Connect with us

Hi, what are you looking for?

သတင်း

နယ်စပ်ဖြတ်ကျော် ကျားဖြန့်ဂိုဏ်း တစ်ခုကို ထိုင်းရဲတပ်ဖွဲ့ ဖော်ထုတ်၊ မြန်မာ ၃ ဦး အဖမ်းခံရ

ခေတ်မီ နည်းပညာတွေကို အသုံးချပြီး လုပ်ငန်း လည်ပတ်နေတဲ့ နယ်စပ်ဖြတ်ကျော် ငွေလိမ်ဂိုဏ်း (ကျားဖြန့်) ကွန်ရက် တစ်ခုကို ဖော်ထုတ်ပြီး မြန်မာနိုင်ငံသား အဖွဲ့ဝင် ၃ ဦးကို ဖမ်းဆီးရမိခဲ့ကြောင်း ထိုင်းရဲတပ်ဖွဲ့က ပြောပါတယ်။

Khaosod

ခေတ်မီ နည်းပညာတွေကို အသုံးချပြီး လုပ်ငန်း လည်ပတ်နေတဲ့ နယ်စပ်ဖြတ်ကျော် ငွေလိမ်ဂိုဏ်း (ကျားဖြန့်) ကွန်ရက် တစ်ခုကို ဖော်ထုတ်ပြီး မြန်မာနိုင်ငံသား အဖွဲ့ဝင် ၃ ဦးကို ဖမ်းဆီးရမိခဲ့ကြောင်း ထိုင်းရဲတပ်ဖွဲ့က ပြောပါတယ်။

အဲဒီ ကျားဖြန့်ဂိုဏ်းဟာ ရင်းနှီးမြှုပ်နှံမှု အတုတွေကို ဖန်တီးပြီး မြန်မာနိုင်ငံ အခြေစိုက် တရုတ် ဒုစရိုက်ဂိုဏ်း ခေါင်းဆောင် တစ်ဦးအတွက် တစ်လကို ပျမ်းမျှ ဘတ် ၁ ဘီလီယံ၊ တစ်နည်းအားဖြင့် အမေရိကန်ဒေါ်လာ သန်း ၃၀ လောက်ထိ ရှာဖွေပေးနေတယ်လို့ သိရပါတယ်။

ထိုင်းရဲတပ်ဖွဲ့ဟာ Skyfallလို့ နာမည်ပေးထားတဲ့ စစ်ဆင်ရေးကို အကောင်အထည်ဖော်ပြီး အဲဒီကွန်ရက်ကို ခြေရာခံ စုံစမ်းခဲ့တာ ဖြစ်ပါတယ်။ ဒုစရိုက် ဂိုဏ်းသားတွေဟာ ထိုင်း၊ ကမ္ဘောဒီးယားနဲ့ မြန်မာ ပိုင်နက်တွေထဲမှာ Huione Pay အကောင့်တွေ ဖွင့်ပြီး လုပ်ငန်း လည်ပတ်နေခဲ့တယ်လို့ ဆိုပါတယ်။

သူတို့က အယောင်ဆောင် ဖွင့်လှစ်ထားတဲ့ ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းတွေမှာ များပြားတဲ့ အကျိုးအမြတ်မျိုး ပေးမယ်လို့ ကမ်းလှမ်းတာကို ယုံစားမိတဲ့ သားကောင်တွေ နစ်နာဆုံးရှုံးခဲ့တာကလည်း ဘတ်ငွေသန်းနဲ့ချီ များပြားခဲ့တယ်လို့ ထိုင်းရဲတပ်ဖွဲ့ရဲ့ ဗဟိုထောက်လှမ်းရေး ဗျူရို (CIB) အကြီးအကဲ ဒုတိယ ရဲချုပ် ဂျီရာဖော့ ဖူရီဒက်ဂျ်က ပြောပါတယ်။

Public Service Announcement

Public Service Announcement

Facebookပေါ်မှာ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ကမ်းလှမ်းထားတဲ့ စာမျက်နှာတွေကို စိတ်ဝင်တစား ချိတ်ဆက်မိရာက ငွေလိမ်ခံရသူတွေရဲ့ တိုင်ကြားမှုကြောင့် ထိုင်းရဲတပ်ဖွဲ့ရဲ့ ဆိုက်ဘာ ရာဇဝတ်မှု စုံစမ်းရေး ဗျူရိုက အဲဒီကွန်ရက်ကို စတင် ခြေရာခံ စုံစမ်းခဲ့ပါတယ်။ အဲဒီ Facebook စာမျက်နှာတွေမှာတော့ ရင်းနှီးမြှုပ်နှံသူတွေက ၁၀ ရာခိုင်နှုန်း အမြတ်ရပြီးတဲ့နောက် ငွေကြေးတွေကို အောင်အောင်မြင်မြင် ပြန်ထုတ်ယူသွားနိုင်ကြောင်း ထောက်ခံတဲ့ ပို့စ်တွေ ရေးသားထားလေ့ ရှိပါတယ်။ ဒါပေမဲ့ အဲဒါတွေ အကုန်လုံးက အတုအယောင် ထောင်ချောက်တွေပါ။

