မတ် ၁၊ ၂၀၂၆။ ဟန်နွေ/People’s Spring
ရှမ်း(သျှမ်း)လက်နက်ကိုင် အဖွဲ့အစည်းတွေဟာ ရှမ်းလူထုတွေရဲ့တန်းတူရေး၊ ကိုယ်ပိုင်ပြဌာန်းခွင့်နဲ့ လူမှုဘဝလုံခြုံရေးကို ကာကွယ်စောင့်ရှောက်ပေးတဲ့ အဖွဲ့အစည်းဖြစ်ပေမယ့် ယနေ့အချိန် အခါမှာ ရှမ်းလူထုတွေ မတရားဖိနှိပ်အနိုင်ကျင့်ခံနေရတာကို သိမြင်နေလျက် မည်သည့် ရှမ်းလက်နက်ကိုင်အဖွဲ့ကမှ ထိရောက်တဲ့ ကာကွယ်စောင့်ရျောက်မှု ပေးနိုင်ခြင်းမရှိဟု ရှမ်းလူငယ်နေ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။
မတ်လ ၁ရက်မှာ ကျရောက်တဲ့ “ သျှမ်းလူငယ်နေ့” Tai Youth Day အထိမ်းအမှတ် သဘောထား ထုတ်ပြန်ချက်မှာ အခုလို ဖော်ပြထားတာပါ။
“သျှမ်းလူထုအပေါ် အဓိကကျသော တာဝန်လုပ်ငန်းများ ပျက်ကွက်လစ်ဟင်းလျှက် ရှိနေသည်မှာ လုံးဝ မဖြစ်သင့်ပါ။ ထို့အတွက် သျှမ်းလက်နက်ကိုင်အဖွဲ့အစည်းများအနေဖြင့် သျှမ်းလူထု၏ လူနေမှု ဘဝလုံခြုံရေးနှင့် အကျိုးစီးပွား ထိခိုက်နစ်နာမှုများကို အဓိကထား ကာကွယ်စောင့်ရှောက်ပြီး တာဝန် ယူဆောင်ရွက်ပေးပါရန် အလေးနက်ထား တိုက်တွန်းအပ်ပါသည်” လို့ ဖော်ပြထားပါတယ်။

Public Service Announcement
ရှမ်းလက်နက်ကိုင်အဖွဲ့တွေဖြစ်တဲ့ ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP /SSA)နဲ့ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ(RCSS/SSA) တို့ဟာ စစ်တပ်အာဏာသိမ်းပြီးနောက် စစ်ကောင်စီကို တော်လှန်တိုက်ခိုက်ခြင်းမရှိဘဲ အချင်းချင်းသာ ပြဿနာတွေတိုက်ပွဲတွေဖြစ်ပွားခဲ့တာပါ။
ယခင်ခေတ်ကာလ အာဏာရှင် အုပ်ချုပ်မှု အဆက်ဆက်မှ ၂ဝ၂၁ စစ်အာဏာသိမ်းမှု နောက်ပိုင်း၊ ၁၀၂၇ ရှမ်းပြည်မြောက်ပိုင်းစစ်ဆင်ရေးကာလမှ ယခုအချိန်အထိ ရှမ်းလူမျိုးတွေဟာ နိုင်ငံရေး ရှုပ်ထွေးမှုပြဿနာများကြောင့် စစ်ဘေးဒဏ်အပြင် အမျိုးမျိုးသော လူမှုစီးပွားထိခိုက်မှု အခက်အခဲများ စွာကို ရင်ဆိုင်ကြုံတွေ့နေရကြောင်းလည်း ဖော်ပြထားပါတယ်။
