ဒီဇင်ဘာ-၂၄၊၂၀၂၅။ People’s Spring
မြန်မာစစ်တပ်ဟာ အကြောက်တရား၊ ရန်လို အကြမ်းဖက်မှု၊ ဖိနှိပ်မှုတွေ ထူပြောနေတဲ့ အခြေအနေတစ်ခုမှာ ရွေးကောက်ပွဲ ကျင်းပဖို့ စီစဉ်နေတယ်လို့ ကုလသမဂ္ဂ(UN)က ဒီဇင်ဘာ ၂၃ရက် မနေ့က သတိပေး ပြောကြားခဲ့ပါတယ်။
မြန်မာပြည်သူတွေဟာ ရွေးကောက်ပွဲနဲ့ ပတ်သက်လို့ စစ်တပ်ရော၊ လက်နက်ကိုင် တော်လှန်ရေး အင်အားစုတွေဆီကပါ မတူညီတဲ့ ဖိအားပေးမှုတွေကြောင့် ကြားညပ်နေရတယ်လို့ UNက ဆိုပါတယ်။
ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး ဗိုလ်ကာတာ့ခ်က မြန်မာစစ်တပ် စိတ်တိုင်းကျ ခြယ်လှယ်ပြီး ပြုလုပ်မယ့် ရွေးကောက်ပွဲဟာ တရားမျှတမှုနဲ့ လွတ်လပ်မှု ကင်းမဲ့နေကြောင်း ထပ်လောင်း ပြောဆိုခဲ့ပါတယ်။ စစ်တပ်ဟာ မြန်မာပြည်သူတွေကို လွတ်လပ်စွာ ဆန္ဒဖော်ထုတ်ခွင့်၊ ငြိမ်းချမ်းစွာ စုဝေးခွင့်၊ နိုင်ငံရေးမှာ ပါဝင်ခွင့်တွေ မပေးဘဲ ရွေးကောက်ပွဲ ကျင်းပဖို့ စီစဉ်နေတယ်လို့ တက်ခ်က ပြောပါတယ်။

Public Service Announcement
၂၀၂၀ ရွေးကောက်ပွဲမှာ အနိုင်ရခဲ့တဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) အပါအဝင် နိုင်ငံရေးပါတီ အတော်များများဟာ စစ်တပ် ဦးဆောင်မယ့် ရွေးကောက်ပွဲကနေ တားမြစ်ခံရတာ၊ ဒါမှမဟုတ် သပိတ်မှောက်တာတွေကြောင့် ပါဝင်မှာ မဟုတ်ပါဘူး။ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် ထင်ရှားတဲ့ နိုင်ငံရေးခေါင်းဆောင် အများအပြားဟာလည်း စစ်တပ်ရဲ့ မတရား ဖမ်းဆီး အကျဉ်းချမှုကို ခံနေရဆဲ ဖြစ်ပါတယ်။
ကုလသမဂ္ဂ လူ့အခွင့်အရေးရုံးက ပြီးခဲ့တဲ့ ရက်ပိုင်းတွေအတွင်း မြန်မာနိုင်ငံမှာ ပြည်သူတွေ ဒါဇင်အတော်များများဟာ စစ်တပ်က အသစ်ပြဋ္ဌာန်းခဲ့တဲ့ ရွေးကောက်ပွဲ ကာကွယ်ရေး ဥပဒေကြောင့် ဖမ်းဆီးခံခဲ့ရကြောင်း ပြောပါတယ်။ ရန်ကုန်မှာတော့ ရွေးကောက်ပွဲ ဆန့်ကျင်ရေး စာရွက်တွေ လိုက်ကပ်ခဲ့တာကြောင့် လူငယ် ၃ ဦးဟာ ထောင်ဒဏ် ၄၂ နှစ်ကနေ ၄၉ နှစ်ကြား ချမှတ် ခံခဲ့ရကြောင်း သိရပါတယ်။
အလားတူ ရုပ်ရှင်ဒါရိုက်တာတစ်ဦး၊ သရုပ်ဆောင်တစ်ဦးနဲ့ လူရွှင်တော် တစ်ဦးတို့ဟာလည်း ရွေးကောက်ပွဲ ဝါဒဖြန့် ဗီဒီယို တစ်ခုကို ဝေဖန်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်အတွက် ထောင်ဒဏ် ၇ နှစ်စီ ချမှတ် ခံခဲ့ရပါသေးတယ်။
