Connect with us

Hi, what are you looking for?

ဆောင်းပါး

အိန္ဒိယက စာရွက်ပေါ်မှာ နယ်နိမိတ်ကို ပြင်ဆွဲနိုင်ပေမယ့်၊ မြေပြင်မှာ ဘယ်သူက ထိန်းချုပ်ထားသလဲ

“အိန္ဒိယ-မြန်မာနယ်စပ်တလျှောက်မြေပြင်မှာ ဘယ်သူက အမှန်တကယ် စိုးမိုးထားသလဲ”

ခါကာဘို ရေးသားသည်။

“အိန္ဒိယ-မြန်မာနယ်စပ်တလျှောက်မြေပြင်မှာ ဘယ်သူက အမှန်တကယ် စိုးမိုးထားသလဲ”

အိန္ဒိယဟာမြန်မာစစ်အစိုးရနဲ့ နယ်နိမိတ်မျဉ်း ပြင်ဆွဲရေးသဘောတူညီချက်တစ်ရပ်ကိုရယူပြီး၊အပြီးသတ်ဖို့ အဆင်သင့်ဖြစ်နေပြီဆိုတဲ့ သတင်းတွေ ထွက်ပေါ်လာချိန်မှာဒီမေးခွန်းက ပိုမို ကျယ်လောင်လာပါတယ်။

တကယ်တော့ အာဏာသိမ်းစစ်အစိုးရအဖွဲ့ဟာ အိန္ဒိယနယ်စပ်တစ်လျှောက်နယ်မြေအများစုကိုမြေပြင်မှာထိန်းချုပ်နိုင်သူမဟုတ်တော့တာ အချိန်အတော်ကြာရှိနေပြီ ဖြစ်ပါတယ်။

Public Service Announcement

Public Service Announcement

The Interpreter ရဲ့ ဖော်ပြချက်အရ အိန္ဒိယဘက်က မဏိပူရ်ပြည်နယ်၊ ချန်ဒဲလ်ခရိုင်အတွင်း နယ်နိမိတ်တိုင် အမှတ် ၆၅ နဲ့ ၆၈ ကြားရှိ ၁.၄ စတုရန်းမိုင် (၃.၆ စတုရန်းကီလိုမီတာ) ခန့်ရှိ နယ်မြေကို မြန်မာစစ်အစိုးရနဲ့ အလဲအလှယ်ပြုလုပ်ဖို့ ဆွေးနွေးနေပြီး၊ ၁,၆၄၃ ကီလိုမီတာရှည်လျားတဲ့ နယ်နိမိတ်မျဉ်းတစ်လျှောက်မပြီးပြတ်သေးတဲ့အပိုင်းများအတွက်လည်း ဆွေးနွေးမှုများ ဆက်လက်ပြုလုပ် နေကြောင်း အိန္ဒိယတာဝန်ရှိသူများက အတည်ပြုထားပါတယ်။

ဒါပေမဲ့ အိန္ဒိယ နိုင်ငံခြားရေးဝန်ကြီးဌာနဘက်ကတော့ နယ်မြေအလဲအလှယ်လုပ်ဖို့ သဘောတူညီချက် ရသွားပြီဆိုတာကို အတည်မပြုသေးပါဘူး။

အိန္ဒိယနယ်စပ်တစ်လျှောက်ကိုကြည့်မယ်ဆိုရင် စစ်ကိုင်းတိုင်းဘက်မှာ တမူး–မိုးရေး နယ်စပ်ဂိတ်ကိုတော့စစ်ကောင်စီကဆက်ပြီး ထိန်းချုပ်ထားပေမယ့် အဲဒီလမ်းတစ်လျှောက်က ကျေးရွာတွေနဲ့ နယ်မြေအများစုကို တော်လှန်ရေးတပ်ဖွဲ့တွေကပဲ စိုးမိုးထားတာ ဖြစ်ပါတယ်။ချင်းပြည်နယ်ဘက်မှာလည်း ရိခေါ်ဒါရ်၊ တွန်းဇံနဲ့ နယ်စပ်ဒေသအများစုကို ချင်းတော်လှန်ရေးအဖွဲ့တွေက ထိန်းချုပ်ထားတာ ဖြစ်ပါတယ်။ အိန္ဒိယရဲ့အဓိကကုလားတန် ဘက်စုံပို့ဆောင်ရေး စီမံကိန်း ဖြတ်သန်းရာ ရခိုင်–ပလက်ဝဒေသတစ်ခုလုံးကိုလည်း အာရက္ခတပ်တော်(AA)က စိုးမိုးထားသူ ဖြစ်ပြီး၊ ဒီဒေသတွေမှာတော့ စစ်ကောင်စီရဲ့ အုပ်ချုပ်ရေးအာဏာ သက်ရောက်မှု မရှိတော့ပါဘူး။