စစ်ပွဲနောက်ဆက်တွဲဆိုးကျိုးတွေနဲ့ မြို့၊ ရွာ နေအိမ်များ ထိခိုက်ပျက်စီးခြင်း လက်နက်ကိုင်အဖွဲ့များရဲ့ မတရားအနိုင်ကျင့် ဖမ်းဆီး ဖိနှိပ်မှုနဲ့ သေဆုံးစေသည်အထိ ထိခိုက်ခြင်း အတင်းအဓမ္မ ပြောင်းရွေ့ နေရပ်စွန့်ခွါ ထွက်ပြေးရခြင်း၊ လယ်ယာမြေများ၊ အိုးအိမ်စည်းစိမ်တွေ သိမ်းဆည်းခံရခြင်း တို့ ကြုံခဲ့ရတယ်လို့ အသိပေးပါတယ်။
ဒါ့အပြင် မူးယစ်ဆေးဝါးအန္တရာယ်၊ တရားမဝင်လောင်းကစားများ၊ အွန်လိုင်းလိမ်လည်မှု၊ လူကုန်ကူးခံရ မှု၊ စစ်သားစုဆောင်းခံရမှု၊ လိင်လုပ်ငန်းဆိုင်ရာနှင့် လူမှုဘဝ ထိခိုက်မှု နောက်ဆက်တွဲပြဿနာ များ ယဉ်ကျေးမှုဆိုင်ရာပဋိပက္ခများ (ဘာသာစကား၊ အတွေးအခေါ်၊ ဓလေ့ထုံးတမ်း၊ ဖြစ်တည်မှု၊ ဝတ်စားဆင်ယင်မှု၊ ကိုးကွယ်ယုံကြည်မှု) လူမှုအသိုင်းအဝိုင်းအတွင်း လူမျိုးရေးခွဲခြားမှု အမုန်းစကားများဖြန့်ဝေသွေးခွဲခြင်းများ ပညာရေးနိမ့်ကျမှု အသိပညာအားနည်းမှုဆိုင်ရာပြဿနာများ ဖြေရှင်းနိုင်ရေး လိုအပ်ကြောင်းလည်း ဖော်ပြထားပါတယ်။
ဆိုရှယ်မီဒီယာကို လွဲမှားစွာအသုံးပြုခြင်းကြောင့် နောက်ဆက်တွဲ ဖြစ်ပေါ်လာသော လူမှုရေး ပြဿနာများ လူငယ်များရဲ့အကျင့်စာရိတ္တပျက်ယွင်းခြင်းနဲ့ ကိုယ်ကျင့်တရားပျက်စီးခြင်းဆိုင်ရာပြဿနာ များ (ဂိုဏ်းဖွဲ့ပြီး အကြမ်းဖက်မှုလုပ်ဆောင်ခြင်း) လူငယ်များရဲ့ ဘဝရှေ့ရေးအနာဂတ် မရေရာမှုများစတဲ့ပြဿနာတွေလည်းရှိနေတယ်လို့ ဆိုပါတယ်။

အဲဒီ ပြဿနာရပ်တွေကို အတူဖြေရှင်းနိုင်ရေး သက်ဆိုင်ရာ အဖွဲ့အစည်းအသီးသီးများအားလုံးက လူငယ်များနဲ့ ပူပေါင်းလက်တွဲကာ နည်းလမ်းရှာ ဝိုင်းဝန်းဖြေရှင်းကြဖို့လည်း တိုက်တွန်းထားပါတယ်။
ရှမ်းလူငယ်တွေရဲ့ ကြေညာချက်မှာ ရှမ်းသံဃာတော်များလည်း သျှမ်းလူထုရဲ့ ထိခိုက်နစ်နာခံစား နေမှုများအတွက် မေတ္တာတရားကြီးမားစွာဖြင့် ကာကွယ်ရပ်တည်ပေးဖို့လျှောက်ထားခဲ့သလို ရှမ်း စာပေနဲ့ ယဉ်ကျေးမှုအဖွဲ့များ အနေနဲ့လည်း ရှမ်းလူထုတွေနဲ့ တသားတည်းရပ်တည်ဖို့ အမျိုးသားရေးအထိန်းအမှတ်သရုပ်သကန်များ၊ အမျိုးသားယဉ်ကျေးမှုအမွေအနှစ်များ ထိခိုက်ပျက်စီးစေသော လုပ်ရပ်များကို ကာကွယ်စောင့်ရှောက်ဖို့ အနာဂတ်မျိုးဆက်သစ် လူငယ်များမွေးထုတ်ဖို့၊ အရည်အသွေးပြည့်မှီသောကိုယ်ထူကိုယ်ထအမျိုးသားကျောင်းများပေါ်ပေါက် လာရေးအတွက်၊ ကူညီပံ့ပိုးပေးဖို့ တာဝန်ရှိကြောင်း ဖော်ပြထားပါတယ်။