စစ်တပ်ဟာ စစ်ရှောင် ပြည်သူတွေကိုလည်း ရွေးကောက်ပွဲမှာ မဲပေးဖို့ အတင်းအကျပ် ဖိအားပေး ခံခဲ့ရပါတယ်။ တချို့စစ်ရှောင်တွေကတော့ နေရပ်ပြန်ပြီး မဲမပေးရင် ပိုင်ဆိုင်မှုတွေ သိမ်းယူတာ၊ လေကြောင်းတိုက်ခိုက်တာတွေ ကြုံရမယ်လို့ စစ်တပ်ရဲ့ ခြိမ်းခြောက်မှုကို ခံခဲ့ရပါတယ်။ ဘေးမကင်းတဲ့ နေရာတွေဆီ အတင်းအကျပ် ပြန်သွားခိုင်းတာဟာ လူ့အခွင့်အရေး ဆိုးဆိုးရွားရွား ချိုးဖောက်ခြင်းမျိုး ဖြစ်တယ်လို့ တက်ခ်က ပြောပါတယ်။
တခြားတစ်ဖက်မှာလည်း တော်လှန်ရေး အင်အားစု တချို့ဟာ ရွေးကောက်ပွဲ ဖြစ်မြောက်ရေး ပူးပေါင်း ပါဝင်နေသူတွေကို ခြိမ်းခြောက်တာ၊ အန္တရာယ် ပေးတာတွေ ရှိနေတယ်လို့ UNရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ နိုဝင်ဘာလတုန်းက ရွေးကောက်ပွဲအတွက် လိုအပ်တဲ့ သင်တန်းတွေ သွားတက်တဲ့ ပညာရေးဝန်ထမ်း ၉ ဦးကို တော်လှန်ရေး အင်အားစုတွေက ဖမ်းဆီးပြီး သတိပေး ခြိမ်းခြောက်ခဲ့တယ်လို့ UNက ဆိုပါတယ်။ ရန်ကုန်မှာတော့ Yangon Armyဆိုတဲ့ အဖွဲ့တစ်ုခက ရွေးကောက်ပွဲကြို ပြင်ဆင်မှုတွေမှာ ပါဝင်တဲ့ ရုံးအဆောက်အအုံတွေကို ဗုံးခွဲ တိုက်ခိုက်ပြီး ဝန်ထမ်းတွေ ဒဏ်ရာရခဲ့တယ်လို့ UNက ပြောပါတယ်။
UNက ရွေးကောက်ပွဲမှာ အီလက်ထရောနစ် မဲပေးစက်တွေ သုံးစွဲမယ့် ကိစ္စနဲ့ ပတ်သက်ပြီးလည်း ယုံကြည်စိတ်ချရမှု အပိုင်းကို မေးခွန်းထုတ်ခဲ့ပါတယ်။ ပြီးတော့ စစ်တပ်ဟာ ပြည်သူတွေအပေါ် ဉာဏ်ရည်တု (AI) နည်းပညာ အပါအဝင် အဆင့်မြင့် နည်းပညာတွေ အသုံးပြုပြီး ပိုမို ခြေရာခံ ထောက်လှမ်းလာနေတဲ့ ကိစ္စကိုလည်း စိုးရိမ်ကြောင်း ပြောပါတယ်။
မကြာသေးခင်က မြန်မာနိုင်ငံကို တတိယအကြိမ် သွားရောက်ခဲ့တဲ့ UN အထူးကိုယ်စားလှယ် ဂျူလီယန် ဘိရှော့က အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်နဲ့ တွေ့ဆုံချိန်မှာ ရန်လို တိုက်ခိုက်မှုတွေကို ရပ်တန့်ပြီး လိုအပ်နေတဲ့ ပြည်သူတွေဆီ လူသားချင်း စာနာမှု အကူအညီတွေ ပေးပို့နိုင်ရေး စီစဉ်ပေးဖို့ တောင်းဆိုခဲ့တယ်လို့လည်း UNက ထုတ်ပြန်ပါတယ်။
လက်ရှိကာလလို ပဋိပက္ခတွေ ဆက်လက် ဖြစ်ပေါ်နေချိန်မှာ ရွေးကောက်ပွဲ ကျင်းပတယ် ဆိုတာဟာလည်း အခြေအနေတွေကို ပိုပြီး ဆိုးသွားစေနိုင်တဲ့ ကိစ္စမျိုးလို့ UNက သတိပေးထားပါတယ်။ ရွေးကောက်ပွဲကြောင့် ဒီမိုကရေစီ လမ်းကြောင်းပေါ် ပြန်ရောက်မယ့်အစား နိုင်ငံရဲ့ မတည်ငြိမ်မှုတွေ ဆိုးသထက် ဆိုးသွားစေနိုင်ကြောင်း UNက ပြောပါတယ်။
ကိုးကား: UN


















