ဒီအခြေအနေကမြန်မာ-အိန္ဒိယနယ်စပ်တစ်လျှောက် မြေပြင်မှာ စစ်ကောင်စီရဲ့ ထိန်းချုပ်နိုင်မှု အလွန်ကန့်သတ်သွားပြီဆိုတာကို ပြသနေပါတယ်။

အိန္ဒိယအနေနဲ့ နယ်နိမိတ်ပြဿနာကိုအပြီးသတ်ရှင်းလင်းဖို့ ခိုင်မာတဲ့လုံခြုံရေး အကြောင်းအရင်းတွေရှိတယ်လို့ဆိုထားပါတယ်။မြန်မာနိုင်ငံရဲ့ မတည်ငြိမ်မှုတွေကြောင့် မီဇိုရမ်နဲ့ မဏိပူရ်ပြည်နယ်တွေကို စစ်ဘေးဒုက္ခသည်တွေ စီးဝင်လာစေခဲ့သလို၊ အိန္ဒိယ သောင်းကျန်းသူ အဖွဲ့အစည်းတွေအတွက်လည်းနယ်စပ်ကျော်လွန်ပြီးလှုပ်ရှားဖို့ အခွင့်အရေးတွေ ရသွားစေတယ်လို့ ထောက်ပြထားပါတယ်။

ဒီအကြောင်းပြချက်တွေနဲ့အတူ ၂၀၂၄ ခုနှစ်မှာ နယူးဒေလီဟာမြန်မာနယ်စပ်တစ်လျှောက် ခြံစည်းရိုးခတ်ရေး အစီအစဉ်တွေကို တိုးချဲ့လာခဲ့ပြီး၊ သမိုင်းအစဉ်အဆက် နယ်စပ်နေ ပြည်သူတွေကို လွတ်လပ်စွာ ကူးလူးသွားလာခွင့်ပြုထားတဲ့ Free Movement Regime – FMRကိုပါရုတ်သိမ်းခဲ့ပါတယ်။

အိန္ဒိယက၂၀၁၅ခုနှစ်မှာဘင်္ဂလားဒေ့ရှ်နဲ့ ချုပ်ဆိုခဲ့တဲ့ကုန်းဘက်နယ်နိမိတ်သဘောတူညီချက်ဟာ ပဋိပက္ခဖြစ်နေတဲ့ နယ်မြေပြဿနာတွေကို သံတမန်ရေးနည်းလမ်းနဲ့ ရေရှည်ဖြေရှင်းနိုင်ကြောင်း ပြသခဲ့တဲ့ နမူနာတစ်ခု ဖြစ်ပါတယ်။ဒါပေမယ့်မြန်မာနိုင်ငံအတွက်တော့ စိန်ခေါ်မှုက ပိုမိုရှုပ်ထွေးနေပြီး၊ နေပြည်တော်စစ်အစိုးရနဲ့ရရှိတဲ့သဘောတူညီချက်တစ်ခုတည်းနဲ့ ဒီနယ်စပ်မျဉ်းတစ်လျှောက်မှာ စာ

ချုပ်အတိုင်းလက်တွေ့ အကောင်အထည်ဖော်နိုင်ဖို့ဆိုတာ ဖြစ်နိုင်ခြေ အလွန်နည်းပါးတယ်လို့ သုံးသပ်ကြပါတယ်။

