ဇွန်-၂၊ ၂၀၂၅။ ကျော်ဇော/People’s Spring
ရဲဘော်များအပါအဝင် ဒေသခံပြည်သူများ ရာသီတုပ်ကွေးနှင့် ငှက်ဖျားရောဂါအဖြစ်များလာ၍ ဆေးဝါးအကူအညီများလိုအပ်နေကြောင်း အရှိုချင်းကာကွယ်ရေးတပ်(CDF-Asho)ကအကူ အညီတောင်းခံလိုက်သည်။
မိုးဦးကာလရောက်လာသည်နှင့်အညီ ရဲဘော်များသာမက စစ်ဆင်ရေးလှုပ်ရှားရာနယ်မြေဒေသရှိ ပြည်သူများမှာ ရာသီတုပ်ကွေးနှင့် ငှက်ဖျားရောဂါ ပိုမိုဖြစ်ပွားလာရာ မေလတစ်လတည်းတွင် ရဲဘော်နှင့် ပြည်သူအယောက် ၃၀ ကျော်ယင်းရောဂါများဖြစ်ပွားခဲ့သည်ဟုCDF-Asho ကအသိပေးသည်။
“ရဲဘော်တွေအပြင်အရပ်သားပြည်သူများ ကုသပေးရမှုအပိုင်းမှာ မွေးကင်းစကလေးကိုယ်ဝန် ဆောင်နှင့် သက်ကြီးရွယ်အိုတွေအထိပါ ကုသပေးနေရတာမို့ တတ်နိုင်သမျှ ဆေးဝါးဝယ်ယူမှု ပူးပေါင်းပံ့ပိုးပေးဖို့ မေတ္တာရပ်ခံပါတယ်”ဟုတပ်ဖွဲ့တာဝန်ရှိသူက လူထုနွေဦးသို့ ပြောသည်။

Public Service Announcement
လက်ရှိတွင် CDF-Asho စစ်ရေးလှုပ်ရှားရာဒေသများ၌ ရနိုင်သမျှ ဆေးဝါးစုဆောင်း၍ အထိုင်ဆေးခန်းအပြင် ရွေ့လျားစနစ်ဖြင့် ကုသမှုပေးနေပြီး ယခုရက်ပိုင်း ကုသမှုခံယူနေရသူ ၁၀ ဦးကျော်ရှိကြောင်း ၎င်းက ဆက်ပြောသည်။
ထို့ကြောင့် ငှက်ဖျားဆေးများနှင့် အခြားဆေးဝါးများ ဝယ်ယူရန်လိုအပ်နေသောကြောင့် မိဘပြည်သူများထံ အကူအညီတောင်းခံရခြင်းဖြစ်ပြီး၊လတ်တလောတွင် ရာသီတုပ်ကွေးနှင့် ငှက်ဖျားရောဂါကိုဒေသခံပြည်သူများအပါအဝင်ရှေ့တန်းရောက်တော်လှန်ရေးရဲဘော်များပါ ခံစားနေရကြောင်း CDF-Asho က အသိပေးထားသည်။
အရှိုချင်းကာကွယ်ရေးတပ် CDF-Asho တပ်ဖွဲ့သည် မကွေးတိုင်း၊ မင်းဘူးခရိုင်၊ မင်းဘူးမြို့ နယ်တွင်အခြေစိုက်လှုပ်ရှားနေသည့် တော်လှန် ရေးတပ်ဖွဲ့တစ်ခုဖြစ်ပြီး မင်းဘူး-အမ်းလမ်းပိုင်း ၌ စစ်ကောင်စီတပ်များကို မကြာခဏတိုက်ခိုက်နေသည့် တပ်ဖွဲ့တစ်ခုလည်း ဖြစ် သည်။


















































