●ပြန်ပို့သူတွေထဲမှာ ရိုဟင်ဂျာဘယ်နှစ်ဦးပါဝင်တယ်ဆိုတာကို မလေးရှားမပြော
●စစ်တပ်ကကျောက်တော်ကိုဗုံးကြဲပြီးနောက်နေ့မှာ မလေးရှားကဒုက္ခသည်တွေကိုပြန်ပို့
●ပြန်ပို့ခံရသူတွေဟာအဓမ္မ စစ်သားသစ်အဖြစ်စုဆောင်းခံရနိုင်တယ်လို့APHRသတိပေး
စက်တင်ဘာ-၂၉၊၂၀၂၆။People’s Spring

Public Service Announcement
ထောင်နဲ့ချီတဲ့ ရွှေ့ပြောင်း ဒုက္ခသည်တွေကိုမလေးရှားက မြန်မာနိုင်ငံဆီ ပြန်ပို့နေတာနဲ့ ပတ်သက်လို့စိုးရိမ်ကြောင်းကုလသမဂ္ဂ (UN)ကပြောကြားပါတယ်။
မလေးရှားအစိုးရကတော့ကလေးတွေ အပါအဝင် လူပေါင်း ၁၄၇၆ ဦးကို မြန်မာနိုင်ငံဆီ ပြန်ပို့တာဟာ ကာယကံရှင်တွေရဲ့ သဘောဆန္ဒနဲ့အညီ လုပ်ဆောင်တာလို့ ပြောပေမယ့် UNကတော့ စစ်ရေးပဋိပက္ခ ထူထပ်နေတဲ့ မြန်မာနိုင်ငံဆီ သူတို့ရဲ့ အပြန်ခရီးဟာ ဘေးကင်းတဲ့၊ ဂုဏ်သိက္ခာရှိတဲ့၊ ရေရှည်အဆင်ပြေမယ့် အခြေအနေ မဖြစ်နိုင်ဘူးလို့ သတိပေးခဲ့ပါတယ်။
အာဏာသိမ်းမြန်မာစစ်တပ်ဟာ မလေးရှားရောက် ဒုက္ခသည် ၅၀၀၀ လောက်ကို နေရပ်ပြန်ပို့တာလက်ခံမယ်လို့သဘောတူထားကြောင်း ဇူလိုင်လတုန်းက မလေးရှားအစိုးရကကြေညာခဲ့ပါတယ်။အဲဒီထဲကပထမအသုတ်အဖြစ် အမျိုးသား ၁၃၇၀၊ အမျိုးသမီး ၇၉ ဦး၊ ကလေးငယ် ယောက်ျားလေး ၂၀ နဲ့ မိန်းကလေး ၇ ဦးတို့ကို စက်တင်ဘာ ၂၉ ရက်နေ့မှာ မလေးရှားက ပြန်ပို့ခဲ့တာပါ။ သူတို့တွေကို မြန်မာစစ်တပ်ရဲ့ ရေတပ်သင်္ဘောတွေက လာရောက်ခေါ်ယူသွားခဲ့ပါတယ်။
UNရဲ့ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR)ရဲ့ပြောရေးဆိုခွင့်ရအရာရှိ မက်သရူးဆော့ထ်မက်ရှ်ကတော့အခုကိစ္စကို စိုးရိမ်ကြောင်းပြောပါတယ်။မြန်မာမှာလက်ရှိ ဖြစ်ပွားနေတဲ့စစ်ရေးပဋိပက္ခတွေ၊ရန်လိုတိုက်ခိုက်မှုတွေကြောင့် ဒုက္ခသည်တွေ နေရပ်ပြန်ဖို့ အသင့်တော်ဆုံး ကာလမဟုတ်သေးဘူးလို့ UNHCRက ဆက်လက် ယုံကြည်ယူဆထားကြောင်းသူက ပြောပါတယ်။
စက်တင်ဘာ လဆန်းပိုင်းမှာတော့ မြန်မာစစ်တပ်က ဒုက္ခသည်တွေရဲ့ အပြန်ခရီးဟာ ဘေးကင်းပြီး ဂုဏ်သိက္ခာ ပြည့်ဝစေရမယ်လို့ အာမခံခဲ့ပါတယ်။ကနဦးသတင်းတွေမှာတော့ မလေးရှားဟာ ရိုဟင်ဂျာတွေကို အဓိက ပြန်ပို့မယ်လို့ ဖော်ပြထားပေမယ့် စက်တင်ဘာ ၂၉ ရက်နေ့က ပြန်ပို့ခံရသူတွေထဲမှာ ရိုဟင်ဂျာတွေ ဘယ်လောက်များများ ပါနေသလဲ ဆိုတာကိုတော့ မသိရသေးပါဘူး။
မလေးရှားအာဏာပိုင်တွေက ပြန်ပို့သူတွေထဲမှာ ရိုဟင်ဂျာဘယ်နှစ်ဦးပါဝင်တယ်ဆိုတာမထုတ်ပြန်ပါဘူး။ဒါပေမယ့် မလေးရှားနိုင်ငံမှာ မြန်မာနိုင်ငံကရောက်လာတဲ့ ရွေ့ပြောင်းဒုက္ခသည်နဲ့ ခိုလှုံခွင့်တောင်းသူ စုစုပေါင်း ၁၉၀,၀၀၀ ကျော်မှာသုံးပုံ နှစ်ပုံမှာ ရိုဟင်ဂျာတွေဖြစ်တယ်လို့ ထုတ်ပြန်ထားတဲ့အချက်အလက်တွေအရသိရပါတယ်။