သားကောင်ဖြစ်ခဲ့သူတွေ အားလုံးလိုလိုက ကနဦး ရင်းနှီးမြှုပ်နှံမှုတွေမှာ အဆင်ပြေပြေနဲ့ ငွေပြန်အမ်းလေ့ ရှိပေမယ့် အဲဒီကနေတဆင့် လောဘတက်ပြီး ရင်းနှီးမြှုပ်နှံငွေကို တိုးမြှင့်လိုက်တဲ့ အခါမျိုးတွေမှာ ငွေလိမ်ခံရတာ ဖြစ်တယ်လို့ ရဲတွေဆီ ထွက်ဆိုခဲ့ပါတယ်။

လူလိမ်တွေဟာ ငွေကြေး ရင်းနှီးမြှုပ်နှံသူတွေကို Ulela Maxဆိုတဲ့ appတစ်ခု download လုပ်ခိုင်းလေ့ရှိပြီး အဲဒီ appကနေတဆင့် ထည့်ဝင်တဲ့ ငွေတွေကို ခရစ္စတို ငွေကြေးယူနစ်အဖြစ် ပြောင်းလဲ သိမ်းဆည်းလိုက်လေ့ ရှိတယ်လို့ သိရပါတယ်။ ပြီးရင် ခြေရာခံဖို့ ခက်မယ့် တခြား အကောင့်တွေဆီ ဖြန့်ဝေ လွှဲပြောင်းပေးလိုက်လေ့ ရှိပါတယ်။

စုံစမ်းမှုတွေအရ အဲဒီ ငွေကြေး လွှဲပြောင်းမှု အားလုံးရဲ့ နောက်ဆုံး လားရာဟာ ကမ္ဘောဒီးယားနိုင်ငံ၊ ပွိုင်ပက်မြို့မှာရှိတဲ့ ရုံးအဆောက်အအုံ တစ်ခုဆိုတာကို ထိုင်းရဲတွေက စုံစမ်း သိရှိခဲ့ပါတယ်။ အဲဒီရုံးကနေ နေ့စဉ် ထိုင်းဘတ်ငွေ သန်း ၂၀ ကနေ ၃၀ ကြားလောက်ထိ များပြားတဲ့ ငွေကြေးတွေကို မဲဆောက်မြို့မှာ ဖွင့်လှစ်ထားတဲ့ ထိုင်းဘဏ်တွေရဲ့ ငွေစာရင်းတွေထဲ ခွဲဝေပို့ဆောင်ခဲ့ပါတယ်။ အဲဒီကမှတဆင့် ဂိုဏ်းသားတွေက မဲဆောက်ဘဏ်တွေမှာ ငွေထုတ်ပြီး မြန်မာဖက်ခြမ်း၊ မြဝတီမြို့မှာ အခြေစိုက်တဲ့ သူတို့ရဲ့ ဂိုဏ်းချုပ်ဆီ ပို့ဆောင်ပေးလေ့ ရှိပါတယ်။

အထောက်အထားတွေ ခိုင်လုံလာတဲ့အခါ ရဲတွေက ထိုင်းဘဏ်အကောင့်တွေ ဖွင့်ထားတဲ့ နိုင်ငံသား ၂၄ ဦးနဲ့ မြန်မာ ၄ ဦးတို့အတွက် တရားရုံးဆီက ဖမ်းဝရမ်း လျှောက်ထားခဲ့ပါတယ်။ ဩဂုတ် ၇ ရက်နေ့မှာတော့ မဲဆောက်မှာ Skyfall စစ်ဆင်ရေးကို အကောင်အထည် ဖော်ခဲ့ပြီး အသက် ၅၀ ကျော် မြန်မာနိုင်ငံသား ၃ ဦးကို မဲဆောက်က နေအိမ်တစ်ခုမှာ ဖမ်းဆီးနိုင်ခဲ့ပါတယ်။ ပြီးတော့ မြန်မာဖက်ကို ထပ်ဆင့်ပို့ဆောင်ဖို့ စီစဉ်နေတဲ့ ထိုင်းဘတ်ငွေ ၄၆ သန်းကိုပါ သိမ်းဆည်းရမိခဲ့ပါတယ်။