ဒီလိုအခြေအနေမျိုးမှာ အိန္ဒိယအနေနဲ့ မြန်မာပြည်သူများ၊ အာဆီယံနဲ့ နိုင်ငံတကာအသိုင်းအဝိုင်းက အသိအမှတ်မပြုထားတဲ့အပြင်ပြည်သူတွေအပေါ် နေ့စဉ်အကြမ်းဖက်သတ်ဖြတ်မှုတွေ ကျူးလွန်နေတဲ့စစ်အစိုးရနဲ့ နယ်နိမိတ်အလဲအလှယ်လို နိုင်ငံတစ်နိုင်ငံရဲ့ အနာဂတ်အတွက် အလွန်အရေးကြီးတဲ့ ကိစ္စရပ်မျိုးမှာ သဘောတူညီချက်ရယူဖို့ ကြိုးပမ်းတာဟာ သင့်လျော်တဲ့ လုပ်ရပ်တစ်ခု မဟုတ်သလို၊ ဒီလို စာရွက်ပေါ်က သတ်မှတ်ချက်မျိုးကလည်း ရခိုင်နဲ့ ချင်းပြည်သူများသာမက ဒေသခံ‌ တော်လှန်ရေး အဖွဲ့အစည်းတွေအတွက် လက်ခံနိုင်ဖွယ် မရှိနိုင်ဘူးလို့ ဆိုကြပါတယ်။

မြေပြင်အာဏာစိုးမိုးမှုမရှိတဲ့စစ်အစိုးရနဲ့ ချုပ်ဆိုထားတဲ့ စာချုပ်ဟာ လက်တွေ့အခြေအနေမှာ အဓိပ္ပာယ်မရှိနိုင်သလို၊ အိန္ဒိယရဲ့ရေရှည် လုံခြုံရေးနဲ့ အကျိုးစီးပွားတွေကိုလည်း အမှန်တကယ် အာမခံပေးနိုင်မှာ မဟုတ်ပါဘူး။

ဒီအတွက်လူသားချင်းစာနာမှုဆိုင်ရာအကူအညီတွေ၊အခြေခံအဆောက်အအုံနဲ့လုံခြုံရေးဆိုင်ရာကိစ္စတွေအတွက်မြေပြင်မှာတကယ်တမ်း ဩဇာရှိတဲ့ အဖွဲ့အစည်းတွေကို နိုင်ငံရေးအရ တရားဝင် အသိအမှတ်ပြုမှု မပေးနိုင်သေးတောင် လက်တွေ့ကျကျ ထိတွေ့ဆက်ဆံမှုများ ပြုလုပ်ရန် လိုအပ်ကြောင်း The Interpreter က ထောက်ပြထားပါတယ်။

ဒီကိစ္စအပေါ် မြန်မာဘက်ကသာမက အိန္ဒိယဘက်ကလည်းကန့်ကွက်မှုတွေရှိနေပါတယ်။ နယ်မြေအလဲအလှယ် သတင်းထွက်ပေါ်လာပြီးနောက် မဏိပူရ်ပြည်နယ်က ဒေသခံအဖွဲ့အစည်းတွေ ဖြစ်တဲ့ ကိုကိုမီ (COCOMI) နဲ့ ကူကီးအင်ပီချန်ဒဲလ် (Kuki Inpi Chandel)တို့ကပြင်းပြင်းထန်ထန်ကန့်ကွက်နေကြပါတယ်။ လူမျိုးရေးပဋိပက္ခတွေ ဆက်လက်ဖြစ်ပွားနေတဲ့ ဒေသဖြစ်တာကြောင့် နယ်နိမိတ်အနည်းငယ် ပြောင်းလဲရုံနဲ့တင် ကြီးမားတဲ့ နိုင်ငံရေးပြဿနာတွေ ပေါ်ပေါက်လာနိုင်ပါတယ်။

နယ်စပ်နေပြည်သူတွေဟာ နယ်နိမိတ်မျဉ်းကို ဖြတ်သန်းပြီး သမိုင်းကြောင်း၊ လူမျိုးရေးနဲ့ မိသားစုဆက်နွယ်မှုတွေကို အစဉ်အဆက် ထိန်းသိမ်းလာခဲ့ကြတာပါ။ ဒါကြောင့် ပထဝီဝင်အရ သေးငယ်တဲ့ ပြုပြင်ပြောင်းလဲမှုတစ်ခုကတောင် သူ့ရဲ့ အတိုင်းအတာထက် ပိုမိုကြီးမားတဲ့ နိုင်ငံရေး ရိုက်ခတ်မှု တွေကို ဖြစ်ပေါ်စေနိုင်ပါတယ်။