ရှမ်းနိုင်ငံရေးပါတီများအနေနဲ့လည်း ရွေးကောက်ပွဲကာလတွင် ရှမ်းလူထုတွေကို နိုင်ငံရေး ကတိကဝတ် ပေးခဲ့ကြပေမယ့် အခုအချိန်မှာ ရှမ်းနိုင်ငံရေးပါတီများအနေနဲ့ ရှမ်းလူထုများ တွေ့ကြုံ ခံစား နေရသော ဒုက္ခများစွာအပေါ် လျှစ်လျှူရှုပြီး နှုတ်ဆိတ်နေကြတာ လုံး၀ မဖြစ်သင့်ဟု ထုတ်ပြန်ထားပါတယ်။
“သျှမ်းနိုင်ငံရေးပါတီများအနေဖြင့်လည်း အခက်အခဲ များကို နည်းလမ်းရှာဖွေကူညီပြီး အတူတကွ ရပ်တည်ဖြေရှင်းပေးရန် အလေးအနက်ထား တိုက်တွန်း အပ်ပါသည်။” လို့ ဖော်ပြထားပါတယ်။
ရှမ်းအရပ်ဘက်အဖွဲ့အစည်းများနဲ့ ပတ်သက်ပြီးလည်း ဖော်ပြထားရာ လူထုများကြုံတွေ့ခံစားနေရသော မတရားမှုများ၊ အနိုင်ကျင့်ဖိနှိပ်ခံရမှုများ၊ အကြပ်တည်းနဲ့ အခက်အခဲများအပေါ်တွင် အကာအကွယ်မပေးခြင်း၊ တစ်စုံတစ်ရာထုတ်ဖော်ပြောဆိုမှုမရှိခြင်း၊ လူထုနဲ့ တသားတည်းရပ်တည်မှုမရှိခြင်း၊ ပူးပေါင်းဆောင်ရွက်မှုမရှိခြင်းတို့ဟာ လူထုအပေါ် တာဝန် ယူမှုမရှိသော အဖွဲ့အစည်းသာဖြစ်ပေမယ်လို့ အသိပေးထားပါတယ်။
” မည်သည့်အခြေအနေတွင်မဆို မိမိတို့ သျှမ်းလူထု၏ အကျိုးစီးပွားထိခိုက်နှစ်နာမှုများအပေါ် ကာကွယ်ရပ်တည်ပြောဆိုပေးရန် လိုအပ်ပါ သည်” လို့ ထုတ်ပြန်ပါတယ်။
ဒါကြောင့် ရှမ်းလူထုများအပေါ် မတရားအနိုင်ကျင့် ဖိနှိပ်ခံရမှုမှန်သမျှကို မျက်ကွယ်ပြု လျစ်လျှူရှုခြင်းမပြုဖို့ ရှမ်းလူထုများရဲ့ အခြေခံရပိုင်ခွင့် အခွင့်အရေး၊ အကျိုးစီးပွားများကို အပြည့်အဝကာကွယ်စောင့်ရှောက်ပေးပြီးလူမှုဘဝများလုံခြုံစွာ ရှင်သန်ရပ်တည်နိုင်ရေးအတွက် သက်ဆိုင်ရာ အဖွဲ့အားလုံး အတူတကွ ပူးပေါင်းဆောင်ရွက်ပေးဖို့ တိုက်တွန်းတောင်းဆိုထားပါတယ်။

















































