တရုတ် သမ္မတ ရှီကျင့်ဖျင်ရဲ့ အီဂျစ် ခရီးစဉ်မှာ နှစ်နိုင်ငံကြား ပူးပေါင်းဆောင်ရွက်ရေးနဲ့ ဆက်ဆံရေးကဏ္ဍ မြှင့်တင်မယ့် အခြေအနေတွေကို ဆွေးနွေးခဲ့ကြောင်း အီဂျစ်မီဒီယာတွေက ဖော်ပြခဲ့ပါတယ်။
ကာဂျစ္စတန် နိုင်ငံမှာ ရှန်ဟိုင်း ပူးပေါင်းဆောင်ရွက်မှုအဖွဲ့ (SCO)ရဲ့ ညီလာခံ တက်ရောက်ပြီးတဲ့နောက် ရှီဟာ အာဖရိက မြောက်ပိုင်းက နိုင်ငံဆီကို ခရီးဆက်လာခဲ့တာ ဖြစ်ပါတယ်။ စက်တင်ဘာ ၁ ရက်နေ့မှာ ရှီဟာ အီဂျစ်ကို ဆိုက်ရောက်ခဲ့ပြီး သမ္မတ အက်ဘ်ဒဲလ် ဖာတား အယ်လ်စီစီကိုယ်တိုင် သူ့ကို ကိုင်ရိုမြို့တော် နိုင်ငံတကာ လေဆိပ်မှာ ဆင်းကြိုခဲ့ပါတယ်။
အီဂျစ် အစိုးရဟာ ရှီကို ကော်ဇောနီခင်း ကြိုဆိုခဲ့သလို အမြောက်တွေ ပစ်ဖောက်ပြီး ဂုဏ်ပြုခဲ့ပါတယ်။ အဲဒီနောက် နှစ်နိုင်ငံ ခေါင်းဆောင်တွေဟာ အီဂျစ် သမ္မတ နန်းတော်မှာ အစည်းအဝေးပြုလုပ်ပြီး ပူးပေါင်းဆောင်ရွက်ရေးနဲ့ ဆက်ဆံရေး မြှင့်တင်မှုဆိုင်ရာ အလားအလာတွေကို ညှိနှိုင်းခဲ့ကြကြောင်း အီဂျစ် အစိုးရ သတင်းဌာနက ဖော်ပြခဲ့ပါတယ်။
ရှီဟာ အီဂျစ်ကို ၁၀ နှစ်အတွင်း ပထမဆုံးအကြိမ် လာရောက်ခြင်းလည်း ဖြစ်ပါတယ်။ သူ့ရဲ့ အီဂျစ် ခရီးစဉ် အတောအတွင်း နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ သဘောတူ စာချုပ်တချို့ကိုလည်း လက်မှတ် ရေးထိုးသွားဖွယ် ရှိနေပါတယ်။

Public Service Announcement
ကာဂျစ္စတန်နဲ့ အီဂျစ်တို့ကို သွားရောက်ခဲ့တဲ့ ခရီးစဉ်ဟာ အာရှအလယ်ပိုင်းနဲ့ ဥရောပ မြောက်ပိုင်းတွေမှာ တရုတ်ရဲ့ ဩဇာ လွှမ်းမိုးမှုကို ပိုမိုဖြန့်ကျက်နိုင်ရေး မဟာဗျူဟာ အခင်းအကျင်း တစ်ခုလို့လည်း ရှုမြင်ခံထားရပါတယ်။
ကိုးကား: AFP


















































