ဇူလိုင်-၂၀၊၂၀၂၆။ရွှေပြည်စိုး/People’s Spring
ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့ပေါ်မှာလူတစုက စတိုးဆိုင်တစ်ဆိုင်ကိုဓါးပြတိုက်ပြီး ဆိုင်ရှင်အမျိုးသမီးနှစ်ဦးကိုပါ သတ်ဖြတ်သွားပါတယ်။
လားရှိုးမြို့ရပ်ကွက်(၁၀)ထဲက စတိုးဆိုင်တဆိုင်ကို ဇူလိုင်လ၁၉ရက်နေ့ညနေပိုင်းမှာ လူတစ်စုက ဓားပြတိုက်ပြီး လူသတ်သွားတာလို့ ဒေသခံတစ်ဦးကပြောပါတယ်။
“အဲဒီဆိုင်မှာကအမျိုးသမီးနှစ်ယောက်တည်းနေတာ။လူစိမ်းအဝင်အထွက်ကို သတိထားမိလိုက်တယ်။ သုံးလေးယောက်ပဲ။အမှတ်တမဲ့နေမိတာ။ ပြီးမှသတင်းကြားရတာ”လို့ အဆိုပါဒေသခံကပြောပါတယ်။

Public Service Announcement
ဆိုင်ရှင်အမျိုးသမီးနှစ်ဦးစလုံး ဓားဒဏ်ရာတွေနဲ့သေဆုံးနေတာတွေ့ရှိရပြီး စစ်တပ်လက်အောက်ခံရဲတပ်ဖွဲ့ကလာရောက်စစ်ဆေးသွားတယ်လို့ သိရပါတယ်။
သေဆုံးသူအမျိုးသမီးတွေက ညီအမတွေဖြစ်ပြီး စီးပွားရေး ပြေလည်ကြသူတွေဖြစ်တယ်လို့ မြို့ခံအချို့ကပြောပါတယ်။ညီအမနှစ်ဦးကုန်စုံဆိုင်ပိတ်ပြီးအိမ်ပြန်လာနောက်ပြီး ည ၉ နာရီဝန်းကျင်မှာအသံတွေ ကြားရတာကြောင့်အိမ်နီးချင်းတွေကသွားရောက်ကြည့်ရှု ရာမှာအသတ်ခံထားရတာကိုတွေ့ခဲ့တာပါ။
အမျိုးသမီးနှစ်ဦးဝတ်ဆင်ထားတဲ့ လက်ဝတ်ရတနာတွေကို ဓားပြတိုက်သူတွေက ဖြုတ်ယူသွားခဲ့ပြီးအခြားသောပစ္စည်းတွေပါသွားတ ရှိ ၊မရှိကို အာဏာသိမ်းစစ်တပ်လက်အောက်ခံ ရဲတပ်ဖွဲ့က စစ်ဆေးခဲ့တယ်လို့ဆိုပါတယ်။
ပြီးခဲ့တဲ့ရက်သတ္တပတ် ဇူလိုင်လ ၁၃ ရက်ကလည်း လားရှိုးမြို့လေယာဉ် ကွင်းလမ်းမှာ အမျိုးသားတစ်ဦး ဓားပြတိုက်ခံရပြီးငွေကျပ်သိန်းလေးဆယ်ပါသွားတဲ့ဖြစ်စဉ်ဖြစ်ခဲ့ပါတယ်။
လားရှိုးမြို့ဟာ ၁၀၂၇ စစ်ဆင်ရေးနဲ့အတူ ကိုးကန့်တပ်(MNDAA)နဲ့ မဟာမိတ်တပ်တွေက ၂၀၂၄ သြဂုတ်လဆန်းမှာ သိမ်းယူခဲ့တဲ့မြို့ဖြစ်ပါတယ် ။ တရုတ်အစိုးရရဲ့ ကြားဝင်စွက်ဖက်မှုနဲ့ MNDAA က၂၀၂၅ ဧပြီလမှာ စစ်တပ်ထံကျည် ၁ ချက်မဖောက်ပဲဲပြန်ပေးခဲ့ရပါတယ်။ ဒါပေမယ့် လာရှိုးမြို့ပေါ်ကိုသာစစ်တပ်ပြန်ဝင်လာနိုင်တာဖြစ်ပြီး မြို့ပတ်ဝန်းကျင်ကရွာတွေကိုတော့ MNDAA ကထိန်းချုပ်ထားပါတယ်။လားရှိုးမြို့ပေါ်စစ်တပ် ပြန်ဝင်လာပြီးနောက်ပိုင်းလားရှိုးမြို့မှာလူသတ်မှု၊လုယက်မှု၊ ဓားပြမှု၊ ပြန်ပေးဆွဲမှု ၊ခိုးမှုစတဲ့ ရာဇဝတ်မှုမျိုးစုံ မကြာခဏဖြစ်နေပါတယ်။