အဖမ်းခံရသူတွေဟာ အမျိုးသား ၂ ဦးနဲ့ အမျိုးသမီး ၁ ဦးတို့ဖြစ်ပြီး ငွေကြေး လိမ်လည်မှု၊ ဒုစရိုက်ဂိုဏ်းတွေနဲ့ ဆက်နွှယ်ပတ်သက်မှု၊ ဒစ်ဂျစ်တယ် ရာဇဝတ်မှု၊ ငွေကြေးခဝါချမှု စွဲချက်တွေနဲ့ တရားစွဲဆို ခံရဖွယ် ရှိနေပါတယ်။ သူတို့ကတော့ စွဲချက်အားလုံးအတွက် အပြစ်မရှိဘူးလို့ ငြင်းဆိုထားပါတယ်။

ဂျီရာဖော့ကတော့ အဲဒီကွန်ရက်နဲ့ ဆက်စပ်နေတဲ့ နောက်ထပ် ဂိုဏ်းသားတွေကို စုံစမ်းနေသလို အပြည်ပြည်ဆိုင်ရာ ရဲတပ်ဖွဲ့ (အင်တာပိုလ်)ဆီကပါ အဲဒီဂိုဏ်းသားတွေကို ဖမ်းဝရမ်း ထုတ်အောင် ညှိနှိုင်း လုပ်ဆောင်သွားမယ်လို့ ပြောကြားခဲ့ပါတယ်။

ကိုးကား: Khaosod

ဆက်စပ်သတင်းများ

သတင်း

အာဏာသိမ်းခေါင်းဆောင်မင်းအောင်လှိုင် တရုတ်နိုင်ငံကိုရောက်ရှိနေစဉ်မှာ မူဆယ်နဲ့ နမ့်ခမ်းမြို့နယ်အတွင်း တရုတ်နိုင်ငံဖက်ခြမ်းကမြန်မာဘက်ကိုတိုးပြီး နယ်စပ်ခြံစည်းရိုးကာနေတာကို အရှိန် မြှင့်လုပ်​​လာတယ်လို့ ဒေသခံတွေကဒီက​နေ့မနက်ပိုင်းမှာပြောပါတယ်။

သတင်း

လူမျိုးတုံးသတ်ဖြတ်တဲ့ နိုင်ငံတကာစစ်ရာဇဝတ်မှုတွေကျူးလွန်နေတဲ့ စစ်တပ်ကို လက်နက်အပါအဝင် နိုင်ငံခြားဝင်ငွေ ရရှိအောင် လုပ်ဆောင်ပေးနေတဲ့ တရုတ်နိုင်ငံရဲ့ လုပ်ရပ်တွေကို ရှုတ်ချကြောင်း နဲ့ စစ်တပ်ကို ကူညီပေးမှုတွေကို ရပ်တန့်ဖို့ Justice For Myanmar-JFM ကတောင်းဆိုလိုက်ပါတယ်။

သတင်း

မြန်မာနိုင်ငံအတွင်းရှိတရုတ်လုပ်ငန်းများနဲ့ ဝန်ထမ်းများရဲ့ လုံခြုံရေးကို အထူးအလေးထားပြီး အစွမ်းကုန် အာမခံချက် ပေးသွားမယ်လို့ အာဏာသိမ်းစစ််ခေါင်းဆောင်းမင်းအောင်လှိုင်က တရုတ်သမ္မတကို ကတိပြုပါတယ်။

အတွေးအမြင်

ခါကာဘို ရေးသားသည်။ “ဂျပန်မှာ အလုပ်အကိုင်အခွင့်အလမ်းကောင်းတယ်၊ လစာကောင်းတယ်၊ အနာဂတ်ရှိတယ်” ဆိုတာ မြန်မာလူငယ်အများစု ကြားဖူးနေကျ စကားပါ။ အထူးသဖြင့်မြန်မာနိုင်ငံရဲ့လက်ရှိ အခြေအနေအရ ဂျပန်နိုင်ငံကို အလုပ်သွားလုပ်ဖို့၊ ကျောင်းသွားတက်ဖို့၊ ဒါမှမဟုတ် အခြေချနေထိုင်ဖို့ စဉ်းစားနေသူတွေ တိုးလာနေပါတယ်။ ဒါပေမယ့်တစ်ဖက်မှာစိတ်ဝင်စားစရာကောင်းတဲ့ အပြောင်းအလဲတစ်ခု ဂျပန်နိုင်ငံအတွင်း ဖြစ်ပေါ်နေပါတယ်။ ဂျပန်ဟာ...