မကွေးတိုင်း၊ ငဖဲမြို့နယ်ရှိ စစ်ကောင်စီ၏ နတ်ရေကန် လေကြောင်းရန်ကာကွယ်ရေးတပ်မှ လက်နက်ခဲယမ်းများတင်ဆောင်လာသော ယာဥ်တန်းအား တိုက်ခိုက်ခဲ့ရာ ကားတစ်စီးပျက်စီးပြီး တစ်စီးမီးလောင်သွားကြောင်း ချင်းကာကွယ် ရေးတပ်-အရှို(CDF – Asho)မှ ပြန်ကြားရေးတာဝန်ခံက လူထုနွေဦးသို့ ပြောသည်။
ဖေဖော်ဝါရီ၂၂ ရက်နေ့ နေ့လယ် ၁နာရီခွဲခန့်တွင် လေကြောင်းရန်ကာကွယ်ရေးတပ်မှ လက်နက်ခဲယမ်းများတင်ဆောင်၍ အင်အား ၁၀၀ခန့်လိုက်ပါလာသော စစ်ကောင်စီတပ်ယာဥ်လေးစီးအား ပျဥ်းဝစစ်ဆေးရေးဂိတ်အနောက်ဘက် မီတာ ၃၀၀၀ ခန့်အကွာ၌ တိုက်ခိုက်ခဲ့ခြင်းဟု CDF အရှိုက အသိပေးသည်။
တိုက်ခိုက်မှုအတွင်း ယာဥ်တစ်စီးပျက်စီးကာ ထိုးရပ်သွားပြီး နောက်ထပ်ယာဥ်တစ်စီးမှာ မီး လောင်သွားခဲ့ကြောင်း CDFက ဆိုသည်။ ထို့အပြင် စစ်ကောင်စီတပ်သားခုနစ်ဦးပွဲချင်းပြီးသေဆုံး၍ ဒဏ်ရာရသူများလည်း အများအပြားရှိကြောင်း ဖော်ပြသည်။

Public Service Announcement
အဆိုပါယာဥ်များအား ရှင်းလင်းရေးဆောင်ရွက် စဥ် တော်လှန်ရေးရဲဘော်တစ်ဦးကျဆုံးခဲ့ရကာ တစ်ဦးထိခိုက်ဒဏ်ရာရသွားပြီး စစ်ကောင်စီတပ်သားများထံမှ သေနတ်လေးလက်နှင့် ခဲယမ်းများသိမ်းရခဲ့ကြောင်း CDF အရှိုက အသိပေးသည်။
“ကျန်ကားတွေလည်း ချက်ချင်းမောင်းထွက်မသွားနိုင်ပါဘူး။ မြေပြန့် ပဒါန်းဘက်ကနေ ကရိန်းကားတွေ၊ ဆွဲကားတွေရောက်လာပြီးတော့မှ တိုက်ပွဲဖြစ်ပြီး ၃နာရီလောက်အထိ ပြန်ထွက်မသွားနိုင်ခဲ့ပါဘူး။ တချို့လာတဲ့ကားတွေ ပြန်ဆင်းတာ၊ ထပ်တက်လာတာရှိသလို အဲဒီလမ်းပိုင်းကို လုံခြုံရေးတင်းကြပ်ပြီးတော့ ရှင်းလင်းရေးလုပ်နေတာမျိုးတွေ ခုထိဆက်ရှိနေပါသေးတယ်”ဟု စစ်ကောင်စီလှုပ်ရှားမှုအခြေါနေကို CDF အရှိုမှ ပြန် ကြားရေးတာဝန်က လူထုနွေဦးသို့ ပြောသည်။
လတ်တလောတွင် ငဖဲမြို့နယ်ရှိ စစ်ကောင်စီ၏ နတ်ရေကန်ဗျူဟာကုန်းကို အာရက္ခတပ်တော် (AA)က စခန်းသိမ်းတိုက်ပွဲဆင်နွှဲလျက်ရှိပြီး ယင်းဗျူဟာသို့ တပ်ကူသွားသည့် ယာဥ်တန်းနှင့် တပ်ပြန်ဆုတ်လာသည့်ယာဥ်တန်းများကိုလည်း အရှိုချင်းကာကွယ်ရေးတပ် ACDF ၊ ချင်းကာကွယ်ရေးတပ်-အရှို(CDF-Asho)စသည့် ဒေသကာကွယ်ရေးတပ်ဖွဲ့များက ဖြတ်တောက်တိုက်ခိုက်မှုများ လုပ်ဆောင်လျှက်ရှိသည်။






















