ပြီးခဲ့တဲ့မေလ၂ရက် နဲ့ ၃ရက်နေ့က လားရှိုးမြို့ရပ်ကွက်(၁)ထဲက စတိုးဆိုင်တစ်ဆိုင်ကို အမျိုးသားလေးဦးကဝင်လာပြီးဆိုင်ထဲကအမျိုးသမီးကို ပြန်ပေးဆွဲဖို့ကြိုးပမ်းမှုနဲ့ ဆိုင်ကယ်လုယက်မှုဖြစ်ပွားခဲ့ပါတယ်။
၂၀၂၅ ဧပြီလကနေ လက်ရှိ ၂၀၂၆ ဇူလိုင်အတွင်း အမျိုးသမီးတချို့ ကားလုယက်ခံရမှု၊ ဘုန်းကြီး အသတ်ခံရမှု၊ သတ်ဖြတ်ပြီး ရုပ်အလောင်းစွန့်ပစ်မှု၊ ပြန်ပေးဆွဲပြီး ငွေတောင်းမှု၊ လမ်းလယ်ခေါင် သေနတ်နဲ့ ပစ်ခတ်လုပ်ကြံမှု၊ ရွှေဆိုင် ဓားပြတိုက်ခံရမှုတွေလို အမှု ပေါင်း၃၀ ကျော်ဖြစ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
လက်ရှိလားရှိုးမြို့ရဲ့ တရားဥပဒေစိုးမိုးမှုမရှိတဲ့အခြေအနေဟာ ကြောက်စရာကောင်းနေပြီလို့ မြို့ခံတွေကပြောပါတယ်။စစ်တပ်နဲ့ နီးစပ်တဲ့ စစ်တပ်ဝါဒဖြန့်ချိနေသူကတောင် လားရှိုးမြို့မှာ တရားဥပဒေစိုးမိုးမှုမရှိတဲ့အတွက် သတိနဲ့နေထိုင်ကြဖို့ လူမှုကွန်ရက်ပေါ်မှာရေးသားပြောဆိုနေကြပါတယ်။
အာဏာသိမ်းစစ်တပ်ဟာ ၂၀၂၃ အောက်တိုဘာလ၂၇ရက်နေ့က မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့ပူးပေါင်းဖော်ဆောင်ခဲ့တဲ့ ၁၀၂၇ စစ်ဆင်ရေးမှာလာရှိုးမြို့အပါအဝင် ရှမ်းပြည်နယ်မြောက်ပိုင်းက မြို့နယ်အများစုလက်လွှတ်ခဲ့ရပါတယ်။
လားရှိုး၊ ကျောက်မဲ၊ နောင်ချို၊ သီပေါမြို့နဲ့ မိုးမိတ်မြို့တွေကို တရုတ်အစိုးရရဲ့အကူအညီရယ် ၊တန်ပြန်ထိုးစစ်ဆင်ပြီး စစ်တပ်ကပြန်လည်ထိန်းချုပ်နိုင်ခဲ့ပေမယ့် အုပ်ချုပ်ရေး ယန္တရားတည်ဆောက်နိုင်ခြင်းမရှိသေးပါဘူး။ စစ်တပ်ထိန်းချုပ်ထားတဲ့မြို့တွေမှာ မူးယစ်ဆေးဝါးသုံးစွဲမှုနဲ့ရောင်းဝယ်မှုတွေပိုမိုများပြားလာပြီး တရားဥပဒေစိုးမိုးမှုမရှိတော့ဘူးလို့ဒေသခံတွေကပြောပါတယ်။
ဒါ့အပြင် ဇူလိုင်လ ၁၃ရက်နေ့မှာလားရှိုးမြို့ပေါ်ကို ရှော့တိုက်ဒုန်းနဲ့ပစ်ခတ်ခံရလို့ အမျိုးသမီးတစ်ဦးသေဆုံးပြီးတစ်ဦးဒဏ်ရခဲ့ပါတယ်။ ရှော့တိုက်ဒုန်းပစ်ခတ်တဲ့အဖွဲ့ကိုမသိရသေးသလို စစ်ကောင်စီကိုယ်တိုင်ကလုပ်ကြံပစ်ခတ်တာလို့လည်း ဒေသခံတွေကြားပြောဆိုနေကြပါတယ်။

















