အိန္ဒိယရဲ့ “အရှေ့ဘက်သို့ ဦးတည်ဆောင်ရွကရေး (Act East) မူဝါဒ” အရ မြန်မာနိုင်ငံနဲ့ ဆက်ဆံရေးကို ဆက်လက်ထိန်းသိမ်းလိုတဲ့နယူးဒေလီအနေနဲ့ နယ်စပ်လုံခြုံရေးနဲ့ ရေရှည်အကျိုးစီးပွားတွေကို ကာကွယ်နိုင်ဖို့ စာရွက်ပေါ်က သဘောတူညီချက်တွေထက် မြေပြင်မှာ အမှန်တကယ် ဩဇာရှိနေသူတွေနဲ့ ဒေသခံပြည်သူတွေရဲ့ သဘောထားကို ထည့်သွင်းစဉ်းစားဖို့ လိုအပ်ပါတယ်။ အဲဒီလို မလုပ်ဘဲ စာရွက်ပေါ်မှာသာ တည်ရှိနိုင်မယ့် သဘောတူညီချက်တွေကိုဆက်လက်လုပ်ဆောင်နေမယ်ဆိုရင် နယ်စပ်လုံခြုံရေးကို ရရှိလာမှာမဟုတ်သလို မြန်မာပြည်သူတွေနဲ့ ဒေသတွင်း အဓိကအဖွဲ့အစည်းတွေရဲ့ ယုံကြည်မှုကိုလည်း ဆုံးရှုံးရနိုင်ပါတယ်။

ကိုးကား-The Interpreter

ဆက်စပ်သတင်းများ

နိုင်ငံတကာ

မြန်မာဖက်ခြမ်းက အွန်လိုင်း ငွေလိမ် (ကျားဖြန့်) ဂိုဏ်းတွေဆီ သွားရောက် ချိတ်ဆက်မယ့် တရုတ်နိုင်ငံသား ၇ ဦးကို ဖမ်းဆီးခဲ့ကြောင်း ထိုင်းရဲတပ်ဖွဲ့က ပြောပါတယ်။

အတွေးအမြင်

မြန်မာ့နိုင်ငံရေးနှင့် လူမှုစီးပွားဘဝတို့မှာ စစ်ဘက်စီးပွားရေးစနစ်ကြီးအောက်တွင် အောက်ခြေမှစ၍ ပြိုလဲပျက်စီးနေရပြီဖြစ်ပါသည်။

သတင်း

မြန်မာနိုင်ငံမှာရိုဟင်ဂျာတွေအပေါ် လူမျိုးသုဉ်းသတ်ဖြတ်မှုနဲ့ပတ်သက်လို့ အပြည်ပြည်ဆိုင်ရာတရားရုံး(ICJ)ဆီကဆုံးဖြတ်ချက်တစ်ခု အောက်တိုဘာလထဲမှာ ထွက်ပေါ်လာနိုင်တယ်လို့ ဆိုပါတယ်။

ဆောင်းပါး

အခုတလော မလေးရှားအစိုးရကထိန်းသိမ်းရေးစခန်းတွေမှာဖမ်းဆီးထားတဲ့ စာရွက်စာတမ်းမဲ့ မြန်မာနိုင်ငံသား ၁၀,၀၀၀ ကျော်အနက်၅,၀၀၀ ခန့်ကိုမြန်မာနိုင်ငံသို့ ပြန်လည်ပို့ဆောင်ဖို့ စီစဉ်နေတယ်ဆိုတဲ့သတင်းကြောင့်ဖမ်းဆီးခံထားရသူတွေနဲ့ အပြင်မှာ ကျန်ရှိနေတဲ့မိသားစုဝင်တွေရဲ့ရင်ကို ပူလောင်စေပြီး၊ လူ့အခွင့်အရေးအဖွဲ့အစည်းတွေအကြား စိုးရိမ်ပူပန်မှုတွေ မြင့်တက်လာ နေပါတယ်။