော်ပြခဲ့သည်။
ထို့ပြင် ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး/တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် PSLF/ TNLA မှ ၁၀၂၇ စစ်ဆင်ရေး အပိုင်း(၁)နှင့်(၂)အတွင်း ရရှိခဲ့သော မြို့(၁၂)မြို့နယ်ကို စီမံအုပ်ချုပ်ရာ၌ အရပ်ဘက် အုပ်ချုပ်ရေးကိုဦးတည်အကောင်အထည်ဖော်မည့် အစိုးရတစ်ရပ်အမြန်ဆုံးပေါ်ထွန်းနိုင်ရေးအတွက် တအာင်း ပြည်နယ်ဖွဲ့စည်းပုံမူကြမ်းရေးဆွဲရေးကော်မတီမှ ရေးဆွဲထားသည့် တအာင်းပြည်တော်လှန်းရေးကာလအစိုးရ အစီအမံကို ဆွေးနွေးပြင်ဆင်ဖြည့်စွက် သုံးသပ်ခဲ့ပြီး အစီအမံကို ဆက်လက်အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေး ရှေ့လုပ်ငန်းစဉ်များ သဘောတူခဲ့ကြောင်း TPCCက ထုတ်ပြန်ခဲ့သည်။


















