နိုင်ငံတကာဥပဒေတွေအရဆိုရင်တော့ဖိနှိပ်မှုတွေ၊ညှင်းပန်းရက်စက်မှုတွေ၊လူ့အသက်တွေကို အကြီးအကျယ် ခြိမ်းခြောက်မှု အန္တရာယ်တွေ၊ လွတ်လပ်မှုနဲ့ လုံခြုံရေးကို ထိပါးမယ့် အခြေအနေတွေ ရှိနေတဲ့ နိုင်ငံဆီကို ဘယ်သူ့ကိုမှအတင်းအကျပ်မပြန်ခိုင်းစေသင့်ဘူးလို့ဆော့ထ်မက်ရှ်ကပြောကြားခဲ့ပါတယ်။
မလေးရှားရောက် ရွှေ့ပြောင်းအခြေချသူတွေထဲက ချင်းလူ့အဖွဲ့အစည်းကို ကိုယ်စားပြုတဲ့ ဂျိမ်းစ်ဘာဝီသောင်ဘစ်ကတော့ နေရပ်ပြန်ပို့ခံရသူတွေထဲမှာ UNHCRက ဒုက္ခသည်အဖြစ် တရားဝင် အသိအမှတ်ပြုခံထားရသူတချို့ ပါဝင်တယ်ဆိုတာ သတင်းရရှိထားကြောင်း ပြောပါတယ်။သူက မြန်မာနိုင်ငံဆီ ပြန်ပို့ခံရသူဟာစစ်တပ်ရဲ့အဓမ္မ စစ်မှုထမ်းခိုင်းတဲ့ အန္တရာယ်မျိုး ကြုံတွေ့နိုင်ကြောင်းလည်း သတိပေးခဲ့ပါတယ်။
မြန်မာကို ပြန်ပို့လိုက်ရာကနေရှေ့တန်း စစ်မြေပြင်ကိုရောက်သွားမှာကိုစိတ်ပူမိကြောင်း၊ နေရပ်ကို ပြန်ခိုင်းပေမယ့် သေတွင်းပို့လိုက်သလို ဖြစ်သွားမှာကို စိုးရိမ်ရကြောင်း သူက ပြောပါတယ်။
အရှေ့တောင်အာရှ နိုင်ငံများ အစည်းအရုံး (အာဆီယံ)ရဲ့လူ့အခွင့်အရေးဆိုင်ရာ လွှတ်တော်အမတ်များ အဖွဲ့ (APHR)ကလည်း ဒုက္ခသည်တွေကို မြန်မာနိုင်ငံ ပြန်ပို့တဲ့ကိစ္စ ချက်ချင်းရပ်ဖို့ မလေးရှားအစိုးရကို တောင်းဆိုခဲ့ပါတယ်။တကယ်တမ်း သူတို့တွေဟာ မြန်မာနိုင်ငံကို ဘေးကင်းကင်း၊ စိတ်ပါလက်ပါနဲ့ သိက္ခာရှိရှိ ပြန်နိုင်တယ်ဆိုတာ သေချာချိန်အထိ ဒီကိစ္စကို ဆိုင်းငံ့ထားဖို့ APHRက တိုက်တွန်းခဲ့ပါတယ်။
နောက်ပြီး ရခိုင်ပြည်နယ်၊ကျောက်တော်မြို့နယ်မှာ စစ်တပ်ကလေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်လို့ အရပ်သား ၄၉ ဦးထက်မနည်းသေ၊ ၆၀ ကျော် ဒဏ်ရာရခဲ့တဲ့ ဖြစ်ရပ်ဆိုးကြီးအပြီး နောက်တစ်နေ့မှာ မလေးရှားက ဒုက္ခသည်တွေကို ပြန်ပို့တဲ့ အခြေအနေကိုလည်း APHRက မီးမောင်းထိုးပြထားပါတယ်။ နေရပ်ကို ပြန်ပို့ခံရသူတွေဟာ စစ်တပ်ရဲ့ အဓမ္မ တပ်သားသစ် စုဆောင်းမှုကို ကြုံနိုင်တယ် ဆိုတာကိုလည်း APHRက သတိပေးခဲ့ပါတယ်။
မြန်မာနိုင်ငံမှာစစ်တပ်ကအရပ်သားတွေအပေါ် ပစ်မှတ်ထားတိုက်ခိုက်နေမှုတွေမရပ်မချင်းဒုက္ခသည်တွေ ပြန်ပို့တဲ့ကိစ္စကိုဆိုင်းငံ့ပေးထားဖို့လည်းAPHRကမလေးရှားဝန်ကြီးချုပ် အန်ဝါကိုတောင်းဆိုခဲ့ပါတယ်။
ကိုးကား-Reuters ၊APHR ၊AFP



















































